ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် စက်တင်ဘာလအတွင်း လူဦးရေ ၁၇၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့ နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စက်တင်ဘာလအတွင်း လူဦးရေ ၁၇၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (UNOCHA) က အောက်တိုဘာ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်အရ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူများသည် နမ္မတူ နှင့် သီပေါမြို့နယ်များရှိ ဘာသာရေး အဆောက်အအုံများတွင် ခိုလှုံနေထိုင်ခဲ့ကြ ပြီး ဒေသခံများ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များမှ အကူအညီများ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

တိုက်ပွဲများ အရှိန်လျော့ကျသွားပြီးနောက် စက်တင်ဘာလကုန်ပိုင်းတွင် နေရပ်စွန့်ခွာ တိမ်းရှောင်သူများအနက် အများစုမှာ ၎င်းတို့၏ မူလနေရပ်များသို့ ပြန်သွားနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လွန်ခဲ့သည့် လများအတွင်း တိုက်ပွဲများကြောင့် ထိခိုက်ခံစားရသူများမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ နှင့် အရေးကြီးသော ဝန်ဆောင်မှုများအား လက်လှမ်းမီရရှိမှုကို များစွာထိခိုက်စေခဲ့ သည်ဟု UNOCHA က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလကုန်ပိုင်းတွင် နမ္မတူမြို့နယ် မန်စံရွာမြောက်ဘက်ရှိ နားငူး၊ နားဟန်း နှင့် နောင်အောရွာများအနီးတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က စစ်ရေးပြင်ဆင်နေသည့်အတွက် အဆိုပါရွာများအတွင်းရှိ ဒေ သခံများမှာ မန်စံကျေးရွာသို့ တိမ်းရှောင်ခိုလှုံရေးအတွက် နားကျဲရွာဘက်မှ ကွေ့ပတ်တိမ်းရှောင်လာခဲ့ရပြီး ရွာများအနီးအနားတွင် မိုင်းထောင်ထားမှုများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“နားငူး၊နားဟန်းကတော့ ပလောင်နဲ့ မဟာမိတ်တွေ နေနေတာ။ အဲဒီရွာကလူတွေ မန်စံစစ်ရှောင်စခန်းမှာ ပြောင်းဖူးချိုးချိန် ရွာပြန်ခွင့် မသာကြဘူး။ နောင်အောကတော့ အခြေအနေကြည့်ပြီး လာလိုက်၊ ရွာပြန်လိုက် နဲ့ အလုပ်လုပ်ခွင့် နည်းနည်းရသေးတယ်။အဲဒီရွာတွေက စက်တင်ဘာထဲမှာကို သုံးကြိမ်ရှိပြီ။ လာလိုက် ပြန်လိုက်နဲ့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

မိုင်းမုကျေးရွာအုပ်စုရှိ နားပုံရွာမှ ဒေသခံများမှ စက်တင်ဘာလကုန်ပိုင်းအထိ ၎င်းတို့၏ နေရပ်သို့ မပြန်နိုင်သေးကြောင်း၊ ပြောင်းချိုးချိန်ရောက်သော်လည်း တိုက်ပွဲများကြောင့် ပြောင်းချိုးခွင့် မရသည့်အတွက်  ဝင်ငွေမရှိ ဖြစ်နေကြောင်းလည်း ဒေသခံများက ဆိုသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့နယ်ထဲတွင် တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)/တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) ပူးပေါင်းအဖွဲ့တို့ အကြားတွင်လည်းကောင်း၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) ပူးပေါင်းအဖွဲ့တို့ အကြားတွင်လည်းကောင်း မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည်။