အထက်ချင်းတွင်းဒေသတွင် ဆောင်းခိုငှက်များဝင်ရောက်မှု တဖြည်းဖြည်းလျော့နည်းလာ

အထက်ချင်းတွင်းဒေသသို့ ဝင်ရောက်လာသော ဆောင်းခိုငှက်များကို တွေ့ရစဉ် (ဓာတ်ပုံ - WCS)

အထက်ချင်းတွင်းဒေသတွင် ဆောင်းခိုငှက်များဝင်ရောက်မှု တဖြည်းဖြည်းလျော့နည်းလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အထက်ချင်းတွင်းဒေသများဖြစ်သော ဟုမ္မလင်းနှင့် ခန္တီးမြို့နယ်များရှိ မြစ်ချောင်းများ၊ အင်းများတွင် နိုဝင်ဘာလဆန်းမှစတင်၍ ဆောင်းခိုငှက်များ နှစ်စဉ်ဝင်ရောက်လေ့ရှိသော်လည်း ယခုနှစ်တွင် ဝင်ရောက်မှုနည်းပါးနေပြီး ဆောင်းခိုငှက်အကောင်ရေ ကျဆင်းလာသည်မှာ နှစ်အနည်းငယ်ရှိလာပြီဖြစ်ကြောင်း သိရသည်။

“နှစ်တိုင်းကတော့ နိုဝင်ဘာလဆန်းလောက်ဆိုရင် ဆောင်းခိုငှက်တွေ သိသိသာသာဝင်လာပြီ။ ဒီနှစ်တော့ နည်းနည်းပဲတွေ့ရသေးတယ်။ အများစုကတော့ ဒီဘက်မှာ တောဘဲလို့ခေါ်တဲ့ ဟင်္သာတွေပေါ့။ ဟိုးအရင်ကတော့ တော်တော်များတယ်။ သူတို့ရောက်လာပြီဆိုရင် မြစ်တွေ၊ ချောင်းတွေ၊ အင်းတွေထဲမှာ အကောင်ရေကို ထောင်ချီပြီးတွေ့ရတယ်။ အရင်က သူတို့အုပ်စုလိုက်ဆင်းလာပြီဆိုရင် မြစ်ပြင်တွေ၊ လယ်ကွင်းတွေမှာအပြည့်ပဲ။ အခုနောက်ပိုင်းမှာ အရင်ကလောက်မများတော့ဘူး။ တဖြည်းဖြည်းနည်းလာတယ်။ ဒီဘက်မှာတော့ သူတို့ကိုသီးသန့်ဖမ်းတာ၊ စီးပွားဖြစ်ဖမ်းပြီး ရောင်းတာမျိုးတော့မရှိဘူး။ လယ်ကွင်းတွေထဲမှာပဲ ခြောက်လှန့်တဲ့အနေနဲ့ တချို့လယ်သမားတွေက ကိုင်းတွေ၊ ညွတ်ကွင်းတွေ ထောင်တာလောက်ပဲရှိတာ။ ဘာကြောင့်နည်းလာသလဲဆိုတာ မပြောတတ်ဘူး” ဟု ခန္တီးဒေသခံတစ်ဦးက ပြောကြားသည်။

ဟုမ္မလင်းမြို့နယ်များရှိ အင်းများတွင်လည်း ဆောင်းခိုငှက်များ ဝင်ရောက်မှု လျော့နည်းလာကြောင်း သိရသည်။

“ဆောင်းဝင်ပြီဆိုရင် သိသာတယ်။ အဲဒီငှက်တွေဝင်လာပြီ။ နာမည်တော့ သေချာမပြောတတ်ဘူး။ ဒေသအခေါ်တော့ရှိတာပေါ့။ ဒါပေမဲ့ အခုနောက်ပိုင်း တဖြည်းဖြည်းနည်းသွားတယ်။ ပြီးခဲ့တဲ့တစ်နှစ်ကဆိုရင် မတွေ့လိုက်ရသလောက်ပဲ။ အရင်ကတော့ တောင်ယာတွေမှာ ထမင်းလုံးကို ပိုးသတ်ဆေးလူးပြီး ငှက်တွေကိုချကျွေးပြီးဖမ်းတာမျိုး ကြားဖူးတယ်။ ဆောင်းခိုငှက်တွေကိုတော့ အဲဒီလိုလုပ်ပြီးဖမ်းတာမကြားမိပေမယ့် အခုနောက်ပိုင်း ငါးတွေကို ဆေးချပြီးဖမ်းတာတွေရှိနေတော့ အဲဒါတွေကြောင့် နည်းသွားတာလားတော့မသိဘူး” ဟု ဟုမ္မလင်းမြို့နယ် မြောက်ကုန်းအင်းမှ ရေလုပ်သားတစ်ဦးက ပြောကြားသည်။

ဟုမ္မလင်းမြို့နယ်တွင် နှစ်စဉ်ဝင်ရောက်သော ဆောင်းခိုငှက်များရှိသော်လည်း စာရင်းတိကျစွာ ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း ဟုမ္မလင်းမြို့နယ်ရှိ ထမံသီဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးမှူး ဦးသန်းလင်းက ပြောကြားသည်။

“ဒီဘက်ကိုဝင်လာတဲ့ ဆောင်းခိုငှက်တွေရှိပါတယ်။ သီးသန့်တော့ စာရင်းမကောက်နိုင်သေးဘူး။ စာရင်းကောက်မယ်ဆိုရင် စီမံချက်နဲ့ စနစ်တကျကောက်ရမှာဆိုတော့ လောလောဆယ်တော့ မကောက်နိုင်သေးဘူး။ ဒီဘက်မှာက ရေဝပ်ဧရိယာတွေနည်းပြီး နေရာကလည်းပြန့်နေတော့ တချို့နေရာတွေက ကောက်ဖို့မလွယ်သေးဘူး။ တချို့အင်းတွေကျတော့လည်း လယ်လုပ်တဲ့တောင်သူတွေရှိနေပြီး သီးသန့်ထိန်းသိမ်းထားတဲ့ ဧရိယာမဟုတ်တော့ခက်တယ်။ မိုးယွန်းကြီးအင်းတို့လို တခြားနေရာမှာတော့ ဆောင်းခိုငှက် စာရင်းကောက်ရတာ အဆင်ပြေတယ်” ဟု ဦးသန်းလင်းက ပြောကြားသည်။