ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို လွှတ်တော်ကိုယ်စားလှယ်များထံ ညှိနှိုင်းတင်ပြမှုမရှိခြင်း၊ ကိုယ်စားလှယ်များက စစ်ဆေးရာတွင်လည်း မသမာမှုများ၊ အားနည်းချက်များ တွေ့ရှိတိုင်ကြားလာပါက ဝန်ထမ်းများကို အရေးယူသွားမည်ဟု ဆောက်လုပ်ရေးဒုတိယဝန်ကြီး ပြောကြား

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို လွှတ်တော်ကိုယ်စားလှယ်များထံ ညှိနှိုင်းတင်ပြမှုမရှိခြင်း၊ ကိုယ်စားလှယ်များက သွားရောက်စစ်ဆေးရာတွင်လည်း မသမာမှုများ၊ အားနည်းချက်များ တွေ့ရှိတိုင်ကြားလာပါက ဝန်ထမ်းများကို ပြင်းထန်ထိရောက်စွာ အရေးယူသွားမည်ဟု ဆောက်လုပ်ရေးဒုတိယဝန်ကြီး ဦးကျော်လင်းက နေပြည်တော်တွင် နိုဝင်ဘာ ၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။

တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်များရှိ လွှတ်တော်ကိုယ်စားလှယ်များအား စီမံကိန်းလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များကို ဦးစွာရှင်းပြရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ဆဲကာလတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များကို ခေါ်ယူပြီး ဆောင်ရွက်ဆဲလုပ်ငန်းများကို ပြသဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လမ်းညွှန်မှုများအတိုင်း ဆောင်ရွက်မှုရှိ၊ မရှိကိုလည်း စိစစ်သွားစေမည်ဖြစ်ကြောင်း၊ ထိုသို့ ကိုယ်စားလှယ်များထံ လာရောက်ပြီး ညှိနှိုင်းတင်ပြမှုမရှိခြင်း၊ ကိုယ်စားလှယ်များက သွားရောက် စစ်ဆေးရာတွင်လည်း မသမာမှုများ၊ အားနည်းချက်များ တွေ့ရှိပြီး တိုင်ကြားလာပါက ဝန်ထမ်းများကို ပြင်းထန်ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးကျော်လင်းက ရှင်းလင်း ပြောကြားသည်။

လက်ရှိတွင် အဆောက်အဦး၊ လမ်း၊ တံတားစီမံကိန်းများ အားလုံးကို ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ သုတေသနနှင့် ဓာတ်ခွဲခန်းအဖွဲ့များမှ အရည်အသွေး စစ်ဆေးခြင်း၊ စာရင်းစစ်ချုပ်ရုံးမှ စီမံကိန်းလုပ်ငန်းခွင် မျက်မြင်စစ်ဆေးခြင်းများအပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် သီးခြား Third Party အဖွဲ့များ ဖွဲ့စည်းပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆိုသည်။

ဖျာပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထွဋ်က အဆောက်အဦး ဦးစီးဌာနအနေဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော် ကြီးကြပ်ခြင်း၊ ဒီဇိုင်းနှင့်အတိုင်ပင်ခံ လုပ်ငန်းဆောင်ရွက်ခြင်း၊ တင်ဒါများ ခေါ်ယူစိစစ်ခြင်း၊ လုပ်ငန်းများကို တာဝန်ခံ တည်ဆောက်ခြင်း၊ ကိုယ်စားလှယ်အဖြစ် လုပ်ငန်းကတ်များပေးချေခြင်း၊ အရည်အသွေး စစ်ဆေးခြင်း၊ လုပ်ငန်းပြီးစီးကြောင်း လက်မှတ်ထုတ်ပေးခြင်း စသည့် ကဏ္ဍအားလုံးတွင် အဖွဲ့များ ဖွဲ့စည်းထားသော်လည်း အဓိကနေရာမှ ပါဝင်ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ယနေ့တည်ဆောက်ရေးလုပ်ငန်းများကို အစမှအဆုံး စီမံအုပ်ချုပ် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းသည် ရှေ့သို့သွားရမည့်အစား နောက်သို့ပြန်လျှောက်နေသလို ဖြစ်နေကြောင်း၊ နိုင်ငံတော်၏အခန်းကဏ္ဍကို လျှော့ချပြီး ပုဂ္ဂလိကအခန်းကဏ္ဍကို ပိုမိုမြှင့်တင် ဆောင်ရွက်သင့်ကြောင်း၊ ပြန်လည် သုံးသပ်သင့်ကြောင်း ဆွေးနွေးအကြံပြုထားသည်။

