မြေယာအငြင်းပွားမှုအတွက် ၁၈၉၄ မြေသိမ်းဥပဒေကို မျက်ကွယ်မပြုသင့်ပါ

မင်္ဂလာဒုံမြို့နယ်တွင် ကျူးကျော်ဟုဆိုကာ ဇေကမ္ဘာကုမ္ပဏီဘက်မှ ဖယ်ရှားရှင်းလင်းမည့်သူများအား အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

မြေသိမ်းဆည်းခံရတဲ့ ပြဿနာဆိုတာ တစ်နိုင်ငံလုံးအနှံ့အပြား ဖြစ်ပွားနေတဲ့ ကြီးမားတဲ့ ပြဿနာတစ်ရပ်ပါ။ ယခင် အစိုးရအဆက်ဆက်မှာလည်း အကြောင်းအမျိုးမျိုးနဲ့ မြေတွေသိမ်းဆည်းခဲ့ကြပါတယ်။ အဲဒီ အစိုးရလက်ထက်က မြေတွေ သိမ်းဆည်းခဲ့တဲ့ အကျိုးရလဒ်ကိုတော့ ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရ လက်ထက်မှာ ဖြေရှင်းနေရဆဲ ဖြစ်ပါတယ်။

မြေသိမ်းခံရတဲ့ပြည်သူတချို့ လျော်ကြေးရကြပေမယ့် လျော်ကြေးမရတာတွေက ပိုများပါတယ်။ ဘိုးစဉ်ဘောင်ဆက် လယ်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ လယ်သမားတွေဟာ လယ်မရှိတော့တဲ့အတွက် ဒုက္ခမျိုးစုံနဲ့ကြုံတွေ့ခဲ့ရတယ်။

လယ်သမားအချို့ကတော့ သိမ်းဆည်းခံရတဲ့ သူတို့ဘိုးဘွားပိုင်ဖြစ်တဲ့ လယ်မြေတွေပေါ်မှာ ထွန်ယက်စိုက်ပျိုးတာတွေ၊ ထွန်တုံးတိုက်ပွဲတွေ လုပ်ခဲ့တဲ့အတွက် တရားစွဲခံရပြီး ထောင်ဒဏ်ချခံရတွေလည်း ရှိခဲ့ပါတယ်။ ရန်ကုန်လို မြို့ကြီးပြကြီးမှာလည်း မြေသိမ်းဆည်းခံရတာတွေ ဖြစ်ပွားခဲ့ပါတယ်။ အထင်ရှားဆုံး မြေသိမ်းဆည်းခံရမှုများကတော့ မိကျောင်းကန်မြေသိမ်းဆည်းမှုနဲ့ မြန်မာ့ဂုဏ်ရောင် မြေသိမ်းဆည်းခံရမှုတို့ပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ သိမ်းဆည်းခံရတဲ့ မြေတွေပြန်ပေးဖို့နဲ့ လျော်ကြေးငွေပေးဖို့အတွက် ဆန္ဒပြတောင်းဆိုမှုတွေ၊ သပိတ်စခန်းဖွင့် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်ရှိအချိန် အထိနစ်နာကြေးအနေနဲ့လျော်ကြေး တစ်စုံတစ်ရာ မရကြသေးပါဘူး။

သမ္မတဦးသိန်းစိန်အစိုးရ တက်လာတဲ့အချိန်မှာ ဒီမိုကရေစီခေတ်စနစ် ဖြစ်တာနဲ့အညီ မြေသိမ်းဆည်းခံရတဲ့ ပြည်သူတွေဟာ သူတို့ပိုင်တဲ့ မြေတွေကို ပြန်ပေးဖို့ ဒါမှမဟုတ်မြေ သိမ်းမှုအတွက် လျော်ကြေးငွေပေးဖို့ တောင်းဆိုလာကြပါတယ်။ ဆန္ဒထုတ်ဖော်မှုတွေနဲ့ သပိတ်စခန်းဖွင့် တောင်းဆိုမှုတွေတောင် ရှိခဲ့ပါတယ်။ ရန်ကုန်မြို့လယ်ကောင် မဟာဗန္ဓုလပန်းခြံဘေးမှာ သိမ်းဆည်းခံမြေတွေ ပြန်ပေးဖို့နဲ့လျော်ကြေးငွေပေးဖို့ တောင်းဆိုနေတဲ့ မိကျောင်းကန်ပြည်သူတွေကို စည်ပင်ရဲတပ်ဖွဲ့၊ အရပ်ဝတ်နဲ့ အင်အားသုံးဖြိုခွင်းပြီး သပိတ်စခန်း ဖွင့်တောင်းဆိုတဲ့သူအချို့ကို ဖမ်းဆီးထောင်ချခဲ့တာတွေ ရှိခဲ့ပါတယ်။

