မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ဘယ်လိုကာမလဲ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်စည်းရိုးတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည်ကို ဒုက္ခသည်စခန်းမှ ဘင်္ဂါလီများက စောင့်ကြည့်နေသည့်မြင်ကွင်းအား စက်တင်ဘာ ၁၆ ရက်ကတွေ့ရစဉ် (Photo: AFP)

သြဂုတ် ၂၅ ရက်တွင် ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်များက ရဲကင်းစခန်း ၃၀ အားတစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှုအပြီးတွင် ရခိုင်ပြည်နယ်၏ ပဋိပက္ခမှာ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အရေးမှာ ခေတ္တမျှ ငြိမ်သက်အပြီးတွင် အစိုးရသစ်လက်ထက် ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်ပြီး နှစ်ပတ်ကျော်အကြာတွင် အကြမ်းဖက်မှုများ နည်းပါးလာခဲ့သော်လည်း အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ရခိုင်တိုင်းရင်းသားများမှာ လက်ရှိအချိန်အထိ မိမိနေရပ်သို့ ပြန်လည်ပြောင်းရွှေ့နိုင်ခြင်း မရှိသေးပေ။

အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်ရသူများမှာ စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့ပေါ်သို့ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။ အများစုမှာ စစ်တွေနှင့် ဘူးသီးတောင်မြို့များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်ပြီး မောင်တောမြို့ပေါ်မှာ အကြမ်းဖက်မှုများ၊ မီးရှို့မှုများကြောင့် ထွက်ပြေးတိမ်း ရှောင်သူများမှာ စစ်တွေမြို့သို့သာ ထွက်ပြေးမှုများရှိခဲ့သည်။

မောင်တောမြို့မှာ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံအကြား နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး တစ်ဖက်နိုင်ငံမှ ခိုးဝင်ဘင်္ဂါလီအများစုဝင် ရောက်နေထိုင်လာခြင်းကြောင့် မောင်တောမြို့ တစ်မြို့တည်းမှာပင် ခန့်မှန်းခြေအားဖြင့် ဘင်္ဂါလီငါးသိန်း နီးပါးခန့်  ရှိလာခဲ့သည်။၂၀၁၄ ခုနှစ်သန်းခေါင်စာရင်း ကောက်ယူရာတွင်လည်း ဘင်္ဂါလီကျေးရွာများအား ကောက်ယူနိုင်ခြင်း မရှိသဖြင့် ခန့်မှန်းတွက်ချက်မှုဖြင့်သာ ထုတ်ပြန်ခဲ့ရသည်။

ယခုဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် အကြမ်းဖက်မှုများမှာ လတ်တလော ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ မဟုတ်ဘဲ ၁၉၄၂ ခုနှစ်တွင်လည်း ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ရခိုင်လူမျိုး နှစ်သောင်းကျော် သေကျေပျက်စီးခဲ့ရသည်။ ယင်းအချိန်မှ စတင်ကာ ရခိုင်ပြည်နယ်တွင် ပဋိပက္ခများမှာ မကြာခဏဆိုသလို ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအစိုးရလက်ထက်တွင် ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အား ဖွဲ့စည်းခဲ့ပြီး ဖြစ်စဉ်များနှင့် ပတ်သက်ပြီး အကြံပေးနိုင်ရန် စုံစမ်းစစ်ဆေးစေခဲ့သည်။

အဆိုပါကော်မရှင်က အစီရင်ခံစာအား ထုတ်ပြန်ပြီး တစ်ရက်အကြာမှာပင် မောင်တောမြို့ရှိ ရဲကင်းများကို ဘင်္ဂါလီအကြမ်းဖက်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တိုက်ခိုက်ခြင်းများမှာ အစီရင်ခံစာထုတ်ပြန်အပြီးနှင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပခါနီးတွင် အချိန်ကိုက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။

အစိုးရသစ်လက်ထက်တွင် ရခိုင်အရေးမှာ နိုင်ငံတကာကလည်း အာရုံစိုက်နေသည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး မြန်မာအစိုးရအား စောင့်ကြည့်လျက်ရှိသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။

