မောင်တောမြို့နယ်မြောက်ပိုင်းမှ လယ်သမားများ စပါးရိတ်သိမ်းရာတွင် လုပ်သားရှားပါးမှု အခက်အခဲနှင့် ရင်ဆိုင်နေရ

ရသေ့တောင်မြို့နယ်အတွင်း ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် ရိတ်သိမ်းနေသည်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ်၊ မြောက်ပိုင်း၊ အကြမ်းဖက်တိုက်ခိုက်ခံခဲ့သည့် နယ်မြေများဖြစ်သော မောင်တောမြောက်ပိုင်းမှ တိုင်းရင်းသား လယ်သမားများအနေဖြင့် ကိုယ်ပိုင်စပါးခင်းများကို ရိတ်သိမ်းရာတွင် လုပ်သားရှားပါးမှု အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။

လက်ရှိတွင် စပါးခင်းများမှာ ရင့်မှည့်နေပြီဖြစ်သော်လည်း မကြာသေးခင်က မုန်တိုင်းအရှိန်ကြောင့် ရွာသွန်းခဲ့သည့် မိုးနှင့်လေပြင်း တိုက်ခတ်မှုများကြောင့် စပါးပင်များလဲကျခဲ့သည့်အတွက် သာမန်ရိတ်သိမ်းစက်များဖြင့် အသုံးပြုသော်လည်း ရိတ်သိမ်း၍ အဆင်မပြေကြောင်းနှင့် စပါးပင်များထောင်နေမှသာ ယင်းစက်များဖြင့် ရိတ်သိမ်းနိုင်ကာ လုပ်သားအင်အား ရှားပါးမှုပြဿနာမှာ အဓိကအခက်အခဲတစ်ခုဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

“ကျွန်တော်တို့က လက်တွန်းရိတ်သိမ်း စက်တွေနဲ့ ရိတ်သိမ်းနေတာဖြစ်ပေမယ့် စပါးပင်တွေထောင်နေမှ ရိတ်လို့ရတယ်။ လဲကျနေတဲ့ စပါးပင်တွေကိုရိတ်လို့မရဘူး။ အဲဒီလဲကျနေတဲ့ စပါးခင်းကို ရိတ်သိမ်းဖို့ အလုပ်သမား ရှာပြန်တော့လည်း ရှာမရဖြစ်နေတယ်ဆိုတော့ ရိတ်သိမ်းစက်ကြီးတွေ ချထားပေးဖို့လို အပ်နေပါတယ်။ ဒါမှ ကျွန်တော်တို့တိုင်းရင်းသား လယ်သမားတွေအတွက် အဆင်ပြေမှာပါ။ အခုဆိုရင် စပါးတွေမှည့်နေပြီ။ မကြာခင် အမှည့်လွန်ပြီး ကြွေကျသွားမှာကို စိုးရိမ်နေကြရပါတယ်။ ဒါကြောင့် အစိုးရနေနဲ့ ရိတ်သိမ်းခြွေလှေ့စက်ကြီးတွေ အငှားချထားပေးမယ်ဆိုရင် အဆင်ပြေမှာဖြစ်ပါတယ်။ စက်နဲ့ဆိုရင် အမြန်လည်းပြီးတယ်။ သီးခြားခြွေစရာလည်း မလိုတော့ဘူးပေါ့။ အစိုးရအနေနဲ့ အကူအညီပေးစေချင်ပါတယ်” ဟု လောင်းဒုံကျေးရွာမှ လယ်သမားဦးကျော်ဝင်းက ပြောကြားသည်။

ပိုင်ရှင်မဲ့စပါးခင်းများအား အစိုးရအနေဖြင့် စပါးရိတ်သိမ်းခြွေလှေ့စက်ကြီးများကို အသုံးပြုကာ စုဆောင်းလျက်ရှိကြောင်း သိရှိရသော်လည်း ပိုင်ရှင်ရှိနေသော တိုင်းရင်းသား လယ်သမားများ၏ စပါးခင်းများကိုလည်း ရိတ်သိမ်းပေးနိုင်ရေးအတွက် အရေးပေါ် လိုအပ်ချက်များရှိနေပြီး ယင်းသို့ဆောင်ရွက်ပေးနိုင်မှသာ လယ်သမားများအဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအနေအထားတွင် ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် ရသေ့တောင်မြို့နယ်အတွင်း တစ်ဧကလျှင် ကျပ်လေးသောင်းနှုန်းဖြင့် ရိတ်သိမ်းပေးနေသော်လည်း မောင်တောမြောက်ပိုင်းဒေသခံ တိုင်းရင်းသားများ အတွက် ရိတ်သိမ်းခြွေလှေ့စက်များ လိုအပ်နေကြောင်း သိရသည်။

မောင်တောမြောက်ပိုင်း တမန်းသားကျေးရွာမှ ဦးမောင်ဖြူကလည်း “စပါးရိတ်ဖို့ လုပ်သားတစ်ယောက်ကို တစ်သောင်းနှုန်းနဲ့ဆိုရင်တောင် တစ်ဧကကို ငါးယောက်လောက် လိုတယ်ဆိုတော့ ငါးသောင်းဖြစ်သွားပြီ။ အဲဒီစပါးက ကောက်လှိုင်းအဖြစ်သာရတယ်။ စပါးအဖြစ်ရလာတာ မဟုတ်တော့ တစ်ခါထပ်ပြီး ခြွေလှေ့စရိတ်နဲ့ဆို မကာမိဘူး ဖြစ်နေတယ်။ တစ်ခါတည်း ရိတ်သိမ်းခြွေလှေ့စက်တွေ ချထားပေးစေချင်ပါတယ်” ဟုလည်း ပြောကြားသည်။

ယင်းသို့ ရိတ်သိမ်းခြွေလှေ့စက်ကြီးများ ချထားပေးခြင်းဖြင့် စပါးများ လေလွင့်မှုနှုန်းလည်း လျော့နည်းမည်ဖြစ်ကာ လယ်သမားများအတွက်လည်း ရိတ်သိမ်းစရိတ်လျှော့ချ နိုင်မည်ဖြစ်ကြောင်းနှင့် မောင်တောမြောက်ပိုင်းသို့ စပါးခြွေလှေ့စက်ကြီးများ ချထားပေးစေလိုကြောင်းလည်း ဒေသခံများက ပြောကြားသည်။