ဆွာမြို့ရှိ ထာဝရ ဘိုးဘွားရိပ်သာအား တောမီး ကူးစက် လောင်ကျွမ်းရာမှ အဘိုးအို သုံးဦး သေဆုံး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဆွာမြို့ရှိ ထာဝရဘိုးဘွားရိပ်သာအား တောမီးကူးစက်လောင်ကျွမ်း၍ ရိပ်သာတွင်နေထိုင်သည့် အဘိုးအိုသုံးဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရေတာရှည်မြို့နယ် မီးသတ်စခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မတ် ၂၆ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်က ဆွာမြို့ ဆွာမြောက်ပိုင်းအုပ်စုရှိ ထာဝရဘိုးဘွားရိပ်သာအား တောမီးကူးစက်လောင်ကျွမ်းမှုကြောင့် ထာဝရဘိုးဘွားရိပ်သာရှိ အဘိုးများ အိပ်စက်နေထိုင်သည့် (၃၀ x၂၀)ပေ သက္ကယ်မိုး၊ ထရံကာ အိပ်ဆောင်နှစ်ဆောင်မှာ မီးလောင်ကျွမ်းခဲ့ပြီး ယင်းအိပ်ဆောင်တွင် နေထိုင်အိပ်စက်သည့် ဦးအောင်မြင့် (၅၇ နှစ်)၊ ဦးမောင်ဝင်း (၇၃ နှစ်)နှင့် ဦးပန်းမောင် (၉၀ နှစ်)တို့ မီးလောင်ခံရပြီး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်းသိရသည်။

မီးလောင်ကျွမ်းမှုအခြေအနေနှင့်ပတ်သက်ပြီး ရေတာရှည်မြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက “တောမီးကနေမီးလောင်တာပါ။ ဘိုးဘွားရိပ်သာက အကာအရံမရှိတော့ လေတိုက်နှုန်းကများတယ်။ မီးပွားကနေစပြီးတော့မီးလောင်တာပေါ့။ အဆောက်အအုံလောင်ကျွမ်းမှု အခြေအနေက အကုန်လုံးကုန်သွားပါတယ်။ အဘိုးဆောင်တစ်ဆောင်လောင်တယ်။ ပြီးတော့ ဟိုဘက်က စားသောက်ဆောင်ကတော့ အပေါ်အမိုးပဲ ပါသွားတယ်။ အဘိုးသုံးဦးက လေဖြတ်နေတယ်။ မီးလောင်ကျွမ်းပြီးတော့ သေပါတယ်။ ကျွန်တော်တို့ မြို့နယ်မီးသတ်ကားရောက်တော့ မီးကငြိမ်းနေပြီ။ ဒါပေမဲ့ ဆွာမြို့နယ် မီးသတ်ကားကတော့ ငြှိမ်းလိုက်နိုင်တယ်” ဟု ပြောကြားသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆွာနယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။