ပျူမျိုးနွယ်စုခေါ် တောင်သားလူမျိုးများအား တိုင်းရင်းသားလူမျိုးစု စာရင်းသွင်း၍ ကုတ်နံပါတ်ရရှိရေးအဆိုကို မကွေးတိုင်းကိုယ်စားလှယ် ထက်ဝက်ကျော် ကန့်ကွက်ခဲ့သောကြောင့် မှတ်တမ်းအဖြစ်သာ ထားရှိ

မကွေးတိုင်းဒေသကြီး ထီးလင်း၊ ဆော၊ ဂန့်ဂေါ၊ စေတုတ္တရာမြို့နယ်များအတွင်း နေထိုင်သည့် ပျူမျိုးနွယ်စုခေါ် တောင်သားလူမျိုးများအား တိုင်းရင်းသားလူမျိုးစု စာရင်းသွင်း၍ ကုတ်နံပါတ်ရရှိရေးအတွက် တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုလျက် တိုင်းအစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တင်ပြပေးရန်အဆိုကို တိုင်းလွှတ်တော်ရုံး၌ ဇန်နဝါရီ ၁၇ ရက်ကကျင်းပခဲ့သည့် ဒုတိယအကြိမ် သတ္တမနေ့အစည်းအဝေးတွင် ဆွေးနွေးခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ထက်ဝက်ကျော် ကန့်ကွက်ခဲ့သောကြောင့် လွှတ်တော်မှတ်တမ်းအဖြစ်သာထားရှိရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ယင်းအဆိုကို တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ် ဆဋ္ဌမအစည်းအဝေးနေ့က ဆောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က တင်ခဲ့ကြောင်း ယင်းအဆိုနှင့်ပတ်သက်၍ သတ္တမနေ့အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးက ဆွေးနွေးကြရာ သုံးဦးကကန့်ကွက်၍ သုံးဦးကထောက်ခံခဲ့ကြကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက မဲခွဲဆုံးဖြတ်ခဲ့ရာ အစည်းအဝေးတက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် ထက်ဝက်ကျော်က ကန့်ကွက်ခဲ့သောကြောင့် လွှတ်တော်မှတ်တမ်းအဖြစ်သာထားရှိရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ယင်းအဆိုကို ကန့်ကွက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များက တိမ်မြုပ်ပျောက်ကွယ်လုနီး တိုင်းရင်းသားများကိုဖော်ထုတ်ခြင်းကို ထောက်ခံခဲ့သော်လည်း တောင်သားမျိုးနွယ်တို့၏ သမိုင်းအချက်အလက်များကို ပြုစုစစ်ဆေးရန်အတွက် နက်နဲကျယ်ပြန့်ပြီး ပညာရှင်များပါဝင်ရမည့် အခြေအနေနှင့် ငွေကြေးသုံးစွဲရမည့် အခြေအနေများကို ထောက်ပြခဲ့ကြကြောင်း ထောက်ခံခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များက တောင်သူလူမျိုးတို့ တည်ရှိလာသည့် သမိုင်းနှင့်လက်ရှိ ထိန်းသိမ်းကျင့်ဆောင်နေဆဲဓလေ့များကို သမိုင်းစာအုပ်၊ ပါးစပ်ရာဇဝင် အကိုးအကားများဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တောင်သားမျိုးနွယ်စုနေအိမ်တွင် မိသားစုဝင်အဖြစ် နေထိုင်သည့် ထီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးဌေးဝင်းက “လူမျိုးစုငယ်ပဲဖြစ်ဖြစ် လူမျိုးစုကြီးပဲဖြစ်ဖြစ် ကိုယ့်လူမျိုးရဲ့စကားပျောက်သွားခြင်းဟာ အဲဒီလူမျိုးရဲ့ ပျောက်ဆုံးခြင်း အဓိကအကြောင်းရင်းဖြစ်ပါတယ်။ တောင်သားလူမျိုးများဟာ တောင်သားစကား လုံးဝမပြောတတ်သူများ တဖြည်းဖြည်းများပြားလာတာကို တွေ့ရပါတယ်။ အဆိုရှင်ကိုယ်တိုင် တောင်သားဖြစ်ပြီး သားသမီးများ တောင်သားစကား ပြောတတ်ဖို့ လိုပါတယ်။ အဆိုရှင်ရဲ့အဆိုဟာ လက်ခံရန်လွှတ်တော်၏ အတည်ပြုပေးရုံနှင့်မရဘဲ လူမျိုးတစ်မျိုး၏အကြောင်းကို ထောင့်စုံမှလေ့လာရန် လိုအပ်နေပါသေးတယ်” ဟု ကန့်ကွက်ဆွေးနွေးခဲ့သည်။