“အဆောက်အဦးဦးစီးဌာနရဲ့ Restructuring လုပ်တယ်ဆိုတာလည်း Regulatory Body ကို စောင့်ရှောက်ကာကွယ်ပေးပြီး ဦးဆောင်မောင်းနှင်သွားမယ့် ဌာနတစ်ခု လိုအပ်ပါတယ်။ လုပ်ငန်းတွေ လာအပ်တာက Regulatory Body ဆိုင်ရာ သင်ရိုးညွှန်းတမ်းနဲ့ သက်ဆိုင်ရာ သင်ရိုးညွှန်းတမ်းတွေ မပြီးသေးခင်မှာ လာအပ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ Inhouse Capacity ရှိသလောက်နဲ့ ဆောင်ရွက်တာဖြစ်ပြီးတော့ Technical မြင့်မားတဲ့ အထပ်မြင့် အဆောက်အဦးကြီးတွေ၊ လူဦးရေ ၅၀၀ အထက်သုံးစွဲမယ့် အဆောက်အဦးကြီးတွေ Technical မြင့်မားတဲ့ဟာတွေကို ဌာနကနေပြီးတော့ Inhouse Capacity ရှိသလောက် ကျွန်တော်တို့ ဝင်ရောက်ဆောင်ရွက်ပါတယ်။ ကျန်တဲ့ Technical နိမ့်တဲ့လုပ်ငန်းတွေအားလုံးကို Outhouse နဲ့ တင်ဒါ ခေါ်ယူပြီးတော့ တင်ဒါခေါ်ယူရာနေရာမှာလည်းပဲ သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်များရဲ့ အစီအစဉ်နဲ့ ကော်မတီဖွဲ့ပါတယ်။ တင်ဒါကော်မတီကို သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာဖွဲ့ပြီးတော့ အဲဒီကော်မတီကနေ ရွေးချယ်ပြီးတော့ တာဝန်ပေးသွားပါတယ်။ ကျွန်တော်တို့ Sub ကန်ထရိုက်ပေးတာ မဟုတ်ပါဘူး။ အဲဒီနေရာမှ ပေးပြီးတော့ အရည်အသွေး စစ်ဆေးခြင်းကိုတော့ သက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်များက ကော်မတီများက စစ်ဆေးခြင်းနဲ့ Third Party များ အနေနဲ့လည်း ဝင်ရောက်စစ်ဆေးခြင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ PAE ဈေးနှုန်းများကိုလည်း တစ်နေရာနဲ့တစ်နေရာ မတူအောင် အခြေခံ ဈေးနှုန်းများကို ရေးဆွဲပြီးတော့ အားလုံးကို ပေးပို့ထားပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ် Refer လုပ်လို့ရအောင်။ ဒီနေရာမှာ ကျွန်တော်တို့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း စသဖြင့် ဒီနေရာဈေးနှုန်းနဲ့ ချင်းပြည်နယ် ဈေးနှုန်းမတူပါဘူး။ နောက်တစ်ခါ ရခိုင်ပြည်နယ်ဈေးနှုန်း၊ ကချင်ပြည်နယ်ဈေးနှုန်း ဒါတွေအားလုံးရဲ့ အခြေခံဈေးနှုန်းတွေကို ကျွန်တော်တို့ Refer လုပ်လို့ရအောင် ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ပစ္စည်းဈေးနှုန်းက ဒေသပစ္စည်းဈေးနှုန်းများကတော့ သက်ဆိုင်ရာဝန်ကြီးချုပ်များကနေပြီးတော့ တိုင်းအလိုက် အဖွဲ့လေးတွေ ဖွဲ့ပေးထားပါတယ်။ အဲဒီအဖွဲ့များကနေပြီး စိစစ်ပြီးတော့ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ပစ္စည်းဈေးနှုန်းများကို သက်ဆိုင်ရာ စိစစ်ဖွဲ့စည်းပြီးတော့မှ ရေးဆွဲထားခြင်း ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးဦးကျော်လင်းက ဆိုသည်။