ယခု NLD အစိုးရလက်ထက်မှာတောင် မြေယာအငြင်းပွားမှု ပြဿနာတွေ ဖြစ်ပွားနေဆဲပါပဲ။ သာဓက တစ်ခုအနေနဲ့ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် စက်မှုဇုန်တိုးချဲ့(၁) လမ်းရဲ့အနီးနားရှိ မြေ ၁၁ ဧကကျော်ကို ဇေကမ္ဘာကုမ္ပဏီက ပိုင်ဆိုင်တယ်ဆိုပြီး မြောက်ပိုင်းခရိုင်တရားရုံးက ဘီလစ်အရာရှိနဲ့ အတူလာရောက်ကာ ဒီမြေပေါ်မှာနေတဲ့ လယ်သမားတွေကို ဖယ်ရှားခိုင်းခဲ့ပါတယ်။

လယ်သမားတွေက ဒီမြေယာ အငြင်းပွားမှုဟာအမှုရင်ဆိုင်နေဆဲ ဖြစ်တဲ့အတွက် မဖယ်ပေးနိုင်ဘူးလို့ ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ မြောက်ပိုင်းခရိုင် ဘီလစ်အရာရှိကနေ အိမ်တွေဖယ်ရှားမယ်ဆိုတာ ကြိုတင်အကြောင်းကြားခဲ့ပြီးဖြစ်တဲ့အတွက် အချိန်ထပ်မပေးနိုင်ဘူးလို့ပြောပြီး အချိန်တစ်နာရီသာ ပေးခဲ့တယ်။ တစ်နာရီပြည့်တဲ့အချိန်မှာပဲ ဇေကမ္ဘာကုမ္ပဏီက လယ်သမားဦးလှဌေးနဲ့ အခြားလယ်သမားတစ်ဦးပိုင်ဆိုင်တဲ့ နေအိမ်နှစ်လုံးကို အနီရောင် အဝတ်ဝတ်ထားသူ ၁၅၀ ခန့်နဲ့ စပြီး ဖြိုချဖျက်ဆီးခဲ့ပါတယ်။ နေအိမ်နှစ်လုံးကို ဖယ်ရှားပြီးနောက်မှာ သွပ်ပြားတွေနဲ့ ခြံစည်းရိုးခတ်ခဲ့ပါတယ်။ ဒီလိုဇေကမ္ဘာကုမ္ပဏီကနေအိမ်တွေ ဖယ်ရှားနေချိန်မှာ ရဲတပ်ဖွဲ့က အင်အား ၁၀၀ နဲ့ လုံခြုံရေးယူပေးခဲ့ပါတယ်။

တကယ်တော့ ဒီမြေ ၁၁ ဧက အတွက် ဇေကမ္ဘာကုမ္ပဏီနဲ့ ဦးကံထွန်း၊ ဦးလှဌေး၊ဒေါ်ခင်စန်းနှင့် ဒေါ်မြင့်မြင့်သိန်း(ခ)မပေါက်တို့နဲ့ မြေယာအငြင်းပွားမှုဖြစ်နေတဲ့ ပြဿနာတစ်ခုပါ။ လယ်သမားတွေကတော့ ဒီမြေတွေကို အခြားလယ်သမားတွေ ဆီကလက်လွှဲနဲ့ ဝယ်ယူခဲ့တဲ့လယ် မြေယာတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဇေကမ္ဘာကုမ္ပဏီကလည်း သူတို့ပိုင်တဲ့မြေဆိုပြီး ပြောတဲ့အတွက် မြေယာအငြင်းပွားမှု ဖြစ်ခဲ့တာပါ။ ၂၀၁၃ ခုနှစ်မှာ ဇေကမ္ဘာကုမ္ပဏီဘက်က သူတို့ပိုင်တဲ့မြေတွေပေါ်မှာ လယ်သမားတွေ ကျူးကျော်နေထိုင်တယ်ဆိုပြီး ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးမှာ လယ်သမားတွေကို တရားစွဲဆိုခဲ့ပါတယ်။

