စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ရည်မှန်းချက်အတိုင်း အောင်မြင်မှု ရှိ မရှိ ဆိုသည့် အချက်များကို အမှန်အတိုင်း ဖော်ပြနိုင်ရန် ကွင်းဆင်းလေ့လာ စိစစ်သင့်ကြောင်း လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ မှတ်ချက်ပြု

သြဂုတ် ၂၅ ရက်က နေပြည်တော်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်

စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ရည်မှန်းချက်အတိုင်း အောင်မြင်မှု ရှိ မရှိ ဆိုသည့် အချက်များကို အမှန်အတိုင်း ဖော်ပြနိုင်ရန် ကွင်းဆင်းလေ့လာ စိစစ်သင့်ကြောင်း လွှတ်တော်ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက မှတ်ချက်ပြု၍ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။

သြဂုတ် ၂၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းရာတွင် ထိုသို့ ထည့်သွင်းတင်သွင်းခဲ့ခြင်း ဖြစ်သည်။

အမျိုးသားစီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည့် ကိန်းဂဏန်း အချက်အလက်များနှင့် လက်တွေ့ဖြစ်ရပ်များအကြား ဆက်စပ်မှု ရှိ မရှိ၊ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ရည်မှန်းချက်အတိုင်း အောင်မြင်မှု ရှိ မရှိကို အမှန်အတိုင်း ဖော်ပြနိုင်ရန် ကွင်းဆင်းလေ့လာ စိစစ်ခြင်း၊ ကဏ္ဍအလိုက် စီမံကိန်းများမှ မြေပြင်အခြေအနေနှင့် ကိုက်ညီမှု မရှိသော ကိန်းဂဏန်းများနှင့် လုပ်ငန်းလုပ်ကိုင်မှု အခြေအနေမှန်များ၊ ရည်မှန်းချက် မပြည့်မီသော စီမံကိန်း လုပ်ငန်းများကို အလေးထား၍ သီးခြားအစီရင်ခံစာများကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့ရန်နှင့် အားနည်းချက်များကို ကုစားနိုင်မည့် နည်းလမ်းများ ရှာကြံနိုင်ရေးအတွက် သက်ဆိုင်ရာ စီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီများနှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သင့်ကြောင်း ကော်မတီက သဘောထားမှတ်ချက် ပြုထားသည်။

ထို့ပြင် အမျိုးသားစီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရာတွင် ကိန်းဂဏန်းများ ပိုမိုတိကျ မှန်ကန်နိုင်စေရန် စာရင်းဇယား အချက်အလက်များ မှန်မှန်ကန်ကန် တွက်ချက်စုဆောင်း ရရှိနိုင်ရေးအတွက် စာရင်းအင်းဆိုင်ရာ အဖွဲ့အစည်းများ၊ စာရင်းအင်းပညာကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်းလည်း ပူးပေါင်းကော်မတီက အစီရင်ခံစာတွင် ဖော်ပြထားသည်။

အလားတူ လာမည့်ဘဏ္ဍာနှစ်များတွင် အမျိုးသားစီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာများကို ဌာနဆိုင်ရာ အစီရင်ခံစာ ပုံသဏ္ဌာန်မှ စီမံကိန်း သဘောသက်ရောက်မှုရှိသည့် အစီရင်ခံစာ ပုံစံမျိုးဖြင့် ပြုပြင်ပြောင်းလဲ၍ တင်ပြသင့်ကြောင်းလည်း မှတ်ချက်ပြုထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စီမံကိန်း ရည်မှန်းချက်အပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အကောင်အထည်ဖော်နိုင်မှု အခြေအနေတွင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ပုံမှန်ဈေးနှုန်းများအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ထက် ပိုမိုတိုးတက်လာခဲ့သော်လည်း စီမံကိန်း ရည်မှန်းချက် အကောင်အထည်ဖော်နိုင်မှု ရာခိုင်နှုန်းအရ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီတို့မှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ရည်မှန်းချက်ကို ပြည့်မီအောင် အကောင်အထည် မဖော်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

ထို့ပြင် အစိုးရအဖွဲ့များ အနေဖြင့် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းနိုင်မည့် လုပ်ငန်းများကို စီမံကိန်းလျာထားချက်နှင့်အညီ ဦးစားပေး အစီအစဉ် ချမှတ်ကာ အမှန်တကယ် အကောင်အထည်ဖော်မည့် လုပ်ငန်းများ၏ အသုံးစရိတ်များကိုသာ အရအသုံး ခန့်မှန်းခြေစာရင်းတွင် ရေးဆွဲရန် လိုအပ်ကြောင်းလည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းခဲ့သည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများ အနေဖြင့် ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများကို သေချာစွာ စဉ်းစားဆုံးဖြတ်ပြီး အမှန်တကယ် ပြည်သူအတွက် အကျိုးဖြစ်ထွန်းနိုင်မည့် လုပ်ငန်းများကို စီမံကိန်း လျာထားချက်နှင့်အညီ ဦးစားပေး အစီအစဉ် ချမှတ်ပြီး အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ၏ အသုံးစရိတ်များကိုသာ အရအသုံး ခန့်မှန်းခြေ စာရင်းတွင် ရေးဆွဲရန်ဖြစ်ကြောင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာတွင် မှတ်ချက်ပြုခဲ့သည်။

စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်