မွေးနေ့ ... အစက်ကလေးများ

ကျွန်တော့်ကို မွေးတုန်းက လေတွေ ဘာတွေတိုက် မိုးကြိုးတွေ ဘာတွေပစ်နေသလားတော့ မသိပါ။ အမေကလည်း ကျွန်တော့်ကို ဒီအကြောင်းတော့ဖြင့် ပြောမပြဖူးပါ။ ဒါကလည်း ဖြစ်နိုင်ခြေရှိတယ်။ ကျွန်တော့်ကို မွေးတုန်းက အမေဟာ မောပန်းနွမ်းနယ်နေမှာပဲ။ မိုးရွာသလား။ နေသာသလား။ အမေသိနိုင်မယ် မထင်ဘူး။ အဲဒါကြောင့်လည်း ကျွန်တော် မွေးတုန်းက ဘာထူးခြားတာရှိလဲ အမေလို့ တစ်ခါမှမမေးဖူးဘူး။ ထူးခြားဖို့လည်း မလိုဘူးကိုး။ အဖေ့ကိုလည်း ကျွန်တော် မမေးဖူးဘူး။ အဖေကတော့ သိနိုင်မယ်ထင်တယ်။ အဲ့ဒီတုန်းက အဖေဟာ ပျော်ရွှင်ဝမ်းသာနေမယ်ထင်တယ်။ ငါ အဖေဖြစ်ပြီကွလို့ အော်နေမလား။ ကျွန်တော် မသိပါ။ ဖြစ်နိုင်ခြေ များစွာရှိပါတယ်။ ဘာဖြစ်ဖြစ် ကျွန်တော်ဟာ ကမ္ဘာမြေရဲ့ နေ့ရက်လေးတစ်ခုမှာ အမေ့ဗိုက်ထဲကနေ ထွက်လာခဲ့ပါတယ်။ ပထမဆုံး သားဦးရတနာလေးဖြစ်တဲ့အတွက် အဖေနဲ့အမေဟာ သိပ်ကို ပျော်နေကြမှာပဲ။ ဒါကိုတော့ သေသေချာချာ ကျွန်တော်ပြောရဲပါတယ်။

အဲဒီတုန်းက ကျွန်တော်တို့ မိသားစုလေးဟာ မင်းတပ်မြို့ရဲ့ ရပ်ကွက်လေးတစ်ခုမှာ နေထိုင်ခဲ့ကြပါတယ်။ အိမ်ငှားပြီးနေတာတဲ့။ အဖေနဲ့ အမေတို့ဟာ မင်းတပ်မြို့ရဲ့ အထက်တန်းကျောင်းတစ်ခုမှာ စတွေ့ခဲ့ကြပါသတဲ့။ အဖေနဲ့ အမေတို့ဟာ ဆယ်တန်း အောင်ကြတာနဲ့ အိမ်ထောင်ပြုကြပါတယ်။ အဖေဟာ အစက ဗုဒ္ဓဘာသာ ကိုးကွယ်သူပါ။ အဖေ့ဆွေမျိုးများဟာ ဗုဒ္ဓဘာသာဝင်တွေပါ။ အမေ့ဆွေမျိုးတွေကတော့ တော်တော်များများ ခရစ်ယာန်တွေ။ နောက်တော့ ကျွန်တော့်အဖေဟာ ခရစ်ယာန်ဘာသာထဲကို ဝင်ခဲ့ပါတယ်။ အဖေ့မိသားစုအမျိုးတွေနဲ့ အမေ့အမျိုးတွေက အဖေနဲ့ အမေ့ကို ခွဲချင်ကြပါသတဲ့။ သဘောလည်း မတူကြဘူးတဲ့လေ။ အဲဒီလို သဘောမတူကြတဲ့အတွက် ဘယ်သူကမှ အဖေနဲ့ အမေကို အဖက်မလုပ်ဘဲ ပစ်ထားခဲ့ကြပါသတဲ့။ အဲဒီတုန်းက အဖေဟာ ၁၀ တန်းကို ဂုဏ်ထူးနှစ်ဘာသာ ပါပါတယ်။ အဖေဟာ စီးပွားရေးတက္ကသိုလ်တက်ဖို့ ကြံစည်ခဲ့ပုံရပါတယ်။ အမေနဲ့ရတော့ အဖေဟာ ဘယ်တက္ကသိုလ်မှ မတက်ဖြစ်တော့ဘူး။ အမေလည်း တက္ကသိုလ်မရောက်ခဲ့။ ဘာဖြစ်ဖြစ်။ နောက်ကြာတော့ အဖေနဲ့ အမေ့ကို ဆွေမျိုးတွေက ပြန်ပြီးဆက်ဆံကြပါတယ်။ အဖေနဲ့ အမေတို့ဟာ သိပ်ကိုချစ်ခဲ့ကြတာဆိုတာတော့ သေချာပါတယ်။