ဇေကမ္ဘာကုမ္ပဏီဘက်က မြေ ၁၁ ဧကကျော်ကို သူတို့ပိုင်ဆိုင်ကြောင်း လန ၃၉ ကို တရားရုံးသို့ တင်ပြခဲ့တဲ့အတွက် မြောက်ပိုင်းခရိုင် တရားရုံး၊ တိုင်းတရားရုံးနဲ့ ဗဟိုတရားရုံးတို့မှာ လယ်သမားတွေ အမှုရှုံးခဲ့ကြပါတယ်။ လယ်သမားတွေ ကဒီအမှုကို စာချွန်တော်အထိ တက်ဖို့လုပ်နေတုန်း အချိန်မှာပဲ အခုလို နေအိမ်တွေ ဖယ်ရှားခံရတာ ဖြစ်ပါတယ်။

ဇေကမ္ဘာကုမ္ပဏီက အင်အားသုံးပြီး နေအိမ်ဖယ်ရှားခြင်းခံခဲ့ရတဲ့ ဦးလှဌေးက “၁၉၉၇ ခုနှစ်မှာ ဒီမြေတွေကို လယ်သမားတွေဆီက တစ်ဆင့် ကျွန်တော်ဝယ်ခဲ့တယ်။ အဲဒီနှစ်မှာပဲ အိုးအိမ်က မြေယာတွေ သိမ်းတယ်။ သူတို့ (ဇေကမ္ဘာကုမ္ပဏီ) က၂၀၁၂ လောက်မှာ အုတ်တံတိုင်း ခတ်လာတယ်။ ကျွန်တော်ကလည်း ကျွန်တော့်မြေကို သံဆူးကြိုးခတ်တယ်။ အဲဒီမှာ သူတို့မြေပါ၊ လန ၃၉ ကျပြီးသားလို့ပြောပြီး ဖယ်ခိုင်းတယ်။  ကျွန်တော့်ဆီမှာ ဒီမြေတွေကို လယ်သမားတွေဆီက ဝယ်ယူကြောင်း စာချုပ်စာတမ်းတွေလည်း ရှိတယ်။ လာဖျက်တာကမတရားဘူး။ ကျွန်တော်တို့က အမှုကို လယ်ယာစစ်ဆေးရေးကော်မတီက ရှေ့ဆက်တက်နေတုန်းပဲ ရှိသေးတယ်။ အောက်တိုဘာ ၂၀ မှာ ဘီလစ် အရာရှိလာသွားပြီး ရာအိမ်မှူးဆီကို စာပေးတယ်။ ကျွန်တော်နဲ့လည်း မတွေ့လိုက်ရဘူး။ ရာအိမ်မှူးကို သူတို့လာသွားကြောင်း သက်သေအနေနဲ့ လက်မှတ်ထိုးခိုင်းခဲ့တယ်။ ဘာအကြောင်းကြောင့် လာတယ်ဆိုတာ ပြောမသွားဘူး။ ပြီးတော့ ၃၀ ရက်မှာ လာဖျက်တော့တာပဲ” ဟု ဦးလှဌေးက ပြောကြားသည်။

ဇေကမ္ဘာကုမ္ပဏီနဲ့ အငြင်းပွား မြေယာပြဿနာ ဖြစ်ပွားနေတဲ့အချိန်မှာ လယ်ယာမြေကို လက်ရောက် ပြန်လည်ရယူနိုင်ဖို့အတွက် ရဲအင်အားသုံး ဖြေရှင်းမှုအပေါ် လက်မခံနိုင်ကြောင်းနဲ့ မတရားသိမ်းဆည်းခံ လယ်ယာမြေပြဿနာများကို ဖြေရှင်းရာမှာ ၁၈၉၄ မြေသိမ်းဥပဒေနှင့်သာ ဖြေရှင်းသင့်ကြောင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောကြားခဲ့ပါတယ်။

