ဥရောပအရှေ့တစ်လွှားတွင် ရုရှားတိုက်ခိုက်လာမှုအတွက် နေတိုးက ကြိုတင်ပြင်ဆင်မှု အားနည်းဟု အစီရင်ခံစာတစ်ခုက ဖော်ပြ

အောက်တိုဘာ ၂၀ ရက်က ဘဲဂရိတ်မြို့အနီး စစ်ဘက်သုံးလေဆိပ်တစ်ခုတွင် သရုပ်ပြပျံသန်းနေသော ရုရှား၏ MiG-29 ဂျက်တိုက်လေယာဉ်များ (Photo: AFP)

ဥရောပအရှေ့တစ်လွှားတွင် ရုရှားတိုက်ခိုက်လာပါက နေတိုးက တွန်းလှန်နိုင်စွမ်းရှိမည်မဟုတ်ဟု နေတိုး၏အဖွဲ့တွင်း အစီရင်ခံစာကို ကိုးကား၍ ဂျာမနီအပတ်စဉ်ထုတ် သတင်းမဂ္ဂဇင်း Der Spiegel က အောက်တိုဘာ ၂၀ ရက်တွင် ဖော်ပြခဲ့သည်။ Report on the Strengthened Deterrence and Defence Capability of the Alliance ဟုအမည်ပေးထားသော ယင်းမှတ်တမ်းတွင် ကြီးမားသော အားနည်းချက်များကို ဖော်ပြထားကြောင်း သိရသည်။

ဥရောပကွပ်ကဲတပ်က တာဝန်ခံထားသည့် အလွန်အမင်း ကျယ်ပြန့်သောနယ်မြေသို့ နေတိုးက စစ်ကူများ အလျင်အမြန်ပေးပို့နိုင်သည့် ထောက်ပံ့ပို့ဆောင်စွမ်းရည်သည် စစ်အေးကာလနောက်ပိုင်း အားနည်းသွားခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်ဟု Spiegel က ကိုးကားဖော်ပြခဲ့သည်။ တိုးချဲ့ထားသော နေတိုးတုံ့ပြန်ရေးတပ် (NRF) ပင်လျှင် လိုအပ်လျှင် အလျင်အမြန် တုံ့ပြန်နိုင်မှုနှင့် အားဖြည့်နိုင်မှု လုပ်ဆောင်နိုင်ရန်အတွက် အားနည်းနေကြောင်း ယင်းအစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

၁၉၈၉ ခုနှစ် ဘာလင်တံတိုင်း ပြိုကျခဲ့အပြီးနောက်ပိုင်း ကွပ်ကဲမှုပုံစံအား လျှော့ချလိုက်မှုသည် နေတိုး၏ ကာကွယ်ရေးစွမ်းရည် အားနည်းစေခဲ့သည့် အချက်များအနက် အရေးပါသော အချက်တစ်ခုဖြစ်ကြောင်း Spiegel က ကိုးကားဖော်ပြခဲ့သည်။ Spiegel ၏ဖော်ပြမှုအား မှတ်ချက်ပေးရန် နေတိုးပြောခွင့်ရပုဂ္ဂိုလ် Oana Lungesuc ကငြင်းဆန်ခဲ့ပြီး နေတိုးတပ်များသည် ဆယ်စုနှစ်များစွာအတွင်း မည်သည့်အချိန်ထက်မဆိုပိုသော အသင့်ဖြစ်မှုနှင့် တပ်ဖြန့်နိုင်မှုတို့ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

နေတိုး၏ ကွပ်ကဲမှုစနစ် ဖွဲ့စည်းတည်ဆောက်မှုသည် မဟာမိတ်အဖွဲ့၏ ရည်မှန်းချက်အတွက် ခိုင်မာစေရန်၊ သွက်လက်စေရန်နှင့် အံကိုက်ဖြစ်စေရန်အတွက် လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းအကြောင်းအရာအား လာမည့်လတွင် နေတိုးအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ နေတိုးနှင့်ရုရှားအကြား ဆက်ဆံရေးသည် ယူကရိန်းပဋိပက္ခနှင့် ပတ်သက်၍ စစ်အေးကာလနောက်ပိုင်း အနိမ့်ဆုံးအနေအထားသို့ ကျရောက်ခဲ့သည်။

၂၀၁၄ ခုနှစ် မတ် ၁၈ ရက်တွင် ရုရှားက ယူကရိန်း၏ ခရိုင်းမီးယားကျွန်းဆွယ်အား သိမ်းယူခဲ့ပြီးနောက် နေတိုးက မော်စကိုနှင့် အရပ်ဘက်နှင့်စစ်ဘက် ပူးပေါင်းဆောင်ရွက်မှုများအား ဆိုင်းငံ့ခဲ့သည်။ ယူကရိန်းကလည်း နေတိုးအဖွဲ့ဝင်ဖြစ်စေရန် ကြိုးပမ်းသွားမည်ဟု ကြေညာခဲ့သည်။

နေတိုးသည် ဥရောပအရှေ့ပိုင်းမှ အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများအား အလျင်အမြန်လုပ်ဆောင်နေပြီး NRF အဖွဲ့ဝင်အင်အားကို သုံးဆအထိတိုးမြှင့်ခဲ့ကြောင်း သိရသည်။ ဥရောပအရှေ့ပိုင်းတွင် ရုရှား၏ ဖြစ်လာနိုင်ခြေရှိသော တာဝန်ခံမှုမရှိသည့်လုပ်ရပ်များအား ဟန့်တားမှုအဖြစ် အမေရိကန်ဦးဆောင်သော နေတိုးက ယင်းဒေသတွင် အပြည်ပြည်ဆိုင်ရာ တပ်ရင်းလေးခုနှင့်အတူ တပ်ဖွဲ့ဝင်အင်အားကို အားဖြည့်ခဲ့ကြောင်း သိရသည်။ အဖွဲ့ဝင် ၂၉ နိုင်ငံရှိသော နေတိုးသည် မော်စကိုနှင့်ဆွေးနွေးမှုအား ဆက်လက်ထိန်းသိမ်းရန်လည်း ကြိုးစားနေပြီး အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်များသည် အောက်တိုဘာ ၂၆ ရက်တွင် ဘရပ်ဆဲ၌ ရုရှားသံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။