ထိုင်းနိုင်ငံ မဲဆောက်မြို့အနီး မယ့်ကုလွယ်ရပ်ကွက်တွင် နေထိုင်အလုပ်လုပ်ကိုင်နေသူ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၈ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမဲဆောက်မြို့ မြောက်ဘက် ၉ ကီလိုမီတာအကွာရှိ မယ့်ကုလွယ် ရပ်ကွက်အလုပ်ရုံးများ၌  အလုပ်လုပ်ကိုင်နေသော အထောက်အထားမပြည့်စုံသည့်  မြန်မာလုပ်သား အမျိုးသား ၄၀၊ အမျိုးသမီး ၂၈ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

မဲဆောက်မြို့ မယ်ကုလွယ်ရပ်ကွက်အတွင်းသို့  ထိုင်း လဝက၊ အမှတ် ၁၄ အထူးတပ်ဖွဲ့၊  အမှတ် ၃၄၆ နယ်ခြားစောင့်စစ်တပ်အပြင် ရဲနှင့်အလုပ်အကိုင် နေရာချထားရေးအဖွဲ့ဝင်များ အပါအဝင်  အင်အား ၁၀၀ ခန့်က သန့်ရှင်းရေးနှင့် ကာကွယ်ရေးစစ်ဆေးမှုကိုအကြောင်းပြပြီး အောက်တိုဘာ ၃ ရက် နံနက် က ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အဆိုပါရပ်ကွက်အတွင်းသို့ ဝင်ရောက်စစ်ဆေးဖမ်းဆီးစဉ် တချို့သောအလုပ်သမားများမှာထွက်ပြေးခဲ့လွတ်မြောက်ခဲ့သူရှိသလို၊ ပြေးချိန်မရ၍  အဖမ်းခံရသူ  မြန်မာရွှေ့ပြောင်းလုပ်သား  ၁၃၃ ဦး၊ ကျား  ၈၇ ဦး၊ မ ၃၀၊ က လေး ၁၆ ဦး ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရ သည်။

ယင်းသို့ဖမ်းဆီး စစ်ဆေးရာ အထောက်အထားရှိသူနှင့် ကလေးငယ်များအား စိစစ်လွှတ်ပေးခဲ့ပြီး အထောက်အထားမရှိသူ ၆၈ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း မဲဆောက်မြို့ ၌ နေထိုင်ပြီးအလုပ်သမားအရေး ဆောင်ရွက်နေသူ မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌဦးမိုးကြိုးက ပြောကြားသည်။

“ဖမ်းဆီးလိုက်တဲ့ မြန်မာနိုင်ငံသား တွေမှာ ၅၈ ဦးဟာခြောက်ရက် နေထိုုင်ခွင့်လက်မှတ်နဲ့ ဝင်လာပြီး သက်တမ်းကုန်ဆုံးသွားသူတွေလို့ဆိုပါတယ်။ ယခုဖမ်းဆီးလိုက်တဲ့ မြန်မာနိုင်ငံသားတွေကို အလုပ်သမားဥပဒေသစ်အရ အရေးယူသွားမှာဖြစ်တယ်” ဟု  သန့်ရှင်း ကာကွယ်စစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့ လူဝင် မှုကြီးကြပ်ရေးဦးစီးမှူး Manatipatip က ပြောကြားသည်။

မဲဆောက်မြို့ အပါအဝင် တာ့ခ်ခရိုင် ကိုးမြို့နယ်အတွင်း တရားဝင်အလုပ်ရုံ စက်ရုံ ၂၀၀ ကျော်၊ တရားမဝင် အိမ်အလုပ်ရုံ ၁၀၀၀ ကျော်တို့တွင် မြန်မာနိုင်ငံသားနှစ်သိန်းခန့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အထောက်အထား မဲ့ဲ  မြန်မာနိုင်ငံသား အများအပြားရှိကြောင်းသိရသည်။

သို့ဖြစ်၍ ရပ်ကွက်များတွင်မှုခင်းများ ပြားလာနေခြင်း၊ လူကုုန်ကူးမှုနှင့် တရားမဝင် နေထိုင်သူများပြားနေခြင်းကြောင့် စစ်ဆင်ရေးအသွင်ဖြင့် ဆက်တိုုက်ရှင်းလင်းသွားမှာ ဖြစ်ကြောင်းလည်း သိရသည်။