“ပျောက်ဆုံးနေသော ဥပဒေ” ဟူသော ခေါင်းစဉ်ဖြင့် ထုတ်ဝေခဲ့သည့် စာစဉ်နှင့် ပတ်သက်၍ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ (OMI) အနေဖြင့် မှားယွင်း ထုတ်ပြန်ခဲ့ခြင်းအတွက် တောင်းပန်စာ ပေးပို့မည်ဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်ရန် ပြည်ထောင်စုလွှတ်တော်ရုံး ကြေညာချက်ထုတ်

“ပျောက်ဆုံးနေသော ဥပဒေ” ဟူသော ခေါင်းစဉ်ဖြင့် ထုတ်ဝေခဲ့သည့် စာစဉ်နှင့်ပတ်သက်၍ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ (Open Myanmar Initiative) အနေဖြင့် မှားယွင်း ထုတ်ပြန်ခဲ့ခြင်းအတွက် တောင်းပန်စာ ပေးပို့မည်ဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်ရန် ပြည်ထောင်စုလွှတ်တော်ရုံးက သြဂုတ် ၂၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရှေးဦးစွာ ပွင့်လင်းမြန်မာ့ရှေ့ဆောင် (OMI) က ၂၀၁၇ ဇူလိုင်လတွင် ထုတ်ဝေခဲ့သော လွှတ်တော်ရေးရာ သုတေသနစာစဉ် အမှတ် (၃) စာမျက်နှာ ၁၇ တွင် ပါရှိသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ “ပျောက်ဆုံးနေသော ဥပဒေ” ခေါင်းစဉ်ဖြင့် ပုံနှိပ်ဖြန့်ချိခြင်း၊ သတင်းမီဒီယာများအား ဖိတ်ကြား၍ သုတေသနစာတမ်း မိတ်ဆက်ပွဲ ပြုလုပ်ရှင်းလင်းခြင်း၊ MNTV နှင့် The Speaker ဂျာနယ်တို့တွင် ထုတ်လွှင့်ဖော်ပြခြင်း၊ ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ လူမှုကွန်ရက် အင်တာနက်စာမျက်နှာ Facebook Page တွင် ထပ်မံဖော်ပြခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါ ဥပဒေကြမ်း၌ “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေပုဒ်မ ၁၁ တွင် ပါရှိသော ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်း ဆိုသည့် စကားရပ်ကို ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးလုပ်ငန်း ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်” ဟူသော ပြင်ဆင်ချက် တစ်ပိုဒ်သာ ပါရှိပြီး နိုင်ငံတော်သမ္မတ၏ “ပါတီဟူသော စကားရပ်ကို ချန်လှပ်ရန် မသင့်ကြောင်း” သဘောထားမှတ်ချက်အတိုင်း ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု ဆုံးဖြတ်ခဲ့မှုအရ ဥပဒေအဖြစ် ထုတ်ပြန်ရန် မလိုခဲ့သည့် ဥပဒေကြမ်းတစ်ခု ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ အနေဖြင့် အဆိုပါ ဥပဒေကြမ်းအတွက် ဆောင်ရွက်မှု လုပ်ငန်းစဉ်အား ဂဃနဏ သိရှိအောင် လေ့လာဆန်းစစ်ခြင်း မပြုဘဲ အထက်ပါအတိုင်း ပြုမူဆောင်ရွက်ခဲ့ခြင်းသည် ဥပဒေပြုရေးတာဝန် ထမ်းဆောင်နေသည့် လွှတ်တော်အသီးသီးအပေါ် မထီမဲ့မြင်ပြုရာ ရောက်သည့်အပြင် ပြည်သူများအနေဖြင့်လည်း အမှန်ကို မသိရှိဘဲ လွှတ်တော်များအပေါ် ယုံကြည်မှု ထိခိုက်စေနိုင်ကြောင်း သုံးသပ်ရသည်ဟု ဖော်ပြထားသည်။

