နောက်ဆုံးအသုတ် လက်နက်များအပ်နှံခဲ့ပြီးနောက် FARC နှင့် စစ်ပွဲနိဂုံးချုပ်ပြီဟု ကိုလံဘီယာ ကြေညာ

သြဂုတ် ၁၅ ရက်က ဂူအာဂျီဘာဒေသတွင် ကိုလံဘီယာဆိုင်ရာ ကုလသမဂ္ဂမစ်ရှင်ဥက္ကဋ္ဌ (ယာ-ဒုတိယမြောက်) နှင့် စကားပြောနေသော ကိုလံဘီယာသမ္မတ ဆန်းတို့စ် (ဝဲ)

အရည်ကျိုရန်အတွက် နောက်ဆုံးအသုတ် ဖျက်သိမ်းလက်နက်များအား အပ်နှံခဲ့ပြီးနောက် ကိုလံဘီယာတွင် အကြီးဆုံးပြောက် ကျားသူပုန်အဖွဲ့ဖြစ်သော ကိုလံဘီယာတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ (FARC) နှင့် နှစ် ၅၀ ကြာ စစ်ပွဲသည် အဆုံးသတ်သွားပြီဖြစ်ကြောင်း သမ္မတဟွမ်မန်နျူရယ်ဆန်းတို့စ်က သြဂုတ် ၁၅ ရက်တွင် ကြေညာခဲ့သည်။ ဖျက်ဆီးမည့်လက်နက်များအား ဝေးလံခေါင်သီသော လက်နက်ဖျက်ဆီးရေးစခန်းတစ်ခုသို့ မပို့ဆောင်မီ ယင်းလက်နက်များ တင်ဆောင်ထားသောထရပ်ကားများ၏ သော့ခလောက်များကို ဆန်းတို့စ်ကိုယ်တိုင် ခတ်ပေးခဲ့သည်။

ကိုလံဘီယာသမ္မတနိုင်ငံသည် သက်တမ်း ၁၉၈ နှစ်ကြာမြင်ခဲ့ပြီဖြစ်ပြီး ယခုကဲ့သို့ ရှည်ကြာသော ပဋိပက္ခမျိုး ကြုံတွေ့ခဲ့ခြင်း မရှိဘဲ ယနေ့သည် ယင်းပဋိပက္ခ၏ နောက်ဆုံးထွက်သက်ဖြစ်ကြောင်း နိုင်ငံမြောက်ပိုင်း ဂူအာဂျီရာဒေသရှိ ဝေးလံခေါင်သီသော ပွန်ဒိုရက်စ်တွင် ကျင်းပသည့်အခမ်းအနား၌ ဆန်းတို့စ်က ပြောကြားခဲ့သည်။ လက်ဝဲဝါဒီ သူပုန်အဖွဲ့ FARC က ပြီးခဲ့သောနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအရ အရပ်ဘက်ဘဝသို့ကူးပြောင်းရန် အဓိကခြေလှမ်းအဖြစ် စက်တင်ဘာ ၁ ရက်တွင် နိုင်ငံရေးပါတီအသွင်တရားဝင် ကူးပြောင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ပါတီအမည်ကို  Alternative Revolutionary Force of Colombia အဖြစ် မှည့်ခေါ်မည်ဖြစ်ကြောင်း၊ အတိတ်ကာလနှင့် အဆက်မဖြတ်လိုကြောင်း၊ ယင်းအတွက် တော်လှန်ရေးအင်အားစုတစ်ရပ်အဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း FARC ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ အီဗန်မားကွက်ဇ်က ပြောကြားခဲ့သည်။

FARC အဖွဲ့သည် လယ်သမားအုံကြွမှု တစ်ခုမှတစ်ဆင့် ၁၉၆၄ ခုနှစ် မေတွင် စတင်ထွက်ပေါ်လာခဲ့ပြီး ယင်းအဖွဲ့၏ မာ့စ်-လီနင် အိုင်ဒီယိုလော်ဂျီကို ထောက်ခံသည့် အလွှာစုံမှ လူအများစု ပါဝင်ခဲ့ကြပြီး မြေယာပြုပြင်ပြောင်းလဲရေးသည် အဓိကတောင်းဆိုချက်တစ်ခု ဖြစ်သည်။ ရာစုနှစ်ထက်ဝက်ခန့် ကြာမြင့်ခဲ့သော ယင်းလက်နက်ကိုင်ပဋိပက္ခအတွင်း လူ ၂၅၀၀၀၀ ခန့် သေဆုံးခဲ့ပြီး ၆၀၀၀၀ ခန့် စာရင်းပျောက်နေကာ လူခုနစ်သန်းသည် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

နောက်ထပ်သူပုန်အဖွဲ့ငယ်ဖြစ်သော အမျိုးသားလစ်ဘရယ်တပ်မတော် (NLA) က လက်ရှိအချိန်တွင် အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးနေသည်။ FARC မှ သင်းကွဲ အဖွဲ့ဝင် ၄၅၀ ခန့်ကမူ အစိုးရနှင့်ငြိမ်းချမ်းရေးယူရန် ငြင်းဆိုခဲ့သည်။ လတ်တလောတွင် FARC သူပုန်ဟောင်းများသည် စခန်း ၂၆ ခန်းတွင် ဖြန့်ကြက်နေထိုင်နေကြသည်။ FARC ၏ ကာကွယ်ပေးမှုအောက်တွင်ရှိသော ကလေးစစ်သား ၂၄ ဦးအား အဖွဲ့က သြဂုတ် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီး FARC သည် ကလေးစစ်သား ၈၈ ဦးကို အစိုးရထံ လွှဲပေးခဲ့ပြီးဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာကြက် ခြေနီအဖွဲ့က ထုတ်ပြန်ခဲ့သည်။

စစ်ပွဲနိဂုံးချုပ်မှုအတွက် ကိုလံဘီယာ ပြည်သူအများအပြားက စိတ်သက်သာရာရခဲ့သော်လည်း ရှေ့ခရီးလမ်းသည် စိန်ခေါ်မှုများစွာနှင့် ပြည့်နှက်နေသည်။ သူပုန်ဟောင်းများသည် အရပ်သားဘဝတွင် အသားကျစေရန် မည်သို့နေထိုင်ရမည့်စိန်ခေါ်မှု၊ စစ်ပွဲကာလအတွင်း ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှု ဖော်ဆောင်ရေးကိစ္စတို့သည် ကြီးမားသော စိန်ခေါ်မှုများဖြစ်သည်။ ပြစ်မှုများအတွက် ဝန်ခံသည့် သူပုန်များနှင့်စစ်သားများအား ထောင်ဒဏ်အပြစ်မပေးရန်၊ ခံစားခဲ့ရသူများအတွက် လျော်ကြေးပေးရန်၊ အကြမ်းဖက်မှုအား စွန့်လွှတ်မည်ဟု ကတိပြုရန် ယင်းသဘောတူညီချက်တွင် တိုက်တွန်းခဲ့သည်။