ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အမျိုးသမီးများ၏ ပါဝင်မှု တိုးတက်လာသော်လည်း လိုအပ်သည့် အနေအထား မရောက်သေးကြောင်း ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေး မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ပြောကြား

အောက်တိုဘာ ၂၈ ရက်က ပြုလုပ်သော ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေး မဟာမိတ်အဖွဲ့၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို တွေ့ရစဉ်

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အမျိုးသမီးများ၏ ပါဝင်မှု တိုးတက်လာသော်လည်း လိုအပ်သည့် အနေအထားသို့ မရောက်သေးသဖြင့် ဆက်လက်ကြိုးပမ်းရမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP) ဥက္ကဋ္ဌ မိကွန်ချမ်းနွန်က ပြောကြားသည်။

“အခုလက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီး ပါဝင်မှုက လုံးဝအားရဖို့ မရှိသေးပါဘူး။ တိုးတက်လာတာတော့ တွေ့ရှိရပါတယ်။ လေးရာခိုင်နှုန်း၊ ခုနစ်ရာခိုင်နှုန်း၊ ၁၄ ရာခိုင်နှုန်းအထိ တိုးတက်လာတယ်ဆိုတော့ ကျွန်မတို့ မျှော်မှန်းတာက ရာခိုင်နှုန်း ၃၀ ပေါ့။ ရာခိုင်နှုန်း ၃၀ ဆိုတာလည်း ကျွန်မတို့ရဲ့ အန္တိမ ပန်းတိုင်တော့ မဟုတ်ပါဘူး။ ကျွန်မတို့က Gender Equality ဆိုတော့ ၅၀-၅၀ ပေါ့နော်။ အဲဒီကို ရောက်ဖို့ကတော့ အများကြီးလျှောက်လှမ်းဖို့ လိုနေပါသေးတယ်” ဟု ကျား၊ မ တန်းတူရေး မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ မိကွန်ချမ်းက ပြောကြားသည်။

နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် အောက်တိုဘာ ၂၈ ရက်က ပြုလုပ်သော ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေး မဟာမိတ်အဖွဲ့၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အမျိုးသမီး ပါဝင်မှုသည် အရေးကြီးကြောင်း၊ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ဖြစ်သည့် အမျိုးသမီးများ၏ အမြင်၊ သဘောထား၊ လိုလားချက်များကို ထည့်သွင်းစဉ်းစားခြင်း မပြုပါက မပြည့်စုံနိုင်ကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဓိက ပါဝင်သည့် တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် စသည့်လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ခြင်းကြောင့်လည်း အမျိုးသမီးများ ပါဝင်မှုမှာ လျော့နည်းခဲ့ကြောင်း၊ အမျိုးသမီးများကို ပါတီ၊ လက်နက်ကိုင် အဖွဲ့များတွင် ပါဝင်စေပါကလည်း မိမိ အဖွဲ့အစည်း၏ လိုလားချက် အမြင်များကိုသာ ရနိုင်မည်ဖြစ်ပြီး အမျိုးသမီးထု၏ လိုလားချက်များကို မရနိုင်ကြောင်း၊ သီးသန့် အစုအဖွဲ့ အနေဖြင့်လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ရန် စဉ်းစားသင့်ကြောင်း အဆိုပါ အစည်းအဝေးသို့ ဧည့်သည်အဖြစ် တက်ရောက်ဆွေးနွေးခဲ့သည့် UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုသည်။

“ဒီနေ့ ဆွေးနွေးပွဲမှာ ကျွန်တော် တစ်ဦးတည်း အမြင်ကို တင်ပြတာက အမျိုးသမီး အစုအဖွဲ့ ဖိုရမ်ပုံစံမျိုး လုပ်ပြီးတော့ အမျိုးသမီး အစုအဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုချင်းမှာ ပါဝင်ဖို့ ကြိုးစားရင် ကောင်းမလား၊ အခု နိုင်ငံရေး ဆွေးနွေးပွဲအတွက် ပြင်ဆင်နေတဲ့ ကာလဆိုတော့ အဲဒီမှာ အမျိုးသမီးတွေကို အစုအဖွဲ့ အနေနဲ့ ပါဝင်ဖို့ထည့်သွင်းရင် ကောင်းမလား၊ အဲဒီလိုဆိုရင် ဖြစ်စဉ်မှာလည်း ပါဝင်လို့ရမယ်။ ပြီးတော့ ဒီမိုကရေစီဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းမှာလည်း အမျိုးသမီးတွေရဲ့အမြင်၊ အမျိုးသမီးတွေရဲ့ အသံတွေ ပိုပြီး ပြည့်ပြည့်စုံစုံပါရင် ပိုမကောင်းဘူးလားဆိုတဲ့ အမြင်နဲ့ တင်ပြဆွေးနွေးခဲ့ပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုသည်။

AGIPP ဥက္ကဋ္ဌ မိကွန်ချမ်းကလည်း “ဆရာပြောတာက သူတို့ အသေးစိတ် မစဉ်းစားထားတဲ့အတွက် အခုအချိန်မှာ ဘယ်လို လုပ်ရမလဲ မသိသေးဘူးလို့ ပြောသွားတယ်။ သူတောင်းဆိုထားတဲ့ အထဲမှာ Platform တစ်ခု တည်ဆောက်ဖို့ လိုတယ်လို့ ပြောတာရှိတယ်။ အဲဒီ Platform ကို ဘယ်လို တည်ဆောက်ကြမလဲဆိုတာ ဆက်လက်စဉ်းစားဖို့ လိုပါတယ်။ နောက်ဖြည့်စွက် ဆွေးနွေးချင်တာက Gender Main Streaming ဆိုတာကတော့ နေရာတိုင်းမှာ စဉ်းစားလုပ်ဆောင်သွားရမှာဆိုတော့ သီးသန့်မဟုတ်ဘဲနဲ့ လုပ်ဆောင်တဲ့ ကိစ္စရပ်တွေ အကုန်လုံးမှာ ထည့်သွင်းစဉ်းစားမယ်ဆိုရင်၊ ကျွန်မတို့ ဒီဘက်က သီးသန့်လုပ်ဆောင်ထားတဲ့ ကိစ္စတွေကိုလည်း ပံ့ပိုးပြီး တတပ်တအား လုပ်ဆောင်သွားခြင်းဖြင့် အမျိုးသမီးပါဝင်မှုက ပိုမိုပြီး ထိရောက်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်း၏အမြင်ကို ပြောကြားသည်။