ဒီမိုကရေစီအသွင် ကူးပြောင်းရေးလမ်းကြောင်းမှ သွေဖည်သွားနိုင်ပြီး တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးကို ပျက်ပြားစေနိုင်သည့် အကြမ်းဖက်မှုအန္တရာယ်များကို စုပေါင်းတားဆီးဖယ်ရှားပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

ဒီမိုကရေစီအသွင် ကူးပြောင်းရေးလမ်းကြောင်းမှ သွေဖည်သွားနိုင်ပြီး တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးကို ပျက်ပြားစေနိုင်သည့် အကြမ်းဖက်မှုအန္တရာယ်များကို သတိတရားလက်ကိုင်ထား၍ စည်းလုံးညီညွတ်စွာ စုပေါင်းတားဆီးဖယ်ရှားပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

နေပြည်တော်တွင် သြဂုတ် ၃၁ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးပြီးစီးသည့်နေ့တွင် ဥက္ကဋ္ဌ ဦးဝင်းမြင့်က နှုတ်ခွန်းဆက်စကားပြောရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သော ဥပဒေပြုရေးကိစ္စများ ဆောင်ရွက်ရာတွင် မိမိတို့ အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဥပဒေများသည် ပြည်သူလူထုကို အကာအကွယ်မပေးနိုင်သော ဥပဒေများဖြစ်နေပါက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို  နှောင့်နှေးစေနိုင်ကြောင်း၊ အထူးသတိပြုကြရမည်ဖြစ်ကြောင်း၊ ဥပဒေဆိုသည်မှာ ဖိနှိပ်ချုပ်ချယ်ရန်မဟုတ်ဘဲ အခြေခံလူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်မှသာ  လူထုအကျိုးပြုဥပဒေများအဖြစ် ပြည်သူက  အားကိုးယုံကြည်မည်ဖြစ်ကြောင်း ဦးဝင်းမြင့်က ဆိုသည်။

“လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်တစ်ခုဖြစ်တဲ့ Check and Balance ကိစ္စနဲ့ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေများနဲ့အညီ ကိုယ်စားလှယ်များလုပ်ပိုင်ခွင့်၊ ဆောင်ရွက်ခွင့်ရနေတာ ကိုယ်တိုင်မြင်တွေ့ ကြားသိရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်များ စည်းကမ်းချက်များနဲ့မညီတဲ့ မေးခွန်း၊ အဆိုတွေကို လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဂုဏ်သိက္ခာအတွက် ပြန်လည်ပြင်ဆင်တည့်မတ်ပေးခြင်း အနည်းငယ်သာရှိကြောင်း ပွင့်လင်းစွာအသိပေး ပြောကြားလိုပါတယ်” ဟု ဥက္ကဋ္ဌဦးဝင်းမြင့်က ပြောကြားသည်။

ထို့ပြင် လွှတ်တော်အစည်းအဝေး ရပ်နားထားစဉ်ကာလအတွင်း ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရာတွင် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ပြုမူဆောင်ရွက်ကြရမည်ဖြစ်သလို ပြည်သူလူထုက ယုံကြည်အားကိုး လေးစားတန်ဖိုးထားသူများအဖြစ် ပြုမူပြောဆိုနေထိုင်သွားကြရန် အထူးမှာကြားလိုကြောင်း၊ သက်ဆိုင်ရာအာဏာပိုင်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက အလေးထားရသူများအဖြစ် ကျင့်ကြံလုပ်ကိုင်ရန် လည်းအရေးကြီးကြောင်း ဦးဝင်းမြင့်ကမှာ ကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုရေးတာဝန်ကို တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ဆက်လက်ထမ်းဆောင်ရန် လိုအပ်သလို မိမိကိုယ်ကိုယ် စွမ်းရည်မြှင့်တင်ကြရန်၊ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်သော All Inclusive ဒီမိုကရေစီဖြစ်လာရန် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ ပြည်သူလူထုနှင့် ကင်းကွာမနေဘဲ စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံကြရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ကြရန်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ လုပ်ငန်းများကိုလည်း စေ့စေ့စပ်စပ်ဆောင်ရွက်ကြရန် လွှတ်တော်ဥက္ကဋ္ဌက မှာကြားသည်။

“ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ဖို့ ပြည်သူအားလုံး ပူးပေါင်းပါဝင်တဲ့ Public Democratic Participation ဖော်ဆောင်ရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါ။ ဒီမိုကရေစီကို တစ်နည်းနည်းနဲ့ နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့  အန္တရာယ်ကိုလည်း မျက်ခြည်မပြတ်သတိပြု ကာကွယ်ပေးကြပါ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းမှ သွေဖည်သွားနိုင်အောင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားစေနိုင်တဲ့ အကြမ်းဖက်မှုအန္တရာယ်များကိုလည်း သတိတရား လက်ကိုင်ထား၍ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စုပေါင်းတားဆီး ဖယ်ရှားပေးကြပါလို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က  ပြောကြားသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးကို ၅၄ ရက်ကြာ ကျင်းပခဲ့ပြီး ဥပဒေကြမ်း ၁၆ ခု အတည်ပြုနိုင်ခဲ့သည်။