လက်ရှိ ရခိုင်အရေးဖြစ်စဉ်များကို ကြည့်လျှင် ဘင်္ဂလားဒေ့ရှ်ကဲ့သို့ လူဦးရေ ပေါက်ဖွားမှုများသော နိုင်ငံနှင့် အနီးကပ်ဆုံး အခြေအနေတွင်ရှိနေခြင်း၊ နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ရှိနေခြင်း၊ စီးပွားရေးအရ အင်အားနည်းသည့် အခြေအနေတွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သားအစိုးရတစ်ရပ် တိုင်းပြည် အုပ်ချုပ်ရေးအတွက် တာဝန်ယူသည့် အခြေအနေတွင် မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးကဏ္ဍမှာ အဘက်ဘက်က ထိုးနှက်မှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

လူဦးရေ ပေါက်ဖွားမှုများပြားသည့် နိုင်ငံများအကြားတွင် နယ်စပ်လုံခြုံရေးမှာ အဓိက အရေးကြီးသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နယ်နိမိတ်မှာ ကုန်းတွင်းပိုင်းသာမက ရေကြောင်းပိုင်းတွင်လည်း နယ်နိမိတ်ဆက်စပ်လျက်ရှိသည်ကို တွေ့ရသည်။

ယခင်အစိုးရလက်ထက်များက ခိုးဝင်ဘင်္ဂါလီများကြောင့် ရခိုင်ပြည်နယ်တွင် တရားမဝင်နေထိုင်သူ ဘင်္ဂါလီများစွာ ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

နယ်စပ်ခြံစည်းရိုး ကာရံထားသော်လည်း အချို့သောနေရာများတွင် အကာအရံများ ပျက်စီးခြင်း၊ အကျင့်ပျက်ခြစားမှုများ ရှိနေခြင်းများကြောင့် ရခိုင်ပြည်နယ်တွင် ပဋိပက္ခများမှာ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။

သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအပြီးတွင်လည်း နယ်စပ်ခြံစည်းရိုးကာရံထားသည့် နေရာများအနီးတွင် တရားမဝင် လူနေတဲများကို မြန်မာအစိုးရက တွေ့ရှိခဲ့ပြီး ဖျက်သိမ်းခဲ့ရသည်။

အဆိုပါ နယ်စပ်ခြံစည်းရိုးနံဘေးတွင် လူမရှိသည့်တဲများ ရာပေါင်းများစွာ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး  ခိုးဝင်ဘင်္ဂါလီများ၏ လူနေတဲများဟု အစိုးရက ထုတ်ပြန်ကြေညာခဲ့ပြီး ထိုသို့ဆောက်လုပ်ထားခြင်းကို တွေ့ရှိပါက အရေးယူမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ခိုးဝင်ဘင်္ဂါလီများ၏ အဓိက ရည်ရွယ်ချက်မှာ မောင်တောဒေသအား သိမ်းပိုက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်လာခြင်းများဖြစ်ကြောင်း ရခိုင်အရေး လေ့လာသူများက ပြောကြားသည်။

နိုင်ငံတကာမှ အာရုံစိုက် စောင့်ကြည့်နေသည့် မောင်တောဖြစ်စဉ်များတွင် နိုင်ငံသားမဟုတ်သည့် ဘင်္ဂါလီများဝင်ရောက်နေ ထိုင်မှုများလာခြင်းမှာ ကောင်းသော အခြေအနေတစ်ရပ်မဟုတ်ကြောင်း ရခိုင်ပြည်နယ်တွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ပြည်ထောင်စုလွှတ် တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ဆန်းစစ်ရေး ကော်မရှင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည် ဦးကိုကိုနိုင်က ပြောကြားသည်။

“တရားဝင်စာရင်းအရ မောင်တောမြို့နယ်မှာ တိုင်းရင်းသား ၄ ရာခိုင်နှုန်းပဲ ရှိရာကနေ သြဂုတ် ၂၅ ဖြစ်စဉ်ကြောင့် အများစုကထွက် ပြေးသွားကြပြီ။ သူတို့တွေ ပြန်လည် အခြေချနေထိုင်ဖို့လိုတယ်။ မောင်တောမြို့နယ်က မြန်မာ့မြေဆိုပေမယ့် ကိုယ့်နိုင်ငံသား ကိုယ့်တိုင်းရင်းသားတွေ မရှိဘူး။ မနေဘူး။ မရှိသလောက်ဖြစ်တယ် နိုင်ငံသားမဟုတ်တဲ့ ဘင်္ဂါလီတွေပဲ နေထိုင်နေကြတယ်ဆိုရင် ဒီဒေသကိုမြန်မာပိုင် နက်နယ်မြေလို့ နိုင်ငံတကာကမြင်ဖို့ အားနည်းသွားပါပြီ။ ဒါကြောင့် ကိုယ့်တိုင်းရင်းသားတွေ ဒီဒေသမှာ နေထိုင်နေခြင်းသည် အချုပ်အခြာ အာဏာပိုင်စိုးမှုရဲ့ အမှတ်သညာဖြစ်လို့ အရေးကြီးတယ်” ဟု ဦးကိုကိုနိုင်က ပြောကြားသည်။