ကျွန်တော့် ညီမလေးကို မွေးတော့ အိမ်မှာ ပွဲလုပ်တယ်။ အဲဒီတုန်းက ကျွန်တော်တို့ အိမ်လေးမှာ ဝက်သတ်သလား။ ဘာလားတော့ မမှတ်မိတော့ပါ။ အဲဒီတုန်းက ကျွန်တော့်အသက် သုံးလေးနှစ်လောက်ပဲ ရှိဦးမယ်။ ဆွေမျိုးတွေ အဖေ့သူငယ်ချင်း မိတ်ဆွေတွေ အမေ့အသိတွေ ကျွန်တော်တို့ အိမ်ကိုလာကြပါတယ်။ ညီမလေးကို ကင်ပွန်းတပ်တဲ့ပွဲလုပ်ကြတာပါ။ ခေါင်အိုးတွေလည်း အများကြီး။ ကျွန်တော့် ဘာသာနာမည်က ပေါလ်တဲ့။ ကျွန်တော့်ညီမလေးရဲ့ နာမည်ကတော့ ဂျူစတီးနားတဲ့။ ခရစ်ယာန်ဘာသာရဲ့ မြင့်မြတ်တဲ့ ရဟန္တာသူတော်စင်တွေရဲ့ နာမည်တွေပါ။ ဘုရားကျောင်းက ဘုန်းဘုန်းဟာ ကျွန်တော်တို့ကို ဘာသာနာမည်ဆေးကြောခြင်း မင်္ဂလာပေးခဲ့တယ်လို့ အမေက ပြောပါတယ်။ ဆေးကြောခြင်းမင်္ဂလာဆိုတာ ကျွန်တော်တို့ ကက်သလစ် ခရစ်ယာန်ဘာသာဝင်တိုင်း မဖြစ်မနေ လုပ်ရပါတယ်။ အဲဒီ ညီမလေးရဲ့ ပွဲလွန်တော့ ကျွန်တော် ဘာကိုမှ သေချာမမှတ်မိတော့ဘူး။ မျက်စိစဖွင့်တော့ မျက်နှာကြက်အဖြူကို မြင်ရတယ်။ ကျွန်တော် ခုတင်တစ်ခုပေါ်မှာ ရောက်နေတယ်။ နိုးလာပြီလားသားတဲ့။ အမေနဲ့ အဖေတို့ဟာ ကုတင်ဘေးနားမှာထိုင်ပြီး ကျွန်တော့်ကို ကြည့်နေကြတယ်။ အမေပြောပြမှ ဆေးရုံကို ရောက်နေတယ်လို့ သိရတယ်။ ခေါင်ရည်သောက်တာ များလွန်းလို့တဲ့။ ဆရာဝန်က အမေနဲ့ အဖေ့ကို ဆူပါသတဲ့။ ဒီလောက် ငယ်သေးတဲ့ ကလေးတစ်ယောက်ကို ခေါင်ရည် အလွန်အကျွံ တိုက်စရာလားတဲ့။ အဖေနဲ့ အမေ့ကို ဆရာဝန်က ဆူသတဲ့လေ။ ကျွန်တော်ဖြင့် အဲဒီအဖြစ်အပျက်ကို အခုထိ မမေ့နိုင်ဘူး။ အမေ့ပြောပုံအရ အဲဒီ ညီမလေးပွဲနေ့ ညမှာ ကျွန်တော် မျက်ဖြူတွေလန်ပြီး အသက်လည်း သိပ်မရှူတော့ဘူးတဲ့လေ။ အဲဒါနဲ့ အဖေက ကျွန်တော့်ကို ကျောပိုးပြီး အမေနဲ့အတူ ဆေးရုံကို သွားခဲ့ကြတာဆိုပဲ။ အခု ကျွန်တော် ပြန်စဉ်းစားနေမိတယ်။ ဝိုးတိုးဝါးတားပါပဲ။ အဲဒီညက ကျွန်တော် ဘာဖြစ်နေသလဲ ဘယ်ရောက်နေတာလဲ ပြန်တွေးကြည့်တာပါ။