“အခုဖြစ်တာက မတရားသိမ်းဆည်းတဲ့ လယ်ယာမြေကို ဖြေရှင်းရာမှာ ၁၈၉၄ မြေသိမ်းဥပဒေနဲ့ပဲ ဖြေရှင်းရမှာ။ ဒါက ဒီနေ့အထိရှိတာပဲလေ။ အဲဒါကို ၁၈၉၄ မြေသိမ်း ဥပဒေနဲ့ မဖြေရှင်းဘဲနဲ့ လက်ရှိ ၂၀၁၂ ခုနှစ် လယ်ယာမြေပြဿနာနဲ့ ဖြေရှင်းတာကလည်း မမှန်နိုင်ဘူး။ နောက်တစ်ခါ မတရားသိမ်းဆည်းတဲ့အခါမှာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး လုပ်ပိုင်ခွင့်ကို ကျူးကျော်ပြီး လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်ပြီး သုံးစွဲသွားတာဟာ မတရားသိမ်းဆည်းတဲ့ လယ်ယာမြေပြဿနာမှာ ထပ်လုပ်တော့ မတရားထပ်ဖြစ်တာပေါ့။ ကျွန်တော့်အနေနဲ့ကတော့ မတရားသိမ်းဆည်းတဲ့ လယ်ယာမြေတွေကို ဖြေရှင်းတဲ့အခါမှာ ၁၈၉၄ မြေသိမ်းဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့ ဒီ၂၀၁၅ လောက်ကလည်း ပြည်ထောင်စုလွှတ်တော်မှာ အဆိုပြု ပြဋ္ဌာန်းပြီးသားဖြစ်တယ်။ လမ်းညွှန်ပြီးသား ဖြစ်တယ်။ မတရားသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ပြန်ပေးလိုက်ပါ။ မပေးနိုင်ရင် ကာလပေါက်ဈေးအတိုင်း ပေးလျော်ပါ။ ဒါလုပ်ရမယ့်ဟာ။ ဒါမလုပ်ဘဲနဲ့ ဝေ့ပတ်နေတာဗျာ။ ဒီအပေါ်မှာတော့ ကျွန်တော်စိတ်မကောင်းဘူးလို့ပဲ ဖြေကြားပါရစေ။ ဖြစ်သွားတဲ့အပေါ်မှာ လက်ရှိဒီမိုကရေစီအစိုးရ ကဥပဒေ၊ နည်းဥပဒေတွေရှိလျက်သားနဲ့ ဒါတွေကို မှန်မှန်ကန်ကန် ကျင့်သုံးနိုင်မှုရှိအောင် စီမံကြီးကြပ်ဆောင်ရွက်ဖို့လိုတယ်လို့ ကျွန်တော်မှတ်ချက်ပေးချင်တယ်” လို့ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောကြားခဲ့ပါတယ်။