ထို့ပြင် “တချို့ဒေသတွေမှာတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးအဖွဲ့ အစိုးရများက အခြေခံပညာကျောင်းများအတွက် တင်ဒါ ခေါ်ယူတဲ့နေရာမှာ PAE နှုန်း ၁၅၀၀၀ နဲ့ Steel Structure အဆောက်အဦးတွေ တင်ဒါယှဉ်ပြိုင်တဲ့အခါမှာ ကျွန်တော်တို့စံချိန်စံညွှန်း သတ်မှတ်ထားလိုက်တဲ့ အခါကျတော့ အဲဒီမှာ ဒေသမှာတင်ဒါလာရောက် ယှဉ်ပြိုင်တဲ့ လူမရှိတဲ့နေရာတွေ ရှိပါတယ်။ အဲဒါကြောင့်မို့လို့ မရှိတဲ့နေရာအတွက် ဆိုင်ရာပြည်နယ် တိုင်းဝန်ကြီးချုပ်များမှ လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ထပ်မံလိုအပ်ချက်တွေအရ ပညာရေးဝန်ကြီးဌာနမှတစ်ဆင့် တင်ပြတောင်းခံစေခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒီလိုတောင်းခံရတာကလည်းပဲ အရည်အသွေးပြည့်မှီတဲ့ အဆောက်အဦးများ ဖြစ်ပေါ်လာဖို့ ရည်ရွယ် တောင်းခံခြင်းသာ ဖြစ်ပါတယ်။ တင်ဒါဆိုတာကလည်း ဈေးအချိုဆုံးကို ခွင့်ပြုပေးတာမျိုး မဟုတ်ဘဲနဲ့ အရည်အသွေး အကောင်းဆုံးကို ဈေးအသက်သာဆုံးနဲ့ ဆောင်ရွက်နိုင်တဲ့ အဖွဲ့ကို ရွေးချယ်ပေးရတာ ဖြစ်ပါတယ်” ဟု ဦးကျော်လင်းက ဆက်လက်ပြောကြားသည်။

“တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာ ရန်ပုံငွေထပ်မံလိုအပ်သည့် လုပ်ငန်းများကို ဖြည့်စွက်ရန်ပုံငွေတွင် အကြောင်းပြချက် ပြည့်စုံစွာ တင်ပြတောင်းခံသင့်ပြီးတော့ ခွင့်ပြုချက်ရရှိမှသာ သဘောတူစာချုပ်ချုပ်ဆို ဆောင်ရွက်ရပါမယ်။ လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုပြီးမှ လိုအပ်ငွေထပ်မံ တင်ပြတောင်းခံခြင်း၊ အနီးကပ်ဆုံး ဘတ်ဂျက်တွင် ထပ်မံတင်ပြတောင်းခံရခြင်းများ မဖြစ်ပေါ်စေရေး အထူးအလေးထား ဆောင်ရွက်သင့်ပါကြောင်းနဲ့ အဆောက်အဦး ဦးစီးဌာနမှ ဆောင်ရွက်မယ့် လုပ်ငန်းများရဲ့ တန်ဖိုးသည်လည်း တင်ဒါအောင်ကုမ္ပဏီများရဲ့ ဈေးနှုန်းများနဲ့ ညီညွတ်ကိုက်ညီစေရန် လိုအပ်ပါကြောင်း အကြံပြုအပ်ပါတယ်။ သက်ဆိုင်ရာဌာနများသည် အပ်နှံလုပ်ငန်းများအတွက် ဘတ်ဂျက်ခွင့်ပြုငွေပါ လုပ်ငန်းရန်ပုံငွေများကို အဆောက်အဦး ဦးစီးဌာနသို့ အပ်နှံခြင်း၊ လမ်းဘတ်ဂျက်ငွေ စာရင်းဖြင့် ဆောင်ရွက်ခွင့်မှာ မဖြစ်သင့်ပါကြောင်းနှင့် သက်ဆိုင်ရာဌာနမှသာ ကိုယ်တိုင်ပေးချေသင့်ပါတယ်” ဟု ဦးဝင်းထွဋ်က ဆွေးနွေးတင်ပြခဲ့သည်။