အိမ်မှာတော့ မွေးနေ့ အထိမ်းအမှတ်တွေ ဘာတွေ အရင်က မလုပ်ဘူး။ ကျွန်တော်တို့အိမ်က လူတွေဟာ အခုချိန်အထိ အပိုအလုပ်တွေ သိပ်မလုပ်ကြဘူးလို့ ပြောရမယ်။ အပိုအလုပ်ဆိုတော့လည်း မဟုတ်ပါဘူး။ အပိုအလုပ် လုပ်ဖို့ဆိုတာ အချိန်ကလေးရှိမှ။ ပိုက်ဆံကလေး ဘာလေးကလည်း ပြေလည်ဦးမှ။ မွေးနေ့ပွဲ လုပ်ပေးပါလို့ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေကလည်း အဖေနဲ့ အမေ့ကို တစ်ခါမှ မပြောကြဘူး။ သူများတွေအိမ်မှာ မွေးနေ့ပွဲတွေ လုပ်တယ်ဆိုတာကိုတော့ ကျွန်တော် သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်သူငယ်ချင်းတွေက မွေးနေ့ပွဲနဲ့ ပတ်သက်လို့ ခဏ ခဏ ပြောပြောတတ်ကြတာကိုး။ ဒါပေမဲ့လည်း မွေးနေ့ပွဲဟာ ကျွန်တော့်အတွက် ဘာအဓိပ္ပာယ်မှတော့ မရှိလှဘူး။ အရသာလည်း မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှ မွေးနေ့ပွဲ မလုပ်ဖူးတာ။ မွေးနေ့ပွဲလေး ဘာလေးလုပ်ချင်မိသားလို့တော့ တစ်ခါတလေ တွေးဖူးပါရဲ့။ ဒါကလည်း ခဏပါပဲ။ မွေးနေ့ပွဲမှာ ကိတ်မုန့်နဲ့။ လက်ဆောင်တွေနဲ့ ။သူငယ်ချင်း မိဘ ဆွေမျိုးတွေနဲ့။ ဘာညာတော့ ကျွန်တော်သိပါရဲ့။ မပြေလည်သူတွေအတွက်တော့ နေ့တိုင်းဟာ စစ်မြေပြင်ပါ။ မွေးနေ့တွေ ဘာတွေဆိုတာ စားရေး နေရေးလောက်မှ အရေးမကြီးတာကိုး။ ကြာတော့လည်း မွေးနေ့ဟာ သိပ်အရေးမပါတော့ပါဘူး။ တစ်ယောက်ယောက်ကပြောမှ ဒီနေ့ဟာ ငါ့မွေးနေ့ပါလားလို့ သိရတဲ့ အချိန်တွေလည်း ရှိတယ်။ အများအားဖြင့်ကတော့ မွေးနေ့ရောက်ပြီဆိုတာကို မမှတ်မိဘူး။ တစ်ခါတလေများဆို အော် ဟိုတစ်နေ့က ငါ့မွေးနေ့ပါလားလို့ သိလိုက်ရတဲ့ အချိန်တွေလည်း ရှိတယ်။ ဒါပေမဲ့လည်း ဝမ်းနည်းစရာ ကောင်းပါလားလို့ တစ်ခါမှ မတွေးဖူးတာ အမှန်ပဲ။ ငါ့မွေးနေ့ကိုတောင် ငါမမှတ်မိပါလားလို့ တစ်ခါတလေတော့လည်း တွေးဖူးပါတယ်။ ဒါကလည်း ခဏပဲ။ ကြာတော့လည်း မေ့မေ့ပျောက်ပျောက်။ ထို့အတူပဲ။ အဖေ့မွေးနေ့။ အမေ့မွေးနေ့။ ညီမလေး လိုင်းရဲ့ မွေးနေ့။ ညီလေးရှိန်းရဲ့ မွေးနေ့။ ညီမလေး စိမ်းရဲ့မွေးနေ့။ ကျွန်တော် မသိဘူး။ စာအုပ်ထဲမှာတော့ သေချာမှတ်သားဖူးပါတယ်။ ကျွန်တော့် မွေးနေ့ဟာ အရေးမကြီးသလို ကျန်တဲ့လူတွေရဲ့ မွေးနေ့ကိုလည်း ကျွန်တော်ဖြင့် သိပ်စိတ်မဝင်စားဘူး။ မပြေလည်သူတွေ အတွက် မွေးနေ့ဟာ ဘာများထူးခြားမှုရှိမှာလဲ။ ဒီလိုနဲ့ ကျွန်တော် ကြီးပြင်းခဲ့တယ်။ မိတ်ဆွေအရင်းခေါက်ခေါက်တွေက မင်းကွာ ငါတို့ မွေးနေ့ကိုတောင် မမှတ်မိဘူး။ မင်း မွေးနေ့တော့ ငါတို့သိတယ်။ ဆုတောင်းပေးတယ်။ မင်းတော့ ငါတို့ မွေးနေ့ကို မသိဘူး။ မမှတ်မိဘူး။ မင်းကို ငါတို့ ချစ်သလောက် ခင်သလောက် မင်းက ငါတို့အပေါ်မှာ အဲဒီလို တူညီသော စိတ်ထားမရှိပါဘူးကွာတဲ့။ ကျွန်တော် ဘာပြောရမလဲ။ ဝမ်းနည်းမိတာတော့ အမှန်ပဲ။ သူတို့ပြောတာလည်း မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမဲ့။ သူတို့အပေါ် ကျွန်တော်ထားတဲ့ ချစ်ခြင်းမေတ္တာကတော့ မလျော့ပါဘူး။ ကျွန်တော် ပြောရဲပါတယ်။

မွေးနေ့နဲ့ ပတ်သက်လို့တော့ အမေက ပြောဖူးတယ်။ ဘုရားသွား ဆုတောင်းပါတဲ့။ ဘုရားသခင်ကို ကျေးဇူးတင်ပါတဲ့။ အမေပြောတဲ့ မွေးနေ့ အထိမ်းအမှတ်ဆိုတာ ဒါပဲ။ အမေက ဘာသာရေးတော့ တော်တော်လေး ကိုင်းရှိုင်းတယ်။ သူမ ငယ်ငယ်တုန်းက ဆယ်ဆယ်ကျောင်း (မယ်သီလကျောင်း) မှာနေပြီး ကျောင်းတက်ခဲ့တာကိုး။ အမေတို့က ရွာမှာနေတာ။ အတန်းလေးကြီးလာတော့ မြို့သွားပြီး ဆယ်ဆယ်ကျောင်းမှာနေရင်း ကျောင်းတက်ရတဲ့ သဘော။ အဲဒါကြောင့်ဖြစ်မယ်။ အမေဟာ ကျွန်တော်တို့တွေ ဟင်းမကောင်းဘူး ဘာညာပြောတဲ့အခါတိုင်း ဆယ်ဆယ်ကျောင်းမှာ ဘယ်လိုနေ ဘယ်လိုစားခဲ့ရတယ်ဆိုပြီး ခဏ ခဏ ပြောနေတော့တာပဲ။ မွေးနေ့ပွဲ။ မွေးနေ့အထိမ်းအမှတ် မလုပ်ရတာက အဓိကတော့ ငွေမရှိလို့။ ငွေမရှိလို့သာ မွေးနေ့ပွဲမလုပ်ရတာ မဟုတ်လား။ မွေးနေ့ပွဲလုပ်ရင် အနည်းနဲ့ အများတော့ ပိုက်ဆံကုန်တာပဲ။ ဆွေမျိုးတွေ သူငယ်ချင်းတွေ ဘာညာခေါ်မယ်ဆိုရင်တော့ ပိုက်ဆံက ပိုကုန်မှာ။ အဲဒါကြောင့်ဖြစ်မယ်လို့ အခုတော့လည်း နားလည်လာနိုင်တာပေါ့။ ငယ်ငယ်တုန်းက မွေးနေ့ပွဲ လုပ်ပေးပါ ဘာညာ ကျွန်တော်တို့ မောင်နှမတွေ မပြောခဲ့ကြတာ ကြံဖန်ပြီး ဂုဏ်ယူမိတယ်။

သူငယ်ချင်းတွေရဲ့ မွေးနေ့တွေ ဘာတွေကိုတော့ ကျွန်တော် ခဏ ခဏ ကြုံဖူးတယ်။ နောက်ပိုင်းတော့ သူတို့ခေါ်တိုင်း ကျွန်တော် လိုက်ဖြစ်ပါတယ်။ မွေးနေ့ပွဲ အကြောင်း သေချာမသိပေမယ့် မွေးနေ့လက်ဆောင်ကိုတော့ ကျွန်တော် ပြင်သွားတတ်ပါတယ်။ ကျွန်တော် စာဖတ်တယ်လေ။ လူတွေနဲ့ ဆက်ဆံတယ်လေ။ ဒီလောက်တော့ ကျွန်တော်သိပါတယ်။ ငယ်တုန်းမှာတော့ ဘယ်သူခေါ်ခေါ် ကျွန်တော် မလိုက်ဘူး။ ကျွန်တော့်မှာ မွေးနေ့လက်ဆောင်ပေးဖို့ ဘာမှမရှိဘူး။ သိမ်ငယ်သလိုလို ဘာလိုလိုတော့ ခံစားရတာပေါ့။ အိမ်က ဘာမုန့်ဖိုးမှ မပေးတတ်ဘူး။ အိမ်မှာရှိတာ ဝအောင်စား။ ဒါပဲ။ ဒီတော့လည်း မွေးနေ့ပွဲ မသွားဖြစ်ဘူးပေါ့။ တစ်ခါက ကြုံဖူးတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့။ သူ့မွေးနေ့ပွဲကို ခါတိုင်းလိုပဲ ကျွန်တော် မသွားဖြစ်ခဲ့ဘူး။ သွားတော့ သွားချင်တာပေါ့။ ဒါပေမဲ့လည်း လက်ဆောင်ပေးစရာ ဘာတစ်ခုမှ မရှိတော့ မသွားဖြစ်ဘူး။ အဲဒါနဲ့ ငါ့မွေးနေ့ကို မလာရကောင်းလားဆိုပြီး သူငယ်ချင်းက ကျွန်တော့်ကို စိတ်ဆိုးပါတယ်။ တစ်ပတ်လောက် ကျွန်တော့်ကို စကားမပြောဘူး။ နောက်တော့မှ ကျွန်တော့်ကို ပြန်ခေါ်တယ်။ ကျွန်တော်ကလည်း သူ့ကို အမှန်အတိုင်း ပြောပြလိုက်ပါတယ်။ အစကတော့ ရှက်လို့မပြောဘဲ နေသေးတယ်။ ဒီတော့လည်း သူငယ်ချင်းက ပြောရှာပါတယ်။ မင်းကွာ လက်ဆောင်မလိုပါဘူးဟ မင်းလာရင်ကို ငါကျေနပ်ပြီတဲ့။ ငယ်ငယ်တုန်းက အဖြစ်အပျက်လေးပါ။