မင်္ဂလာဒုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကလည်း “မြေသိမ်းတာကို ပြန်ကြည့်မယ်ဆိုရင်လည်း မြေသိမ်း ဥပဒေနဲ့အညီ သိမ်းဆည်းခဲ့ခြင်းရှိ၊ မရှိဆိုတဲ့ကိစ္စမှာ ဒီကုမ္ပဏီက ကျွန်တော်တို့ ပဏာမစစ်ဆေးချက်အရမှာ မြေသိမ်းဥပဒေနဲ့အညီ သိမ်းဆည်းခဲ့တာ မဟုတ်ဘူး။ ၁၈၉၄ မြေသိမ်းဥပဒေနဲ့အညီ သိမ်းဆည်းခဲ့တာ မဟုတ်ရင် ဒါတရားမဝင်သိမ်းဆည်းတာ ဖြစ်တဲ့အတွက် အဲဒီမြေကို ပြန်ပေးရမှာပေါ့။ ၁၈၉၄ မြေသိမ်းဥပဒေမှာက အများပြည်သူအကျိုးစီးပွားအတွက် သိမ်းဆည်းလို့ရတယ်လို့ပဲပါတယ်။ ကုမ္ပဏီစီးပွားအတွက် လူပုဂ္ဂိုလ်တစ်ယောက်အတွက် နိုင်ငံတော်က မြေကိုသိမ်းပြီးပေးခွင့်ရှိတယ်လို့ မပါဘူး။ အများပြည်သူ အကျိုးစီးပွားအတွက် မဖော်ဆောင်နိုင်တဲ့ မြေသိမ်းတဲ့ ညွှန်ကြားချက်တွေ၊ အမိန့်တွေက ၁၈၉၄မြေသိမ်း ဥပဒေနဲ့ မညီတဲ့အတွက် မြေကွက်လပ်တွေ ဖြစ်နေတယ်ဆိုရင်ပိုပြီးတော့ ထင်ရှားတာပေါ့။ ကျွန်တော်တို့ စိစစ်တဲ့နေရာမှာ ဒေသခံပြည်သူတွေရဲ့ ဘဝကို လူမှုအကျိုးစီးပွားဘဝကို အကျိုးပြုသလား၊ လျော်ကြေးပေးခဲ့သလား၊ မြေသိမ်းဥပဒေနဲ့အညီ ပြန်တမ်းထုတ်ပြီး သိမ်းခဲ့သလားဆိုတဲ့ အချက်တွေကို စိစစ်တဲ့အခါမှာ မညီညွတ်ဘူးဆိုရင် ကွက်လပ်ဖြစ်နေတဲ့မြေသည် မူလလယ်သမားကို ပြန်လည်ထွန်ယက်စိုက်ပျိုးရင် ပြန်ပေးရမယ့်မြေ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဇေကမ္ဘာကုမ္ပဏီဘက်ကတော့  နိုဝင်ဘာ ၂ ရက်က Zaykabar Company Limited ၏ လူမှုကွန်ရက် Facebook တွင် ‘ဇေကမ္ဘာကုမ္ပဏီနှင့် ကျူးကျော်တဲပြဿနာ’ လို့  ခေါင်းစဉ်တပ်ထားပြီး ကုမ္ပဏီနှင့် ကျူးကျော်ဝင်ရောက်သည့်နေအိမ် ပြဿနာသည် လယ်ယာမြေစီမံခန့်ခွဲမှု၏ လုပ်ပိုင်ခွင့်လက်အောက်တွင် မရှိဘဲ ဂရန်မြေကို ကျူးကျော်ခြင်းသာဖြစ်သဖြင့် တရားရုံး၏ဆုံးဖြတ်မှုအောက်တွင်သာ ရှိပါကြောင်း၊ ယင်းကျူးကျော်တဲများနှင့် ကျူးကျော်ဖောက်လုပ်ထားသော ကွန်ကရစ်လမ်းအား ဆက်လက်၍ တရားဥပဒေနှင့်အညီ ဆက်လက်၍ ဖယ်ရှားရှင်းလင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း’ ဖော်ပြထားပါတယ်။

ဇေကမ္ဘာကုမ္ပဏီက သူတို့ ကုမ္ပဏီအမှုနိုင်ထားတဲ့ မြေ ၁၁ ဧက ပေါ်ကအိမ်တွေကို အကုန်ဖယ်ရှားဖို့ အောက်တိုဘာ ၃၀ ရက်က လာခဲ့တာ ဖြစ်ပေမယ့် မြေဧရိယာတိုင်းတာမှု အဆင်မပြေခဲ့တဲ့အတွက် အိမ်နှစ်လုံး ပဲဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ ဒီမြေ ၁၁ ဧကပေါ်မှာ လယ်သမား ဦးကံထွန်းက  မြေကွက်တစ်ကွက်ကို တစ်လတစ်သောင်းခွဲ၊ နှစ်သောင်းနှုန်းနဲ့ မြေငှားစားထားတာ အိမ်ခြေ ၅၀ လောက်ရှိပါတယ်။ ဒီအိမ်တွေကိုလည်း နိုဝင်ဘာဒုတိယပတ်မှာ ဒုတိယအကြိမ် လာဖျက်မယ်လို့ ဇေကမ္ဘာကုမ္ပဏီဘက်က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးမြင့်ဇော်က ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ် တိုးချဲ့ (၁) လမ်းအနီးတွင် ဆောက်လုပ်နေထိုင်နေသော နေအိမ်များကို တွေ့ရစဉ်

“၃၁ ရက်မှာ ငါတို့က မြောက်ပိုင်းခရိုင်တရားရုံးကို ဘီလစ်အရာရှိက အပ်ဝရမ်းပြန်အပ်ရမယ်။ အပ်ဝရမ်းပြန်အပ်တဲ့အခါမှာ ဘိလစ်အရာရှိက အကုန်လုံးကို မဖယ်နိုင်ဘူး။ ဒုတိယအကြိမ် ဝရမ်းပြန်ကပ်မယ်။ နိုဝင်ဘာ ၁၃၊ ၁၄ လောက်တော့ ခန့်မှန်းတယ်။ ဒီကြားထဲမှာ ဘာမှမလုပ်ပါဘူး။ လာမယ့် နိုဝင်ဘာ ၁၃၊ ၁၄ ရက်မှာ ဦးကံထွန်းရဲ့ မြေဧကတွေပေါ်မှာ အိမ်မြေ ၅၀ ရှိပါတယ်။ အဲဒီအိမ်တွေကို ဖယ်ရှာသွားမှာပါ” လို့ ဇေကမ္ဘာကုမ္ပဏီဘက်က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးမြင့်ဇော်က ပြောကြားခဲ့ပါတယ်။

