ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်တွင် ကျပ်သိန်းပေါင်းနှစ်သောင်းနီးပါး ငွေကြေးအရှုပ်အရှင်း ဖြစ်ပေါ်ပြီးနောက် ရန်ကုန်မြို့သို့ ဆန်အဝင် လျော့ကျကာ အရောင်းအဝယ်အေးနေဟုဆို

ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်တွင် ကျပ်သိန်းနှစ်သောင်းနီးပါး ငွေကြေးအရှုပ်အရှင်း ဖြစ်ပေါ်ပြီးနောက် ရန်ကုန်မြို့သို့ ဆန်အဝင် လျော့ကျကာ အရောင်းအဝယ်အေးနေကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

“အရောင်းအဝယ်ကတော့ ဈေးနည်းနည်း အေးသွားတာပေါ့လေ။ ဆန်ဈေးကွက်ကတော့ အရောင်းအဝယ်အေးတဲ့အပြင် ငွေရေးကြေးရေးမှာ ကုန်သည်တွေက ဆုံးရှုံးမှုများတော့ အောက်ကလည်း တက်မလာရဲတော့ဘူး။ ဈေးလည်းအေးတယ်၊ အရောင်းအဝယ်လည်းအေးတယ်” ဟု ဝါးတန်းဆန်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြားသည်။

“ဈေးကျတယ်ဆိုတာက တစ်အိတ်ကို ၅၀၀ လောက် ကျသွားတယ်။ အရင်က ၂၁၅၀၀ တစ်ပတ်လည်ကို အခုတော့ ကျပ်၂၁၀၀၀၊ ကျပ်၂၀၅၀၀ အဲဒီလောက်ပဲ ရှိတော့တယ်။ ဒါပေမဲ့ ဒီရက်ထဲမှာ ပိတ်ရက်တွေများနေတော့ ဈေးကမငြိမ်သေးဘူးပေါ့လေ။ လာမယ့်တနင်္လာနေ့မှ ဈေးလည်းငြိမ်မယ်။ ဈေးမှန်လည်း ထွက်လာမယ်။ အရောင်းအဝယ်ကတော့ တော်တော်အေးသွားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ တစ်ဆင့်ဆန်များဝယ်ယူပြီး ငွေမရှင်းပေးနိုင်၍ ရှောင်တိမ်းသွားသည့် ပြည်ပပို့ဆန်ကုန်သည်ထံမှ ကုန်သည် ၂၅ ဦးက ဆန်ဖိုး ကျပ်သိန်း ၁၄၀၀၀ ကျော် ရရန်ရှိသည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တင်ပြထားသည်။

“အောက်သမားတွေက မလာရဲတော့ ကုန်လည်း သိပ်မတက်တော့ဘူး။ လာတဲ့ဟာတွေကျတော့ ဈေးချဝယ်တာ။ အရင်တုန်းက တစ်နေ့ကို ဝါးတန်းဆန်ကုန်စည်ဒိုင်နဲ့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် ဒိုင်နှစ်ဒိုင်ပေါင်းကို ဆန်အိတ်ရေ လေးသောင်းနဲ့ ငါးသောင်းကြား ကုန်အဝင်ရှိခဲ့တာ။ များတဲ့နေ့ဆို ငါးသောင်းလောက်ဝင်တယ်။ နည်းတဲ့နေ့ဆို အိတ်ရေလေးသောင်းလောက် ကုန်အဝင်ရှိတယ်” ဟု ဆန်ကုန်သည်တစ်ဦးက ဆိုသည်။

ယခုနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှု အားကောင်းလာပြီး ပြည်တွင်းဈေးကွက်အတွင်းရှိ ပြည်ပပို့ဆန်ကြမ်း ဈေးနှုန်းများလည်း မြင့်တက်ခဲ့သည်။၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် ဧည့်မထဆန် (၂၅ ရာခိုင်နှုန်း) တစ်အိတ်လျှင် ကျပ် ၁၈၀၀၀ ဝန်းကျင်ရှိနေရာမှ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ကျပ် ၂၂၀၀၀ ဝန်းကျင်အထိ ရှိလာပြီး ငါးလခန့်အတွင်း ကျပ် ၄၀၀၀ ခန့် မြင့်တက်ခဲ့သည်။