ဖိလစ်ပိုင်တွင် စစ်သွေးကြွတို့ တိုက်ခိုက်မှုကြောင့် ကိုးဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိ

ဇူလိုင် ၁၆ ရက်က မင်ဒါနာအိုရှိ ဂျိုလိုမြို့တွင် စစ်ဆေးရေးဂိတ်၌ ခရီးသည်တင်ကားတစ်စီးအား စစ်ဆေးနေသော ဖိလစ်ပိုင်ရဲများ (Photo: AFP)

အစ္စလာမ္မစ်စစ်သွေးကြွများသည် ဖိလစ်ပိုင်တောင်ပိုင်းရှိ မြို့တစ်မြို့ကို သြဂုတ် ၂၁ ရက်က အရုဏ်တက်ချိန်တွင် တိုက်ခိုက်ခဲ့ရာ ကိုးဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စစ်သွေးကြွများသည် ကလေးများနှင့် အမျိုးသမီး အိပ်နေသော အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ၄၅ မိနစ်ကြာခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မင်ဒါနာအိုဒေသ ဘာစီလန်ကျွန်းမှ မာလူဆိုမြို့၏ ရဲမှူးဂျွန်ကန်ဒိုက ပြောကြားခဲ့သည်။

ပြန်ပေးဆွဲပြီး ငွေတောင်းဆိုမှုအတွက် နာမည်ဆိုးထွက်သည့် အဘူဆေယက်အဖွဲ့မှ အဖွဲ့ဝင် ၆၀ ခန့်သည် မာလူဆိုမြို့၌ အိမ်လေးအိမ်နှင့် နေ့ကလေးထိန်းဌာနတစ်ခုကို မီးရှို့ခဲ့ကြကြောင်း ကန်ဒိုက ပြောကြားခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် အယ်ကေးဒါးအဖွဲ့၏ ရန်ပုံငွေဖြင့် ပေါ်ပေါက်ခဲ့သော ဖိလစ်ပိုင်စစ်သွေးကြွအဖွဲ့ အဘူဆေယက်သည် ပြန်ပေးဆွဲမှုကို အဓိကဆောင်ရွက်ပြီး နိုင်ငံခြားသားများကို ပစ်မှတ်ထားကာ ပြန်ပေးငွေဒေါ်လာသန်းချီ၍ တောင်းဆိုတတ်သည်။ ဘာစီလန်ကျွန်းတွင် အခြေစိုက်သော အဘူဆေယက်အဖွဲ့ခွဲတစ်ခုက IS တို့ကို သစ္စာခံသည်ဟု ကြေညာထားသည်။

ကက်သလစ်ဘာသာဝင်အများစု နေထိုင်သော ဖိလစ်ပိုင်တွင် အရေးကြီးသော အစ္စလာမ္မစ်မြို့ဖြစ်သည့် မာရာဝီမြို့၌ IS သစ္စာခံအဖွဲ့များက မြို့ကိုစီးနင်းထားကြသော်လည်း သြဂုတ် ၂၁ ရက်က မာလူဆိုမြို့ကို တိုက်ခိုက်မှုသည် IS သစ္စာခံ အဘူဆေယက်အဖွဲ့နှင့် ဆက်နွှယ်ခြင်းရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မာရာဝီမြို့ရှိ IS တို့သည် အမေရိကန် ကျောထောက်နောက်ခံပေးထားသော ဖိလစ်ပိုင်ထိုးစစ်ကို ကြံ့ကြံ့ခံနေသည်။ မေ ၇ ရက်တွင် စတင်ခဲ့သော မာရာဝီတိုက်ပွဲများကြောင့် ၇၀၀ ကျော် သေဆုံးထားပြီး လူ ၄၀၀,၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ဖိလစ်ပိုင်တောင်ပိုင်း၏ သုံးပုံတစ်ပုံခန့်ကို မာရှယ်လောပြဋ္ဌာန်းထားပြီး ဘာစီလန်မြို့သည်လည်း မာရှယ်လောအုပ်ချုပ်မှုအောက်တွင် ရှိနေသည်။ သြဂုတ် ၂၁ ရက် တိုက်ခိုက်မှုပြီးနောက် မြို့ခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီး အာဏာပိုင်များက တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ခဲ့ကြောင်း ကန်ဒိုက ဆိုသည်။ အဘူဆေယက်တို့သည် ယခင်ကလည်း မာလူဆိုမြို့ကို အလားတူတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ဖူးကြောင်း ကန်ဒိုက ထည့်သွင်းပြောကြားခဲ့သည်။

ဘာစီလန်ကျွန်း၌ ကိုးလကြာ ထိန်းသိမ်းခံရပြီးနောက် အဘူဆေယက်တို့လက်မှ လွတ်မြောက်လာခဲ့သော ဗီယက်နမ်ဓားစာခံတစ်ဦးကို ဖိလစ်ပိုင်စစ်တပ်က ကယ်တင်ခဲ့ပြီး နောက်တစ်ရက်အကြာတွင် မာလူဆိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Ref: AFP