လင်းခေးခရိုင်အတွင်းရှိ သုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ် 

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်အတွင်းရှိ လင်းခေးတောင်ပိုင်း မိုးနဲမြို့နယ်နှင့် မိုင်းပန်မြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် နေအိမ်များ ရေနစ်မြုပ်ကာ သွားရေးလာရေး အခက်အခဲများ ကြုံတွေ့နေရပြီး ဆုံးရှုံးမှုများရှိကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

မိုင်းပန်မြို့နယ် ရွာသစ်ရပ်ကွက်တွင် နံနက် ၃ နာရီမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် နမ့်ပန်ချောင်းမှ ရေကြီးလျှံတက်လာခြင်းကြောင့် ရွာသစ်ရပ်ကွက်တွင် နေအိမ်များအတွင်း သုံးပေခန့် ရေကြီးနစ်မြုပ်နေပြီး တချို့နေအိမ်တွင်း မီးစက်များ ရေမြုပ်ပျက်စီးခြင်း၊ အိမ်တွင်းပရိဘောဂပစ္စည်းများ ပျက်စီးခြင်းတို့ ရှိနေကြောင်း မိုင်းပန်မြို့နယ် ဒီချုပ်ဥက္ကဋ္ဌ ဦးတင်ခိုင်က ပြောကြားသည်။

“နမ့်ပန်ချောင်း ရေတက်လာတာ မနက် ၃ နာရီလောက်ဖြစ်တာ။ ရွာသစ်ရပ်ကွက် ရေကြီးနစ်မြုပ်တယ်။ ညက တစ်ညလုံးလိုလို မိုးရွာတယ်။ ကျွန်တော်တို့ရုံးနဲ့ အိမ်ရှေ့မှာ သုံးပေလောက်အထိ တက်တယ်။ အိမ်တွေ ရေမြုပ်တယ်။ ရေတွင်းလည်း မြုပ်လုနီးနီး ဖြစ်သွားတယ်။ ရေဝင်သွားတယ်။ ဆုံးရှုံးတာ အိမ်မှာ မီးစက်တစ်လုံး ရေမြုပ်သွားတယ်။ နောက်ထပ် လင်းခေးဝမ်ဟတ်ဘက်မှာလည်း တိမ်းချောင်း ရေတက်နေတယ်လို့ ကြားတယ်။ ခု ကျွန်တော် မိုင်းပန်မြို့ကို စပါးစိုက်ပျိုးမှု အခြေအနေ ရေနစ်မြုပ်မှု ရှိ မရှိ သွားလေ့လာမလို့လေ” ဟု မိုင်းပန်မြို့နယ် ဒီချုပ်ဥက္ကဋ္ဌ ဦးတင်ခိုင်က ပြောကြားသည်။

လင်းခေးမြို့နယ် တောင်ပိုင်းတွင်လည်း နမ့်တိမ်းချောင်း ရေပြည့်လျှံသဖြင့် လင်းခေးမြို့နယ် တောင်ပိုင်းများဖြစ်သော ဟိုမိန်းမြို-ဝမ်စလောင်း သွားလမ်း၊ တစ်လျှောက်ဝမ်တိန်း၊ ဝမ်ဟတ်၊ မအွန်လောင်း၊ နားကုန်းစသည့် တိုက်နယ်များတွင် ရေကြီးခြင်းကြောင့် စာသင်ကျောင်းအချို့ ယာယီပိတ်ထားရပြီး ကျေးရွာအတွင်း ရေနစ်မြုပ်မှုများ ရှိနေကြောင်း သိရသည်။

ထို့ပြင် မိုးနဲမြို့တွင်လည်း မြို့တွင်းရေမြောင်းများ မရှိခြင်း၊ ရွာများတွင် အင်းများ တိမ်ကောလာပြီး အဆိုပါ တိမ်ကောလာသည့် အင်းများတွင် ပုံစံ (၇) နှင့် (၁၀၅) များ ချထားပေးခြင်းကြောင့် ရေလျှံမှုများ ကြုံတွေ့လာရခြင်းဖြစ်ကြောင်း မိုးနဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်းလိန်က ဆိုသည်။

“မိုးနဲမှာ ရပ်ကွက်တွင်းမှာ သိပ်ပြီးမဖြစ်ဘူး။ မိုးနဲက အောက်ပိုင်းပဲ စီးသွားတယ်။ လယ်ထဲကို စီးသွားတယ်။ ရေစုကန် ရေစုအင်းတွေ မရှိတော့ လယ်ထဲကို ရေတက်ပြီး လယ်ပျက်တာပေါ့။ အဲလိုဖြစ်နေတယ်။ ရပ်ကွက်က ငါးခုပေါ့။ မြောင်းတွေ ပြန်ဖောက်ရမယ်။ လမ်းပေါ်မှာတော့ ရေနည်းနည်းရှိတယ်။ တောင်ကျရေလည်း တော်တော်များတယ်။ မီးရထား လမ်းဖောက်လုပ်ထားတာ ဒလဟောမြို့ထဲကိုပဲ စီးဆင်းလာခဲ့တာပေါ့။ မြို့ထဲမှာဆို ရေနုတ်မြောင်းပေါ့။ လယ်ထဲမှာဆိုရင် အင်းကြောင့် အင်းတိမ်ကောလို့ပေ့ါ။ သက်ဆိုင်ရာဌာနတွေကလည်း အုပ်ချုပ်ရေးမှူးတို့ မြေစာရင်းတွေ ပေါင်းပြီးတော့ မြေယာတွေကို မတရားချပေးတာ၊ ပုံစံ ၁၀၅ ချပေးတာတွေ။ အင်းတိမ်ကောတာကို အခွင့်အရေးယူပြီး ထုတ်ပေးတယ်။ အဲလို ထုတ်ပေးတော့ ရွာသားအချင်းချင်း ရန်ဖြစ်နေကြတယ်။ အခက်အခဲ ဒီသုံးခုက တော်တော်အရေးကြီးတယ်” ဟု မိုးနဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်းလိန်က ပြောကြားသည်။

လင်းခေးခရိုင်တွင် လင်းခေး၊ မိုးနဲ၊ မိုင်းပန်နှင့် မောက်မယ်ဟူ၍ မြို့နယ်လေးခုရှိပြီး ရပ်ကွက်ပေါင်း ၃၄ ခု၊ ကျေးရွာအုပ်စုပေါင်း ၄၆ ခု၊ ကျေးရွာပေါင်း ၃၀၉ ရွာ၊ အိမ်ခြေပေါင်း ၂၆၀၀၀ ကျော်၊ လူဦးရေပေါင်း ၁၃၀၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။