ကျွန်တော်တို့မိသားစု ဟားခါးမှာ နေရတုန်းက တော်တော်ကြီးကို ရုန်းကန်ကြရပါတယ်။ အဖေ့ ဝင်ငွေတစ်ခုလေးအပေါ်မှာ ကျွန်တော်တို့ မှီခိုနေထိုင်ကြရပါတယ်။ ကျွန်တော်တို့ မောင်နှမတွေကလည်း လေးယောက်။ အားလုံး ကျောင်းနေတဲ့အရွယ်တွေ။ ဟားခါးမှာ ဘယ်ဟာမဆို ကုန်ဈေးနှုန်း သိပ်ကိုကြီးပါတယ်။ ကျွန်တော်တို့ မင်းတပ်မှာ နေတုန်းကတော့ အဆင်ပြေတယ်။ ပြေဆို မင်းတပ်မှာ အသီးအနှံ အဝတ်အထည် ဘာမဆို ဈေးချိုပါတယ်။ ဒါကလည်း လမ်းပန်းဆက်သွယ်ရေး၊ ဒေသထွက်ကုန်၊ ဒေသစိုက်ပျိုးမြေ အနေအထားနဲ့ ဆိုင်ပါတယ်။ မင်းတပ်မှာ အမေက ဈေးရောင်းတယ်။ အိမ်ဆိုင်ကလေးပါ။ အမေသာ ဝန်ထမ်းလုပ်ခဲ့ရင် ကျွန်တော်တို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ဟားခါးရောက်တော့ တော်တော်လေးကို ရုန်းကန်ကြရတာပဲ။ အဲဒီတုန်းက အဖေ့လစာဟာ သုံးသောင်းပဲရှိတယ်။ တစ်လ သုံးသောင်းနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ ကျူရှင်ဆိုတာကို ငေးရုံသာ ငေးကြည့်ခဲ့ရတဲ့ အချိန်တွေပါ။

ဒါပေမဲ့ ကံကောင်းစွာပဲ။ သူငယ်ချင်းဒေးဗစ် (ရီဖျူဂျီနဲ့ အမေရိကန် ပြောင်းသွားကြ။ တစ်မိသားစုလုံး။ အခု အမေရိကန် အိုဟိုင်းယိုး တက္ကသိုလ်တစ်ခုမှာ နောက်ဆုံးနှစ်) ကောင်းမှုနဲ့ ဂေါက်ကွင်းရောက်သွားခဲ့ရတယ်။ ကယ်ဒီလိုက်တယ်လို့ ခေါ်တာပေါ့။ ဂေါက်အိတ်ထမ်းရ တွန်းရတာမျိုး။ ဂေါက်သီးကို ရှေ့ကနေ ပြေးကြည့်ရတာ။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ မိသားစု အသက်ရှူချောင်လာတယ်။ ကျွန်တော့်မှာ အလုပ်နှစ်ခုပဲ ရှိတယ်။ စာဖတ်တာရယ်။ ဂေါက်ကွင်းသွားပြီး ဂေါက်ရိုက်ပွဲ မစသေးရင် ဂေါက်သီးရှာတာ။ ဒါပဲ။ ညဆိုကျောင်းစာ အော်ကျက်။ စာကြည့်တိုက်က ငှားထားတဲ့ မဂ္ဂဇင်းတွေ၊ ဝတ္ထုတွေဖတ်။ ရှစ်တန်းလောက်မှ အဖေ့ရုံးက စားပွဲတင် တင်းနစ်ခုံပေါ်ကို ကျွန်တော်ရောက်သွားတာ။ ထားတော့။ ကျွန်တော် ကယ်ဒီလိုက်တာရယ်၊ ဂေါက်သီးရှာတာရယ်က တော်တော်လေး အဆင်ပြေပါတယ်။ ညနေဆို အတန်းဆင်းတာနဲ့ ဂေါက်ကွင်းပြေး။ ကိုယ့်ဆရာလာရင် ကယ်ဒီလိုက်။ မလာရင်လည်း တခြားလူရဲ့ ကယ်ဒီလိုက်နဲ့။ အဲဒီတုန်းက အဖေ့လစာဟာ တစ်လကို သုံးသောင်းကျော်ကျော်ပဲ။ ကျွန်တော် ဂေါက်ကွင်းမှာ ကယ်ဒီလိုက်တာ တစ်လကို သုံးသောင်းခွဲတော့ အေးဆေးရပါတယ်။ အဲဒီတုန်းက ကျွန်တော် မွေးနေ့ ပထမဆုံးအကြိမ် လုပ်ဖူးတယ်။ ကျွန်တော် ရှစ်တန်း ကျောင်းသားလား၊ ခုနစ်တန်း ကျောင်းသား ဘဝလား သေချာမမှတ်မိတော့ပါ။ ကယ်ဒီလိုက်တော့ ပိုက်ဆံကလည်း ရွှင်တာကိုး။ ဟင်းတွေတန်းစီပြီး ဝယ်ချက်။ ဘာညာပေါ့။ မိသားစု ထမင်းဝိုင်းလေးပေါ့။ ကျွန်တော် ပျော်ခဲ့ဖူးပါတယ်။ နောက်ပိုင်းဆို ဘယ်သူ့မွေးနေ့ ဘာညာ ချက်စား လုပ်စား လုပ်ဖြစ်ကြပါတယ်။ မိသားစုလေးအတွင်းပေါ့။

နောက်တော့ အဖေရာထူးတိုးလို့ ရှမ်းပြည်ကို ကျွန်တော်တို့ ပြောင်းရပါတယ်။ ရှမ်းပြည်မှာတော့ အဆင်ပြေတယ် ပြောရမှာပါ။ ကုန်ဈေးနှုန်းတွေ ဘာတွေကလည်း ချိုတယ် ပြောရမှာပဲ။ ဟားခါးနဲ့ ယှဉ်မယ်ဆို အများကြီး ကွာပါတယ်။ သိပ်တော့လည်း အဆင်မပြေဘူးပေါ့။ အဖေက စိုက်ပျိုးရေးကျောင်းသား ကျွန်တော့်ကိုလည်း ထောက်ရ။ စီးပွားရေး ဒုတိယနှစ်ကျောင်းသူ ညီမကိုလည်း ထောက်ရ။ အငယ်နှစ်ယောက် ပညာရေး။ အိမ်စားဖို့လည်း လုပ်ရနဲ့။ အိမ်ပြန်ရောက်တဲ့အခါ မွေးနေ့လေး ဘာလေး ကြုံရင်တော့ မွေးနေ့ အထိမ်းအမှတ်လေးတစ်ခုအနေနဲ့ တစ်ခုခု လုပ်ဖြစ်ကြပါတယ်။

မွေးနေ့နဲ့ ပတ်သက်လို့တော့ ကျွန်တော့်မှာ ဘာအစွဲအလမ်းမှ သိပ်မရှိလှဘူး။ မွေးနေ့ရောက်တဲ့အခါ အဆိုးမြင်ဝါဒီတွေကတော့ ငါအသက်ကြီးလာတာပဲလို့ မြင်တတ်ကြသတဲ့။ ကျွန်တော်ကတော့ တစ်ခါမှ မတွေးဖူးဘူး။ ဘာမဆို ရွေ့နေတာပဲ။ ဘာကိုမှ တားလို့မရ။ တစ်ခုတော့ ရှိတယ်။ မိတ်ဆွေ၊ မွေးနေ့ရောက်တဲ့အခါ သင့်ကို ကျွန်တော် ပျော်ရွှင်စေလိုကြောင်းပါ။ ပျော်ရွှင်ပါစေလို့ မေတ္တာပို့သပါတယ်။