ဇေကမ္ဘာကုမ္ပဏီဘက်က နိုဝင်ဘာ ဒုတိယပတ်မှာ ကျန်တဲ့အိမ်တွေကို ဖယ်ရှားမှာနဲ့ ပတ်သက်ပြီးတော့ ဒီမြေကွက်ပေါ်မှာ နေထိုင်နေတဲ့ လူတွေက စိုးရိမ်နေကြပါတယ်။ လယ်သမား ဦးကံထွန်းမြေကွက်ပေါ်မှာ မြေကွက်ငှားနေတဲ့သူတွေဟာ လက်လုပ်လက်စားသမားများပါတယ်။ အိမ်ငှားစရိတ် မတတ်နိုင်တဲ့အတွက် မြေကွက်ငှားပြီး တဲထိုးပြီးနေကြတဲ့ သူတွေပါ။ တကယ်လို့ ဇေကုမ္ပဏီက လာဖျက်ခဲ့မယ်ဆိုရင် ဒီနေရာမှာနေတဲ့သူတွေ နေစရာ မရှိဖြစ်ပြီး အိမ်ခြေယာမဲ့တွေ ဖြစ်သွားနိုင်တယ်။

ဇေကမ္ဘာကလာဖျက်မယ့် အိမ်တွေထဲမှာ ကျောင်းတက်နေတဲ့ ကလေး ၅၀ ကျော်နဲ့ သက်ကြီးရွယ်အိုတွေလည်း ရှိပါတယ်။ ဒီကလေးတွေဟာ အနီးနားမှာရှိတဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေမှာ ကျောင်းတက်နေရတာပါ။ သူတို့မိသားစုတွေရဲ့ အိမ်တွေဖယ်ရှားခဲ့မယ်ဆိုရင် ကလေးငယ်တွေ ကျောင်းဆက်တက်ဖို့အတွက် အခက်အခဲ ဖြစ်သွားနိုင်ပါတယ်။ စာသင်နှစ်ကလည်း ထက်ဝက်ကျိုးနေပြီဖြစ်တဲ့အတွက် အခြားကျောင်းတွေကို ပြောင်းရွှေ့ဖို့အတွက်လည်း မလွယ်ကူတော့ပါဘူး။ ကလေးတွေရဲ့ ပညာရေးဟာ စိုးရိမ်ဖွယ်အနေအထားမှာ ရှိနေပါတယ်။

“အစ်မအိမ်မှာ ကျောင်းတက်နေတဲ့ ကလေးနှစ်ယောက်ရှိတယ်။ တစ်ယောက်ကလေးတန်း၊ နောက်တစ်ယောက်က တစ်တန်း။ နောက်တစ်ခါ သူတို့ လာဖျက်မယ်ဆိုရင် ကလေးတွေကို အခြားကျောင်းအပ်ဖို့အတွက်က စာသင်နှစ်ပြီးတော့မှာဆိုတော့ ဘယ်ကျောင်းကမှ လက်ခံတော့မှာ မဟုတ်ဘူး။ စားဖို့တောင် အနိုင်နိုင်ဖြစ်နေတော့ ရွှေ့ဖို့ပြောင်းဖို့က မလွယ်ဘူး။ ကလေးတွေ ကျောင်းလေးပြီးမှပဲ လာဖျက်ပါလို့မေတ္တာ ရပ်ခံချင်ပါတယ်” ဟု ဦးကံထွန်းမြေကွက်ပေါ်တွင် မြေကွက်ငှားရမ်းနေထိုင်သည့် မတင်တင်အေး ပြောကြားပါတယ်။

