ကျွဲဆည်ကန်ကားကွင်းရှိ ဆိုင်ခန်းများ ယာယီကွင်းတွင် ပြောင်းရွှေ့မည့် အစီအစဉ် ယာယီရွှေ့ဆိုင်း

ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း (ကျွဲဆည်ကန်) ကို အဆင့်မြှင့်တင်မှု ပြုလုပ်မည်ဖြစ်ရာ ယင်းအချိန်အတွင်း ကားကွင်းအတွင်းရှိ ဆိုင်ခန်းများအနေဖြင့် တံခွန်တိုင်းဝိုင်းအနီး ယာယီကွင်းအတွင်း ပြောင်းရွှေ့ပြေးဆွဲရန် အတွက် ညွှန်ကြားထားသော်လည်း ပြောင်းရွှေ့ရမည့်ယာယီကွင်းတွင် စီစဉ်ထားမှုများမှာ အဆင်မပြေမှုများရှိနေကြောင်း ယာဉ်အသင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ကျွဲဆည်ကန်ကားကွင်းမှ ဆိုင်ခန်းများ အနေဖြင့် ယာယီကွင်းသို့ လာမည့်ဒီဇင်ဘာတွင် အပြီးပြောင်းရွှေ့ပေးရန် စည်ပင်မှ ညှိနှိုင်းထားသော်လည်း ယာယီကားကွင်း ဒီဇိုင်းနှင့် လက်ရှိထွက်ခွာပြေးဆွဲနေသည့် ယာဉ်အစီးရေ၊ ကားရပ်နားရန် နေရာသတ်မှတ်ထားမှုများ၊ ခရီးသည်များနှင့် ယာဉ်လိုင်းဝန်ထမ်းများအတွက် အဆင်မပြေမှုများစွာရှိပြီး ယင်းအချက်များကို ပြုပြင်သတ်မှတ်ပေးရန် ယာဉ်အသင်းလုပ်ငန်းရှင်များက တင်ပြထားကြောင်း သိရသည်။

“ယာယီကွင်းမှာ အခက်အခဲတွေက ဘာတွေရှိလဲဆိုတော့ ကားရပ်ဖို့ အခက်အခဲ ဖြစ်နိုင်တယ်။ ပါလာတဲ့ပစ္စည်းတွေချဖို့ ဂိတ်လိုမပေးထားဘူး။ အားလုံးလာချရမယ်ဆိုတာ မဖြစ်နိုင်ကြောင်း ပြောခဲ့တယ်။ ဧရိယာ သတ်မှတ်ပေးတာတွေ ချဲ့ပေးဖို့ ပြောခဲ့တယ်။ အခုလက်ရှိထွက်နေတာ တစ်ပြိုင်တည်းမှာ ကားအစီးရေ ၅၀ လောက်ရှိနေတာမို့ သူတို့ စီစဉ်ပေးထားမှုတွေနဲ့ အဆင်မပြေနိုင်တာတွေ ရှိတယ်။ သူတို့ဆွဲထားတာက ရှိတဲ့ယာဉ်လိုင်းနဲ့ မလောက်ဘူး။ ဒါတွေကို အဆင့်မြှင့်တင်မယ့်ကုမ္ပဏီနဲ့ တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ ပြောခဲ့တယ်။ ဒါကြောင့်မို့ သူတို့ပြောထားတဲ့ ဒီဇင်ဘာမှာ အပြီးရွှေ့ပေးဖို့ကို ရွှေ့ဆိုင်းသွားတယ်။ ဘယ်တော့လို့တော့ ထပ်မပြောသွားဘူး” ဟု မန္တလာမင်းယာဉ်လိုင်းဥက္ကဋ္ဌ ဒေါ်လဲ့လဲ့အေးက ပြောကြားသည်။ 

ကျွဲဆည်ကန်ကားကွင်း အဆင့်မြှင့်တင်မှုအား ငါးထပ်အဆောက်အအုံအဖြစ် တည်ဆောက်၍ ယာဉ်ဝင်းဧရိယာအတွင်း တခြားဆက်စပ်လုပ်ငန်းများ အတွက်လည်း စီစဉ်ထားရှိမည်ဖြစ်သောကြောင့် ရာခိုင်နှုန်း ၆၀ ကို ပြန်လည်အသုံးပြုချထားပေးမည်ဖြစ်ကာ ရာခိုင်နှုန်း ၄၀ အား အများသုံးနေရာများအတွက် အသုံးပြုမည်ဖြစ်ကြောင်း ယင်းသို့ဆောင်ရွက်ရာတွင် ရေရှည်အတွက် ထည့်သွင်းစဉ်းစားမှုများ လိုအပ်ပြီး စနစ်ကျမှုနှင့် မြေပြင်အခြေအနေတွက် အခက်အခဲ မဖြစ်ရန်အတွက် ပညာရှင်များဖြင့် အကြံပေး ဆောင်ရွက်သင့်ကြောင်း ယာဉ်အသင်းလုပ်ငန်းရှင်များက ဆိုသည်။

“လုပ်မယ့်အဆင့်မြှင့်တင်မှုမှာလည်း ဒီဇိုင်းပိုင်းမှာ အားနည်းမှုရှိနေတယ်။ မြေပြင် အခြေအနေမှာ ၁၄ မီတာလောက်ရှိတဲ့ကားကို သူတို့တွက်တဲ့အခါမှာ ၁၁ မီတာလောက်နဲ့ တွက်ထားတယ်။ နောက်ကျန်တဲ့ အစိတ်အပိုင်းတွေမှာလည်း ခရီးသည်တွေနဲ့ ယာဉ်လိုင်းတွေအတွက် အဆင်မပြေမှုရှိနိုင်တယ်။ ဒီလိုစီမံကိန်းကြီးလုပ်တဲ့အခါမှာ အကြံပေးလိုမျိုး ခန့်ထားတာလည်း မတွေ့ရဘူး။ ကန်ထရိုက်တာက ငှားထားတဲ့ ကုမ္ပဏီကပဲ ဒီဇိုင်း ရေးဆွဲတယ်။ တင်ပြတယ်။ အဲဒီမှာ လုပ်ငန်းတွေအတွက် အဆင်မပြေမှုတွေတွေ့တယ်။ ဒါကြောင့် စီမံကိန်း စနစ်တကျနဲ့ အဆင်ပြေဖို့လို့ ပညာရှင်ပါတဲ့ အကြံပေးလိုအပ်တယ်” ဟု ရွှေမန္တလာယာဉ်လိုင်းပိုင်ရှင် ဦးနေလင်းဦးက ပြောကြားသည်။

ကားကွင်း အဆင့်မြှင့်တင်ရေးနှင့် ပတ်သက်၍ ယာဉ်အသင်းပိုင်ရှင်များ၊ စည်ပင်သာယာနှင့် တည်ဆောက်မည့်ကုမ္ပဏီတို့ တွေ့ဆုံဆွေးနွေးခြင်းကို အောက်တိုဘာ ၃ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ယာဉ်အသင်းပိုင်ရှင်များက အဆင်မပြေမှုများကို တင်ပြခဲ့ခြင်းဖြစ်ပြီး ထပ်မံ၍တွေ့ဆုံမှုကို နိုဝင်ဘာလဆန်းအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ရှိ ကားကြီးကွင်းများအနက် ကျွဲဆည်ကန်ကားကွင်းမှာ ယာဉ်အစီးရေ အများဆုံး ထွက်ခွာပြေးဆွဲသည့် ကားကွင်းဖြစ်ကာ စည်ပင်သာယာမှ မှတ်တမ်းများအရ ကားကွင်းအတွင်း လက်မှတ်အရောင်းဆိုင်ခန်း ၃၃၀ နှင့် စျေးဆိုင်ခန်း ၁၀၀ ကျော်ရှိကြောင်း၊ ကားကွင်းအဆင့်မြှင့်တင်မှု စီမံကိန်းအတွက် M Development ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်သည်။