မြိတ်ကျွန်းစုအတွင်းရှိ ရေလုပ်သားများ၏ စားဝတ်နေရေး၊ ရေသယံဇာတ ထိန်းသိမ်းနိုင်ရေးမှာ ငါးလေလံစျေးက ထွက်ပေါက်တစ်ခုလိုဖြစ်နေပြီး ပြည်ထောင်စုဝန်ကြီး၏ တိုင်းပြည်အပေါ်ထားသည့် စေတနာအပေါ်သာမူတည်ဟု ဆို

မြိတ်ကျွန်းစုအတွင်းရှိ တံငါသည်များ၏ စားဝတ်နေရေး၊ ရေသယံဇာတ ထိန်းသိမ်းနိုင်ရေးမှာ ငါးလေလံစျေးက ထွက်ပေါက်တစ်ခုလိုဖြစ်နေပြီး ပြည်ထောင်စုဝန်ကြီး၏ တိုင်းပြည်အပေါ်ထားသည့် စေတနာအပေါ်တွင်သာ မူတည်တော့ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။

မြိတ်မြို့တွင် လွန်ခဲ့သည့် ၁၈ နှစ်ကျော်ကတည်းကရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ အစိုးရနှင့် တိုင်းရင်းသားလုပ်ငန်းရှင်တို့ ပူးတွဲလုပ်ဆောင်ထားသော မြန်မာအပြည်ပြည်ဆိုင်ရာ အဆင့်မီငါးစျေးကြီးမှာ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုပြီး လုပ်ငန်းဖြစ်သည့်အပြင် လုပ်ငန်းလည်ပတ်မှုအတွက် ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကြောင်း၊ ဒေါ်လာ သန်း ၇၀ ရင်းနှီးမြှုပ်နှံခွင့်ရထားသည့် အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးမှာ လက်ရှိ အစိုးရလက်ထက်တွင် ဒေါ်လာ သန်း ၂၀ ထပ်မံ ရင်းနှီးမြှုပ်နှံရန်အတွက် နိုင်ငံခြားမှ ငွေလွှဲယူခွင့် တောင်းခံထားရာအချိန် နှစ်နှစ်ကြာသည်အထိ ကြန့်ကြာမှုဖြစ်နေကြောင်း သိရသည်။

“ကျွန်တော့်အနေနဲ့လည်း မြိတ်ခရိုင်အတွင်းမှာ ငါးစျေးကွက်တစ်ခု အမြန်ဆုံး ပေါ်ပေါက်စေချင်တယ်။ ဘာကြောင့် ကြန့်ကြာနေသလဲဆိုတာကို ကျွန်တော်အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၉ ရက်နေ့မြောက်မှာ မေးခွန်းမေးခဲ့ပါတယ်။ ဘာကြောင့် ဒါကအရေးကြီးသလဲဆိုရင် တချို့ပင်လယ်ပိုင်းမှာ ဒေသခံတွေက ရေသယံဇာတရှားပါးမှုဒဏ်ကို ကြီးကြီးကျယ်ကျယ်ခံရပြီး မိမိရဲ့နေရပ်မှာကို မရပ်တည်နိုင်တဲ့ အနေအထားမျိုး ရှိနေတယ်။ ဒီလိုအခြေအနေမှာ ပင်လယ်ပြင်က ငါးဖမ်းဆီးတဲ့လှေနည်းနည်းနဲ့ စျေးကောင်းရနိုင်မယ့် အခြေအနေက ဒီငါးလေလံစျေးတစ်ခုပဲရှိတယ်။ ငါးလေလံစျေးတစ်ခုဖြစ်အောင် နိုင်ငံခြားကနေပြီးတော့ MFIJV ကနေ ထပ်တိုးရင်းနှီးမြှုပ်နှံမှုအတွက် ဘာကြောင့်ကြန့်ကြာနေသလဲဆိုတာကို မေးခွန်းထုတ်ခဲ့တာပေါ့။ အဲဒီမှာ ဒုဝန်ကြီးဖြေတာကတော့ ခုံသမာဓိရဲ့ အမှုပြီးပြတ်ခြင်း မရှိသေးတာကြောင့် ခွင့်ပြုလို့မရသေးတဲ့ အခြေအနေ ဖြစ်သွားတယ်။ ကျွန်တော်တို့က ထပ်ဆင့်မေးခွန်းမေးခဲ့တယ်။ တကယ်လို့ သန်း ၂၀ ထပ်ပြီး ရင်းနှီးမြှုပ်နှံခွင့်ရအောင် ဘယ်အချိန်အထိ စောင့်ရမလဲဆိုတာ မေးခဲ့တယ်။ ခုံသမာဓိက လောလောဆယ်မှာ ပြန်လည်မဖွဲ့ရသေးတဲ့အတွက် အချိန်ကာလကို မပြောနိုင်သေးကြောင်း ပြန်ဖြေခဲ့တယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ အဆင့်မီငါးစျေးတွင် ငါးတင်ငါးချ လုပ်နိုင်ပါက မြန်မာ့ပင်လယ်ပြင်အတွင်း တစ်နှစ်ရေထွက်ကုန် ဘယ်လောက်ထွက်သည်၊ မည်သည့်ငါးအမျိုးအစားက မျိုးသုဉ်းသွားသလား၊ များပြားလာသလား ဆိုသည်ကို မှတ်တမ်းတင်ထားပြီးဖြစ်ကာ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်များ မှန်ကန်စွာ ရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