မြေ ၁၁ ဧကအငြင်းပွားမှုဖြစ်နေတဲ့ အနီးနားမှာပဲ ဇေကမ္ဘာကုမ္ပဏီနဲ့ လယ်သမား ဦးဇော်ဝင်းဆိုသူဟာလည်း လယ်ယာမြေအငြင်းပွားမှု ပြဿနာထပ် ဖြစ်နေပါတယ်။ ဦးဇော်ဝင်းကလည်း ဒီမြေတွေပေါ်မှာ မြေငှားထားပြီး  တဲအိမ်ပေါင်းရာနှင့်ချီ ရှိနေပါတယ်။ ဦးဇော်ဝင်းကိုလည်း ဇေကမ္ဘာကုမ္ပဏီက တရားစွဲဆိုထားပါတယ်။ ဦးဇော်ဝင်း မြေကွက်ပေါ်မှာ နေတဲ့သူတွေဟာလည်း  ဇေကမ္ဘာကုမ္ပဏီက သူတို့နေအိမ်တွေကို လာဖျက်မှာကို စိုးရိမ်ပူပန်နေကြပါတယ်။

“ကျွန်တော့်မြို့နယ်မှာတော့ ဇေကမ္ဘာကုမ္ပဏီက သိမ်းထားတဲ့ မြေက ဧက ၁၀၀၀ လောက်ရှိမယ်။ လယ်သမားတချို့ဆို ဘဝပျက်ပြီး စိတ်ဓာတ်ကျလို့ သေသွားတာတွေ ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် သက်သေသွားတာတွေတောင် ရှိတယ်။ လွန် ခဲ့တဲ့နှစ် ၂၀ ကျော်က ဇေကမ္ဘာကုမ္ပဏီနဲ့ အာဏာပိုင်တွေနဲ့ ပေါင်းပြီးမြေကို သိမ်းခဲ့တယ်။ ကုမ္ပဏီဘက် ကတော့ဘာပြောလဲဆို တော့သူသိမ်းတာ မဟုတ်ဘူး။ အစိုးရကသိမ်းတာတဲ့။ သို့သော် အဲဒီခေတ်ကာလက အစိုးရကကုမ္ပဏီကြီးတွေရဲ့ အလိုကျအတိုင်း လိုက်ဆောင်ရွက်ခဲ့တယ်ဆိုတာ အားလုံးအသိကိစ္စပဲ။ အဲဒါကြောင့် ကျွန်တော်တို့က လယ်ယာမြေ ပြန်လည်စိစစ်ရေးမှာ ပြန်လည်စိစစ်တဲ့အခါကျတော့ အရင်အစိုးရ ခေတ်အဆက်ဆက်က ဘယ်လိုဂရန်မျိုးနဲ့ပဲ ထုတ်ပေးခဲ့ထုတ်ပေးခဲ့ ကျွန်တော်တို့က ပြန်လည်စိစစ်ပြီး မူလပိုင်ရှင် လယ်သမားလက်ထဲကို ပြန်ပေးဖို့ဆောင်ရွက်သွားမှာပါ” လို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း ပြောသွားတဲ့ ပမာဏဟာ မင်္ဂလာဒုံ တစ်မြို့နယ်ပဲ ရှိပါသေးတယ်။ ကျန်တဲ့ ဘယ်တိုင်းဒေသကြီး၊ ဘယ်မြို့နယ်ရဲ့ ဘယ်နေရာတွေမှာ ဇေကမ္ဘာကုမ္ပဏီက မြေသိမ်းထားသေးလဲဆိုတာ ဘယ်သူမှအတိအကျ မသိနိုင်ပါဘူး။ ဇေကမ္ဘာကုမ္ပဏီပဲ သိနိုင်ပါလိမ့်မယ်။

ဇေကမ္ဘာကုမ္ပဏီဟာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများတွင် အသုံးပြုရန် အတွက်အစိုးရကို ကျပ်သိန်းပေါင်း တစ်သောင်းလှူဒါန်းခဲ့ပါတယ်။

