ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) စနေည အစောဆုံးပွဲစဉ်အဖြစ် မန်ယူနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မန်ယူအသင်းက (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
မန်ယူအသင်းဟာ ရှေ့မှာ ပရီးမီးယားလိဂ် (၂)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာကြောင့် ဒီပွဲမှာ အနိုင်ရဖို့ရည်မှန်းပြီး ၃-၄-၃ ကစားကွက် ပြောင်းကစားခဲ့ပါတယ်။ တိုက်စစ်မှာ လူကာကူ၊ ရပ်ရှ်ဖို့ဒ်၊ မစ်ခီတာရီယန်၊ ကွင်းလယ်မှာ အက်ရှ်လေယန်း၊ မာတစ်၊ မာစီယဲလ်၊ ဗလင်စီယာနဲ့ နောက်တန်းမှာ ဖီးလ်ဂျုံးစ်၊ စမောလင်း၊ ဘာယီတို့ ပွဲထွက်လာပါတယ်။
စပါးအသင်းကတော့ တိုက်စစ်မှူး ဟာရီကိန်း မပါဝင်နိုင်တာကြောင့် ဆွန်ဟောင်မင်ကို တိုက်စစ်မြားဦးမှာတင်ပြီး ကွင်းလယ်မှာ အယ်လီ၊ အဲရစ်ဆင်၊ ဟာရီဝင့်ခ်၊ ဆစ်ဆိုကို၊ အော်ရီယာ၊ ဘင်ဒေးဗီစ်နဲ့ နောက်တန်းမှာ ဗာတွန်ဂန်၊ ဒိုင်ယာ၊ အယ်လ်ဒါဝီရယ်လ်တို့ကို နေရာချခဲ့ပါတယ်။
ပထမပိုင်းမှာ ပွဲအေးခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ မန်ယူအသင်း တိုက်စစ်ဖွင့်ကစားလာတာကြောင့် အပြန်အလှန် အကြိတ်အနယ် ဖြစ်လာပါတယ်။ နှစ်သင်းစလုံး ဒုတိယပိုင်းမှာ အပြောင်းအလဲတွေလုပ်ခဲ့ပြီး မန်ယူနည်းပြ မော်ရင်ဟိုက မှန်ကန်စွာ လူစားလဲနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။
မန်ယူအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို လူစားဝင် တောင်ပံကစားသမား မာစီယဲလ်က (၈၁)မိနစ်မှာ သွင်းယူခဲ့ပါတယ်။ ဂိုးသမား ဒီဂီယာ ကန်တင်ပေးတဲ့ ဘောလုံးကို လူကာကူ ခေါင်းတိုက်ချပေးပြီး မာစီယဲလ်က အပိုင်ကန်သွင်းခဲ့ကာ ထိချက်(၃)ချက်တည်းနဲ့ ဂိုးဝင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်ယူအသင်း မိနစ်(၈၀)နောက်ပိုင်း သွင်းယူတဲ့ဂိုး (၁၀)ဂိုးအထိ ရှိလာသလို၊ မာစီယဲလ်ကလည်း လူစားဝင်ပြီး သွင်းယူတဲ့ဂိုး (၄)ဂိုးအထိ ရှိလာခဲ့ကာ ပရီးမီးယားလိဂ်မှာ အခြားဘယ်ကစားသမားထက်မဆို လူစားဝင်သွင်းဂိုး ပိုမိုသွင်းယူထားခဲ့ပါတယ်။
ဒါ့အပြင် မန်ယူအသင်းဟာ ၂၀၀၇-၀၈ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် အိမ်ကွင်း အဖွင့်(၅)ပွဲစလုံးမှာ Clean Sheet ရခဲ့တာလည်း ဖြစ်ပါတယ်။
■ ပရီးမီးယားလိဂ်ရလဒ်
မန်ယူ ၁-၀ စပါး
■ လာလီဂါရလဒ်
အလာဗတ်စ် ၁-၂ ဗလင်စီယာ
■ လိဂ်ချန်ပီယံရှစ်ရလဒ်
ရှက်ဖီးဝင်းစ်ဒေး ၁-၁ ဘန်စလေ