ထိုသို့ အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် အချိန်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအား လိုအပ်သည့် နေရာများတွင် ပြန်လည်ပြုခြင်ခြင်းများ ဆောင်ရွက်မည်ဖြစ်ပြီး မကာရံရသေးသည့် နေရာများတွင် ထပ်မံကာရံမည်ဟု မြန်မာအစိုးရက စက်တင်ဘာ ၆ ရက်တွင် ကြေညာခဲ့သည်။

နိုင်ငံတော်သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဦးကျော်တင့်ဆွေ၊ လူမှုရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနှင့် ဒုတိယဝန်ကြီးဦးမင်းသူတို့ တက်ရောက်ခဲ့သည့် ရခိုင်ပြည်နယ်အရေး ကိစ္စများနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာများ ရှင်းလင်းတင်ပြသည့် အခမ်းအနားအပြီး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သတင်းထုတ်ပြန်မှုအပြီး စက်တင်ဘာ ၁၂ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် အဖွဲ့သည် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့သို့ တပ်မတော် ရဟတ်ယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး နယ်စပ်ခြံစည်းရိုးအား ကြည့်ရှုစစ်ဆေးခြင်း၊ နှစ်နိုင်ငံ နယ်စပ်တံတားအား ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

စက်တင်ဘာ ၁၂ ရက်က နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် တာဝန်ရှိသူများ တောင်ပြိုလက်ဝဲရှိ နယ်စပ်ခြံစည်းရိုးတစ်လျှောက် ကြည့်ရှုစစ်ဆေးစဉ်

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ဘယ်တုန်းကစဆောက်ခဲ့တာလဲ

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်မှာ ဘင်္ဂလားပင်လယ်အော် နတ်မြစ်မှ နတ်မြစ်အဖျားတောင်ပြို လက်ဝဲမြို့အနီး နယ်နိမိတ်မှတ်တိုင် ၃၂ အထိ မြစ်ကြောင်းနယ်နိမိတ်မှာ မိုင် ၄၀၊ မြန်မာနိုင်ငံချင်းပြည်နယ် အိန္ဒိယနိုင်ငံ ထရီပူရပြည်နယ်နှင့် ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသုံးခု နယ်နိမိတ်ဆုံရာ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်မှတ်တိုင် ၇၃ အထိ ကုန်းတွင်းနယ်နိမိတ် ၁၂၈ မိုင် စုစုပေါင်း ၁၆၈ မိုင်ကျော် ရှည်လျားသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ ကုန်းတွင်းပိုင်းနှင့် ရေကြောင်းပိုင်းနှစ်ခုစလုံး ဆက်စပ်လျက်ရှိသည့် နိုင်ငံများဖြစ်သည်။

၁၆၈ မိုင်ရှည်လျားသည့် မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းအား ၂၀၀၉ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခြံစည်းရိုးကာရံရန် မူလရည်ရွယ်ချက်မှာ ၂၀၀၈ ခုနှစ်က ရခိုင်ကမ်းလွန် ဗီ ၆ လုပ်ကွက်တွင် ဘင်္ဂလားဒေ့ရှ် စစ်ရေယာဉ်များက အင်အားပြခြိမ်းခြောက်ရာမှ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြားတင်းမာမှုဖြစ်ပွားပြီး နောက်တွင် ယခုကဲ့သို့ ကာရံရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

“စတင်ဆောင်ရွက်စဉ်က နတ်မြစ်အရှေ့ဘက်ကမ်းတစ်လျှောက်ကို ပထမအဆင့်အနေနဲ့ စတင်ပြီးကွန်ကရိတိုင်ခြံစည်းရိုး၊ ကုန်းပိုင်းနယ်နိမိတ်ကို ဟင်ဂလန် သံတိုင်တွေနဲ့ ခြံစည်းရိုးဆိုပြီး ဆောင်ရွက်ပါတယ်” ဟု ရခိုင်ပြည်နယ်တွင် တိုင်းမှူးအဖြစ် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဦးကိုကိုနိုင်က ပြောကြားသည်။

