ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်တွင် ကျောင်းသားတစ်ဦး သေဆုံးမှုအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးနှံခြင်းကြောင့် ဟုတ်၊ မဟုတ် စိစစ်နေ

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်အတွင်း ကျောင်းသားတစ်ဦး သေဆုံးခဲ့မှုအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးနှံခြင်းကြောင့် ဟုတ်၊ မဟုတ် စိစစ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

သာပေါင်းမြို့နယ် ရှောပြာကုန်းကျေးရွာအုပ်စု ကညင်ကျောင်းကျေးရွာရှိ သုဗိန္န အ.မ.က တွင် ပထမတန်းကျောင်းသား မောင်ကျော်ဇင်ထက်မှာ နိုဝင်ဘာ ၁၆ ရက်တွင် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးနှံခဲ့ပြီးနောက် ၁၇ ရက်တွင် ဖျားခဲ့ပြီး ၁၉ ရက်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ JE နဲ့ ပတ်သက်လား မပတ်သက်လားကို အန်တီတို့က စိစစ်နေတုန်းပဲ။ ဒီလိုမျိုးပြောသံတော့ ကြားတယ်။ အန်တီက လောလောဆယ် ရန်ကုန်မှာဖြစ်နေတော့ တိုင်းကျန်းမာရေးကိုတော့ အန်တီ စစ်ခိုင်းထားတယ်။ ဖြစ်တဲ့ အကြောင်းရင်းက ဘာလဲဆိုတာ စိစစ်ခိုင်းထားပါတယ်။ အန်တီတို့ သိရင်တော့ ပြောပြမှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။

သာပေါင်းမြို့နယ်အတွင်းတွင် အဆိုပါ ကလေးငယ်တစ်ဦး သေဆုံးပြီးနောက် စက်သွားကျေးရွာတွင်လည်း တတိယတန်းကျောင်းသူ တစ်ဦးဖြစ်သော မဖူးဖူးမှာ အလားတူ နေမကောင်းဖြစ်ခဲ့သောကြောင့် နီးစပ်ရာ ကျန်းမာရေး တိုက်နယ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသလျက်ရှိပြီး လက်ရှိတွင် စိုးရိမ်စရာ မရှိတော့ကြောင်း မိသားစုဝင်များထံက သိရသည်။

သာပေါင်းမြို့နယ် စက်ထောင့်ကြီး တိုက်နယ်တွင် ကျောင်းပေါင်း ၁၉ ကျောင်းခန့် ရှိပြီး မူလတန်းကျောင်း ၁၃ ကျောင်း၊ အလယ်တန်းကျောင်း လေးကျောင်းနှင့် အထက်တန်းကျောင်း နှစ်ကျောင်း ရှိသည်။

အဆိုပါ ကျောင်းများတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးအား နိုဝင်ဘာ ၁၅ ရက်က စတင်ထိုးနှံခဲ့ပြီး ကျောင်းအခြေပြု ဆေးထိုးခြင်းများ ပြီးဆုံးပြီးဖြစ်ကြောင်း သတင်းရရှိသည်။