ဝိုင်းမော်မြို့နယ် မန်ဝိန်းကြီးဒေသတွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က ရွာသားလူငယ်ခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မန်ဝိန်းကြီးဒေသတွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က ရွာသားလူငယ်ခြောက်ဦးကို အောက်တိုဘာ ၄ ရက် ညပိုင်းက ဖမ်းခေါ်ဆောင်သွားကြောင်း ဆိုင်လော်နှင့် ကောင်းခမ်းကျေးရွာများမှ ဒေသခံများက The Daily Eleven သတင်းစာသို့ ဆက်သွယ် ပြောကြားသည်။

မန်ဝိန်းကြီးဒေသခံတစ်ဦးက “မနေ့ညက ကျေးရွာဘုန်းကြီးကျောင်းမှာ ကလေးတွေက တံခွန်တိုင်စိုက်ထူပြီး အိမ်အပြန် ည ၈ နာရီလောက်မှာ ဖမ်းသွားတာ။ ခုနစ်တန်းကလေး ၁၄ နှစ် တစ်ဦးပါတယ်။ ဆိုင်လော်ကျေးရွာက အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်၊ ကောင်းခမ်းကျေးရွာက ယောကျ်ားလေး လေးဦးပါသွားတယ်။ ကေအိုင်အေတပ်ရင်း ၃ အဖွဲ့၊ စစ်ကြောင်းအမှတ် ၈ လို့ သိရတယ်။ လက်နက်နဲ့ လူအင်အား ၃၀ လောက် ရှိမယ်။ ပစ်ခတ်တာ မရှိဘူး” ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကချင်ပြည်နယ် ရဲတပ်ဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း မသိရှိသေးကြောင်း ဖြေကြားသည်။

ကချင်ပြည်နယ်အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (မြန်မာပြည်မြောက်ပိုင်း) က ယင်းအဖြစ်များကို မှတ်တမ်းများရယူနေပြီ ညှိနှိုင်းတောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ကချင်ပြည်နယ်တွင် ကေအိုင်အေ၊ ကေအိုင်အိုအား လူသတ်မှု၊ စစ်သားအဓမ္မ စုဆောင်းမှု၊ ဆက်ကြေးကောက်ခံမှုတို့ဖြင့် ကချင်မျိုးနွယ်စုဝင် လီဆူတိုင်းရင်းသားများ၊ ရှမ်းတိုင်းရင်းသားများက ၂၀၁၃ ခုနှစ် ဇွန်လကတည်းက ဆန္ဒဖော်ထုတ်မှုများ ရှိခဲ့သည်။

