ကမ်းပါးများပြိုကျပျက်စီးသည်ဟုဆိုကာ မြစ်ကျောက်စုပ်နေသည့် မော်တော်များအား သွားရောက်တားဆီးခဲ့သည့် ဒေသခံတောင်သူလယ်သမား ၁၅ ဦးအား ပုဒ်မငါးခုဖြင့်အမှုဖွင့်ပြီး ရဲစခန်းတွင် ခေါ်ယူစစ်ဆေး

ကမ်းပါးပြိုကျပျက်စီးသည်ဟုဆိုကာ မြစ်ကျောက်စုပ်နေသည့် မော်တော်များအား သွားရောက်တားဆီးခဲ့သည့် တောင်သူလယ်သမား ၁၅ ဦး ပုဒ်မငါးခုဖြင့် အမှုဖွင့်ခံရပြီး ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံခဲ့ရကြောင်း သိရသည်။

နိုဝင်ဘာ ၁၃ ရက်နေ့လယ်က ဧရာဝတီမြစ်အတွင်း ကွင်းအမှတ် (၁၉၃) တွင် ကျောက်စုပ်နေသည့် မော်တော်သုံးစီးထံ ရွှေတောင်မြို့နယ် သရက်သုံးပင်ကျေးရွာ ဒေသခံတောင်သူလယ်သမား ၁၅ ဦးရောက်ရှိလာကာ ဆဲဆိုခြိမ်းခြောက်ခြင်း၊ စက်လှေများပေါ်သို့တက်ခြင်း ကျောက်မော်တော်ပေါ်မှ လူနှစ်ဦးကို ရွာသို့ခေါ်ဆောင်ခြင်း၊ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်သည်ဟုဆိုကာ ကျောက်စုပ်သူဘက်က ပန်းတောင်းမြို့နယ် မြို့မရဲစခန်းတွင် တိုင်တန်းအမှုဖွင့်ခဲ့ခြင်းကြောင့် နိုဝင်ဘာ ၂၀ ရက်က ယင်းရဲစခန်းတွင် ခေါ်ယူစစ်ဆေးမှုများခံယူခဲ့ရကြောင်း သိရသည်။

“မြစ်ကျောက်စုပ်တဲ့လုပ်ကွက်မှာ သူတို့လုပ်ကွက်မမှန်ဘူးထင်လို့ သွားတားတယ်။ တားတဲ့အချိန်မှာ ရိုးရိုးတန်းတန်းပုံမှန်တားတာ ရွာသူရွာသားတွေနဲ့ ပြဿာနာဖြစ်မှာစိုးလို့ဆိုပြီးတားတာကို အခုသူတို့ ကျွန်တော်တို့ကို ခြိမ်းခြောက်ပါတယ်ဆိုပြီး အမှုဖွင့်ထားတယ်။ အခုဖွင့်ထားတဲ့အထဲမှာတော့ ကျွန်တော်မပါပါဘူး။ ပထမတစ်ကြိမ်အမှုဖွင့်တုန်းကတော့ ကျွန်တော်ပါတယ်။ သူတို့တိုင်တန်းသလို မဟုတ်ဘူး။ ကျွန်တော်တို့လူကြီးတွေက ရွာသားတွေမကျေမနပ်ဖြစ်နေလို့ ရွာမှာလိုက်ရှင်းပြပါဆိုပြီး ကောင်းကောင်းမွန်မွန်ခေါ်တယ်။ ရွာမှာ ဧည့်ခံထားတယ်။ သူတို့ကျောက်အလုပ်ရှင်လိုက်လာမယ်ဆိုလို့ စောင့်နေကြပြီး မလာတော့ဘူးဆိုလို့ သူတို့ကိုမော်တော်ပေါ်ကို ကောင်းကောင်းမွန်မွန် ပြန်လိုက်ပို့မယ်လို့တောင် ပြောလိုက်သေးတယ် သူတို့က လုပ်ကွက်ကိုကျော်ပြီး လာလာစုပ်တာ” ဟု သရက်သုံးပင် ရပ်မိရပ်ဖဦးသိန်းဦးက ပြောကြားသည်။ အောက်တိုဘာ ၁၃ ရက်ကလည်း ကျောက်စုပ်မော်တော်များကို လာရောက်တားဆီး ခြိမ်းခြောက်ရန်ပြုသည်ဟုဆိုကာ တောင်သူလယ်သမားကိုးဦးကို အမှုဖွင့်စစ်ဆေးနေဆဲဖြစ်ကြောင်း တောင်သူလယ်သမားများက ပြောကြားသည်။

“ပန်းတောင်းနယ်စပ်ကနေ ဒီဘက်ကို ကျောက်တွေလာလာစုပ်ကြတယ် ကျွန်းကြီးက တော်တော်ပြိုနေတော့ ရွာသားတွေ မခံမရပ်နိုင်ဖြစ်နေတာ ဒါကြီးက ကျွန်တော်တို့စပါးကျီ၊ စပါးအိုးလိုဖြစ်နေတာ လိုက်တားတော့ ကျွန်တော်တို့ကို အပြစ်လုပ်တယ်။ သူတို့ ဝတ္တရားနှောင့်ယှက်မှုတို့ ပန်းတောင်းရုံးကို သွားပြီးရှင်းရတယ်။ အခုတစ်ခါလည်း ထပ်တိုင်ထားတယ်။ ၁၅ ဦးလာခဲ့ပါလို့ပြောတယ်။ သူတို့ကျောက်စုပ်တော့ ကိုင်းတွေဆုံးရှုံးတယ်။ ပြိုတဲ့နောက်အကုန်ပါကုန်ပြီ။ ဧကပေါင်းများစွာပါနေပြီ ဧကပေါင်း ၂၀၀၀ ကျော်လောက်ရှိမယ်။ အခုလည်း အစ်ကိုတို့မြင်တဲ့အတိုင်းပဲ မြေပဲပင်တွေပါကုန်တာ” ဟု သရက်သုံးပင်ရွာမှ ကိုညိုဝင်းက ပြောကြားသည်။