ထို့အတွက် ပွင့်လင်းမြန်မာ့ရှေ့ဆောင် အနေဖြင့် သတင်းစာရှင်းလင်းပွဲ ပြန်လည်ပြုလုပ်၍ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး မှားယွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ မှားယွင်းမှုအတွက် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်ရုံးသို့ တောင်းပန်စာ ပေးပို့မည်ဖြစ်ကြောင်း ရှင်းလင်း ထုတ်ပြန်ပေးရန်နှင့် ခုနစ်ရက်အတွင်း ရှင်းလင်းဆောင်ရွက်ခြင်း မရှိပါက ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင်သို့ အကြောင်းကြားထားကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ OMI ၏ သုတေသနဒါရိုက်တာ ကိုထင်ကျော်အေးက “လွှတ်တော်ဘက်က ဖြေရှင်းတဲ့ အချက်ကတော့ ဒီဥပဒေဟာ ပြင်ဆင်တဲ့ဥပဒေ ဆိုပေမယ့် ပြင်ဆင်တဲ့ အချက်တစ်ချက်သာ ပါဝင်တယ်ပေါ့။ အဲဒီပြင်ဆင်တဲ့ အချက်ကလည်း မပြင်ဆင်ဖို့အတွက် လွှတ်တော်က အတည်ပြုလိုက်တယ်။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးတယ်။ သမ္မတကနေပြီး မပြင်ဆင်ဘူး ဆိုပြီးတော့ သဘောထားမှတ်ချက် ပေးတယ်။ သမ္မတရဲ့ သဘောထားမှတ်ချက်အတိုင်း မပြင်ဘူးဆိုပြီးတော့ အတည်ပြုလိုက်တဲ့အတွက် ဒီဥပဒေဟာ သူတို့ထုတ်ပြန်ရန် မလိုတဲ့ဥပဒေ တစ်ရပ်ဆိုပြီးတော့ ပြန်ပြီးတော့ ရှင်းလင်းတယ်။ ကျွန်တော်တို့က ဒါကို ဥပဒေအနေနဲ့ ယူဆရတဲ့ အချက်တွေထဲမှာ လွှတ်တော်နာယကက ပြင်ဆင်ချက်ကို ဥပဒေကြမ်းရဲ့ အစိတ်အပိုင်း တစ်ရပ်အနေနဲ့ နိုင်ငံတော်သမ္မတထံ ပြန်လည်ပေးပို့သွားမယ် ဆိုတဲ့အချက် ရှိတယ်ပေါ့။ ဒါ လွှတ်တော် အစည်းအဝေးမှတ်တမ်းကို ကိုးကားပြီးတော့ ဒါတော့ ဥပဒေတစ်ရပ်အနေနဲ့ ယူဆတယ်ပေါ့။ အဲဒီတော့ ကျွန်တော်တို့ မသိနိုင်တာက ဒီဥပဒေမှာ တခြားပြင်ဆင်တဲ့ အပိုင်းတွေ ဘာတွေပါဝင်နေသေးလဲ။ တခြားပြင်ဆင်ချက်တွေ ဘာတွေရှိနေသေးလဲဆိုတာ ကျွန်တော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့၊ လွှတ်တော်ဒေသ စောင့်ကြည့်ရေးအဖွဲ့တွေ အနေနဲ့ နိုင်ငံသားတွေအနေနဲ့ မသိနိုင်ဘူးပေါ့။ အဲဒီလို မသိနိုင်တဲ့ အခြေအနေမှာ ရရှိလာတဲ့အချက်တွေကို ကိုးကားပြီးတော့ ဒါကို ပျောက်ဆုံးနေသော ဥပဒေတစ်ရပ်အနေနဲ့ ထုတ်ဝေခဲ့တယ်။
အဲဒီအတွက်လည်း လွှတ်တော်က ရှင်းရှင်းလင်းလင်း ပြန်ပြီးတော့ ရှင်းလင်းတဲ့အတွက် လွှတ်တော်ကိုလည်း ကျေးဇူးတင်ရမယ်ပေါ့။ နောက်တစ်ချက်က အဲဒီဟာကို ကျွန်တော်တို့အနေနဲ့ ဥပဒေလို့ ယူဆရလဲဆိုတော့ ဘာကြောင့် ယူဆလဲဆိုတာ ပြန်ပြီးတော့ ဖော်ပြသွားဖို့ ရှိပါတယ်။ သတင်းစာရှင်းလင်းပွဲနဲ့ ထုတ်ပြန်ချက် ထုတ်တာကိုလည်း လာမယ့်အပတ်မှာ လုပ်သွားပါမယ်” ဟု ပြောကြားသည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ (OMI) သည် ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လွှတ်တော်နှင့် ဆက်စပ်အဖွဲ့အစည်းများအကြား ဆက်စပ်မှုနှင့် အပြန်အလှန် စိစစ်ထိန်းကျောင်းမှု ခိုင်မာအားကောင်းသော ဒီမိုကရေစီ အင်စတီကျူးရှင်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ သုတေသန စာတမ်းများကို ရေးသားဖြန့်ချိနေပြီး ပြည်ထောင်စုအဆင့် လွှတ်တော်များနှင့် ပတ်သက်သည့် ကိန်းဂဏန်းအခြေပြု သုတေသန အစီရင်ခံစာများကိုလည်း ထုတ်ဝေခြင်းတု့ိ လုပ်ဆောင်လျက် ရှိသည်။