“သူ (ဇေကမ္ဘာကုမ္ပဏီ) သိမ်းတာက မင်္ဂလာဒုံတစ်ခုတည်းမှ မဟုတ်တာ။ မြန်မာနိုင်ငံအနှံ့အပြားမှာ သိမ်းထားတာ။ လျော်ကြေးပေးမယ်ဆိုရင် သူရှိတဲ့ဟာတွေ အကုန်လျော်ရင်တောင်မှ လောက်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရှိသမျှ သူပိုင်ဆိုင်မှုတွေအကုန်လုံးက သူသိမ်းထားတဲ့ ဟာတွေပဲကိုး။ သူကလျော်ဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီတော့ နိုင်ငံတော်ကို မစို့မပို့လှူတယ်။ နောက် မတရားတဲ့ အလုပ်ကိုဆက်လုပ်တယ်လို့ပဲ ကျွန်တော်ယူဆတယ်။ သူလှူတာက လှူတာတစ်ကဏ္ဍ။ ဥပဒေ ကြောင်းအရ ဒီလိုပဲလေ။ ရာဇဝတ်မှုကျူးလွန်တာကို အလှူအတန်းနဲ့ဖုံးလို့ မရပါဘူး။ သူကျူးလွန်ခဲ့တဲ့ ကိစ္စတွေအတွက် သူများဆီက မတရားသိမ်းထားရင် နစ်နာတဲ့လူတွေကို ပြန်ပေးရမှာပေါ့။ လှူတာက တစ်ကိစ္စ၊ မြေပြန်တောင်းရင် မတရားယူထားတဲ့မြေကို ပြန်ပေးရမှာတစ်ကိစ္စ။ ကိစ္စနှစ်ခုက ဘာမှမသက်ဆိုင်တဲ့ ကိစ္စနှစ်ခုပါ” လို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောကြားခဲ့ပါတယ်။

လက်ရှိအစိုးရလက်ထက်မှာတော့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ ကဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ မြေသိမ်းခံရတဲ့ပြည်သူတွေ အနေနဲ့ မိမိတို့မြေတွေ သိမ်းဆည်းခံရတာနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ အထောက်အထားများ ပြသနိုင်ပါက သက်ဆိုင်ရာရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများကို သွားရောက်တင်ပြနိုင်ပြီး သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းစသဖြင့်အဆင့်ဆင့် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စက်မှုဇုန်တွေကို ၁၉၉၅ ခုနှစ်က စတင်ဖွဲ့စည်းပေးခဲ့ပြီး အရေအတွက်အားဖြင့် ၂၁ ခု ရှိနေပါတယ်။ ဒီစက်မှုဇုန်တွေမှာဆိုရင် လုပ်ငန်းမဆောင်ရွက်တဲ့ မြေကွက်လွတ်ထောင်နဲ့ချီရှိနေပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မှာ အများဆုံး ဖြစ်နေပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် စက်မှုဇုန်ဖော်ထုတ်ပြီးတဲ့ မြေကွက် ၃၇၀၇၆ ရှိပေမယ့် လုပ်ငန်းမဆောင်ရွက်တဲ့ မြေကွက်လွတ်ဟာ ၇၁၉၄ ကွက်အထိ ရှိနေပါတယ်။ ဒီလို လုပ်ငန်းမဆောင်ရွက်တဲ့ မြေကွက်လွတ် ၇၀၀၀ ကျော်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်မှုဇုန်တွေမှာ မြေကွက်လွတ် ၂၀၀၀ ကျော်နဲ့ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက စက်မှုဇုန်တွေက မြေကွက်လွတ် ၁၀၀၀ ကျော်စီအထိ ရှိနေပါတယ်။ စက်မှုဇုန်တွေမှာ မြေကွက်လွတ်တွေဘာ့ကြောင့် ရှိနေတာလဲဆိုရင်တော့  ရေ၊ မီး၊ လမ်းပန်းဆက်သွယ်ရေး မပြည့်စုံမှုကြောင့် စက်ရုံမတည်ရဲ ဖြစ်နေတာကို ရာခိုင်နှုန်း၂၀ လောက် လက်ညှိုးထိုးရမှာ ဖြစ်ပြီးကျန်တဲ့ ရာခိုင်နှုန်း ၈၀ အတွက်ကိုတော့ မြေဈေးကစားဖို့ ချုပ်ကိုင်ထားတဲ့ သူတွေကိုပဲ လက်ညှိုးထိုးရမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့က စက်မှုဇုန်တွေရဲ့ ရာခိုင်နှုန်း ၄၀ ဟာ လုပ်ငန်းမလုပ်ကိုင်ဘဲ မြေကွက်လွတ်ဖြစ်နေပြီး စက်မှုမြေကွက်တွေကို ကုမ္ပဏီတစ်ခု၊ တစ်ယောက်တည်း ကသာချုပ်ကိုင်ထားတယ်လို့ ရန်ကုန်မြို့ပြ စီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားခဲ့ပါတယ်။