ကချင်ပြည်နယ်တွင်း ရှမ်းတိုင်းရင်းသားများက ပထမဆုံးအကြိမ်အဖြစ် ဗိုလ်ချုပ်ဂွန် မော်မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပြန် ၂၀၁၃ ခုနှစ် ဇွန်လတွင် ဝိုင်းမော်မြို့တွင်လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် ၂၀ ရက်တွင် ဗန်းမော်ခရိုင် မန်စီဒေသအတွင်း လူသစ်စုဆောင်းနေမှုများနှင့် ပတ်သက်ပြီး လူတစ်သောင်းနီးပါး မြစ်ကြီးနားမြို့ပေါ်တွင် ဆန္ဒဖော်ထုတ်ရန် လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး ဆန္ဒဖော်ထုတ်ခွင့် မရခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ဖမ်းဆီးသူများ ပြန်လွတ်ရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့သူများအား ဆုတောင်း အမျှဝေခြင်းများကို မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားဝင်းတွင် လူ ၃၀၀၀ ခန့် ပြုလုပ်ခဲ့သည်။၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် ဖားကန့်ဒေသတွင် ဦးကံဆက်နှင့် ဦးထွန်းလွင် ရှမ်းအမျိုးသားနှစ်ဦး အသတ်ခံရသည့်ကိစ္စဖြင့် မြစ်ကြီးနားမြို့၌ ရှမ်းတိုင်းရင်းသား တစ်ထောင်ခန့်မှ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်း ရှမ်းတိုင်းသားများ စုဆောင်းခံရမှုကြောင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်ကလည်း ကေအိုင်အေကို ဆန္ဒဖော်ထုတ်ရန် ကချင်ပြည်နယ် နယ်ပေါင်းစုံမှ မြစ်ကြီးနားမြို့တွင် လူ ၁၀၀၀၀ ခန့် လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး ပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆိုလည်း တင်သွင်းခဲ့ကာ အဆို အောင်မြင်ခဲ့သည်။ ယင်းအရေးကြီးအဆိုတွင် နောက်ဆုံး အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ ဆွေးနွေးပွဲတွင် အချက်ခုနစ်ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ရာ စည်းကမ်း (၁၈)ချက်၊ အပိုဒ် (ဃ) တွင် ပြည်သူလူထုအား အကြောင်းမဲ့ဖမ်းဆီးပြီး အရေးယူခြင်း၊ အပြစ်ပေးခြင်း လုံးဝမပြုလုပ်ရန်၊ အပိုဒ် (ဂ) တွင် ပြည်သူလူထုထံမှ တရားမဝင်ငွေ ကောက်ခံခြင်း၊ အတင်းအဓမ္မငွေကြေး၊ ပစ္စည်းများရယူခြင်း မပြုလုပ်ရန်၊ အပိုဒ် (စ) တွင် ကာယကံရှင်၏ ဆန္ဒမပါဘဲ တပ်ဖွဲ့ဝင်အဖြစ် အဓမ္မတင်သွင်းခြင်း မပြုလုပ်ရန် စည်းအချက်သုံးချက်ကို မူတည်ပြီး အဆိုတင်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးက လက်နက်မဲ့ ပြည်သူများ မတရားအနိုင်ကျင့်ခြင်းကို ရပ်တန့်ရန်၊ ဖောက်ခွဲဖျက်ဆီးခြင်း လုပ်ရပ်များကို ရပ်တန့်ရန်၊ မိမိဆန္ဒမပါသော ဒေသခံပြည်သူများအား ဖမ်းဆီးခေါ်ဆောင်ခြင်းမပြုရန်၊ ဆက်ကြေးတောင်းခံခြင်းများ ရပ်တန့်ပေးရန်၊ ဖမ်းဆီးသူများအား ပြန်လွှတ်ပေးရန်၊ လူ့အခွင့်ရေးချိုးဖောက်ခြင်းများကို ရပ်တန့်ပေးရန် စသည့် အချက်ခြောက်ချက်ကို တင်ပြတောင်းဆိုခဲ့သည်။

ကချင်ပြည်နယ်တွင် ကချင်မျိုးနွယ်စုဝင် ခြောက်မျိုးဖြစ်သည့် ဂျိန်းဖော်၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်ဝါး၊ လီဆူ၊ ရဝမ် စသည့် တိုင်းရင်းသားများ၊ ရှမ်းမျိုးနွယ်စုများဖြစ်သည့် တိုင်လုံ၊ တိုင်းဆာ၊ တိုင်းလိုင်၊ တိုင်းခန္တီး၊ တိုင်းလေ စသည့် ရှမ်းမျိုးနွယ်စုများ၊ ဗမာ၊ ရခိုင်၊ ချင်း တိုင်းရင်းသားများနေထိုင်ပြီး ၂၀၁၆ ခုနှစ် ပြည်နယ်အစိုးရ စာရင်းအရ ကချင်ပြည်နယ်၌ ကချင်တိုင်းရင်းသား ၅၀၉၀၀၀ ကျော်၊ ဗမာတိုင်းရင်းသား ၄၃၀၀၀၀ ကျော်၊ ရှမ်းတိုင်းရင်းသား သုံးသိန်းကျော် စုစုပေါင်း လူဦးရေ ၁၃ သိန်းကျော် နေထိုင်ကြောင်း သိရသည်။