“MFIJV ကတိကဝတ်ထဲမှာလည်း ပါပြီးသားပါ။ ဒီကိစ္စကို ဝန်ကြီးဌာနက အတတ်နိုင်ဆုံး ကူညီပေးရမယ်ဆိုပြီးပါတယ်။ ဒါပေမဲ့ လက်ရှိဝန်ကြီးဌာနက ကူညီပေးတဲ့အခါမှာ အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေး ပေါ်ပေါက်ဖို့ ဒေသခံတွေရဲ့ အခက်အခဲ၊ ရေလုပ်သားတွေရဲ့ အခက်အခဲ၊ လူနေမှုဘဝ မြှင့်တင်ဖို့ ငါးစျေးကွက်တစ်ခု လိုအပ်တယ်။ ဒါကြောင့် သန်း ၂၀ ထပ်မံရင်းနှီးမြှုပ်နှံဖို့ ဝန်ကြီးဌာနအနေနဲ့ သဘောတူညီချက်အတိုင်း မဟုတ်ဘဲ အားနည်းနေတာ တွေ့ရတယ်။ ဒါကြောင့်မို့လည်း ကျွန်တော်တို့က လွှတ်တော်ကနေ တစ်ဆင့်ပြောနေရတာပါ။ အသက်မွေးဝမ်းကျောင်းပြုနိုင်မှု၊ ဆင်းရဲမွဲတေမှုလျှော့ချမှု ဒါတွေကိုလုပ်ဆောင်မယ်ပေါ့။ သူတို့ရဲ့စီးပွားရေး အဆင်ပြေမှုက ငါးလေလံစျေးတစ်ခုက ထွက်ပေါက်တစ်ခုလို ဖြစ်နေတယ်။ ဒါကြောင့် ဝန်ကြီးဌာနအနေနှင့် ငါးလေလံစျေးကို အမြန်ဆုံး ခွင့်ပြုပေးစေချင်တယ်။ ရင်းနှီးမြှုပ်နှံသူကလည်း အဆင်သင့်ရှိတယ်။ ဒီမှာဥပဒေနဲ့လည်း ညီညွတ်တဲ့ ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်တယ်။ တံတားလည်း အဆင်သင့်ရှိတယ်။ အားလုံးက အဆင်သင့်ပဲ။ ပြောရမယ်ဆိုရင်ဗျာ ငါးလေလံစျေးက ပြည်သူတွေအတွက် ခူးပြီးသား ထမင်းလိုပါပဲ။ ဝန်ကြီးကစားပါလို့ဆိုပြီး ခွင့်ပြုလိုက်ရုံပါပဲ။ ဒီအခြေအနေကို ဝန်ကြီးက ခွင့်မပြုဘူးဆိုရင် ဒါကဝန်ကြီးရဲ့ စေတနာပဲ။ ပြည်ထောင်စုဝန်ကြီးရဲ့ စေတနာပါပဲ” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောကြားသည်။

ခွင့်ပြုထားပြီးသား ရင်းနှီးမြှုပ်နှံမှုငွေထဲမှ ဒေါ်လာသန်း ၂၀ ထပ်မံရင်းနှီးမြှုပ်နှံရန်အတွက် ငွေလွှဲခွင့် တောင်းခံထားခြင်းသာဖြစ်ပြီး စောင့်ဆိုင်းနေရသည်မှာအချိန် နှစ်နှစ်ကြာလာခဲ့ပြီဖြစ်ကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေသည်ဟု ပြောနေသော်လည်း တကယ်တမ်းတွင်ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုများကိုပင် ဆောင်ရွက်ပေးနိုင်သည့်အပိုင်းများကို ဆောင်ရွက်ပေးမှု လွန်စွာအားနည်းနေကြောင်း ရေသယံဇာတများ၊ တိုင်းပြည်အခွန်အခများမှာ နှစ်ပေါင်း ၂၀ နီးပါးခန့် ဆုံးရှုံးနေခဲ့ပြီး တိုင်းပြည်အတွက် သေချာစဉ်းစား လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အဆင့်မီငါးစျေးမှ MD ဒေါ်ဌေးဌေးဝင်းက ပြောကြားသည်။

မြိတ်ကျွန်းစုအတွင်းမှ ထွက်ရှိသောငါးများမှာ တရားဝင်ရော၊ တရားမဝင်သည့် နည်းလမ်းများနှင့်ပါ ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီး ထိုင်းနိုင်ငံတွင် ကြီးမားသည့် ငါးစျေးကွက်ကြီးတစ်ခု ဖြစ်ပေါ်နေကြောင်း၊ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများပါ ထိုင်းနိုင်ငံရှိ ငါးစျေးကွက်များတွင် သိန်းနှင့်ချီပြီး သွားရောက် လုပ်ကိုင်နေရသည့်အတွက် အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးကြီးကို ထပ်မံ ရင်းနှီးမြှုပ်နှံခွင့် အချိန်ဆွဲထားခြင်းမှာ တိုင်းပြည်၏ သယံဇာတများနှင့် အခွန်အခများကိုများစွာ ဆုံးရှုံးအောင်လုပ်နေသည်နှင့် တူနေကြောင်း ဒေသခံများက ပြောကြားသည်။