ခြံစည်းရိုးဆောက်လုပ်ရန်အတွက် တပ်မတော်အင်ဂျင်နီယာတပ်မှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၉- ၂၀၁၀ ဘဏ္ဍာ နှစ်မှစ၍ အဆင့်လေးဆင့်ခွဲကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ငွေအပ်လုပ်ငန်းအဖြစ် ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက်ချုပ်ရုံးမှ တာဝန်ယူ၍ ၂၀၀၉ ခုနှစ်မတ်လတွင် လုပ်ငန်းစီမံကိန်းအား စတင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်တို့ရှိ ကင်းစခန်း ၅၂ ခုတွင် အပြင်ရေသွယ် တန်းခြင်းလုပ်ငန်းအတွက်ကျပ် သန်း ၄၉၃၀၀၀၊ နယ်စပ်ခြံစည်းရိုး လုပ်ငန်းတွင် ပါဝင်သည့် တုံချောင်းဝမှ အငူမော်အထိ ခြံစည်းရိုးကာရံခြင်း ၂၅ ရာခိုင်နှုန်းအတွက် ကျပ်သန်း ၄၀၈၇ ဒသမ ၅၁၅ အသုံးပြုခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် ပျက်စီးသွားသည့် ခြံစည်းရိုး ၆၉ နေရာအား  ရာခိုင်နှုန်း ၅၀ ပြန်လည်ပြုပြင်ခြင်းအတွက် ကျပ်သန်း ၁၇၉ ဒသမ ၂၄၀၊ ကို မန်မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေရာများအား ပြန်လည်ကာရံခြင်းအတွက် ၄၃၁ ဒသမ ၅၃၀၊ စုစုပေါင်းခွင့်ပြုငွေ ကျပ်သန်း ၅၁၉၁ ဒသမ ၂၈၅ ကို အသုံးပြုခဲ့ပြီး ဖြစ်သည်။

ထိုသို့ အသုံးပြုခဲ့သည့် ငွေကြေးများမှာ ခြံစည်းရိုးကာရံခြင်းအတွက် အသုံးပြုသည့် ငွေကြေးများ ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။

ထိုသို့ကာရံရာတွင် ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့်အပိုင်းများကို ကာရံခဲ့ခြင်းဖြစ်ပြီး ချင်းပြည်နယ်နှင့် ထိစပ်နေသည့် အပိုင်းများကို ကာရံထားခြင်း မရှိသေးပေ။

“ကုန်းပိုင်းနယ်နိမိတ်မှာ ရခိုင်ပြည်နယ်မောင်တောခရိုင်နဲ့ ထိစပ်နေတဲ့အပိုင်းနဲ့ ချင်းပြည်နယ်မတူပီ ခရိုင်နဲ့ထိစပ်နေတဲ့ အပိုင်းဆိုပြီးရှိရာမှာ ရခိုင်ပြည်နယ်နဲ့ထိစပ်တဲ့ အပိုင်းကို ကာရံမယ်။ ချင်းပြည်နယ်နဲ့ ထိစပ်တဲ့ အပိုင်းကတော့လောလော ဆယ်မကာသေးဘူး ဆိုပြီးလုပ်ခဲ့တယ်။ ဒီလိုဆုံးဖြတ်တာက ချင်းပြည်နယ်နဲ့ ထိစပ်တဲ့အပိုင်းက မြေပြင်အခြေအနေကကို မတ်စောက်တဲ့ တောင်ကမ်းပါးရံတွေ၊ မတ်စောက်တဲ့တောင်ကြောကြီးတွေက  သဘာဝအတားအဆီးသဖွယ် ဖြစ်နေပါတယ်။ ပြီးတော့အဲဒီအပိုင်းမှာ

ဘင်္ဂလားဒေ့ရှ်ဘက်မှာ လူသူနေထိုင်တဲ့ ရွာအင်မတန်ကြဲပါးတယ် ။ နယ်နိမိတ်ကို ဖြတ်ကျော်ခိုးဝင်တာလည်း မရှိသလောက်ရှားပါးတဲ့ အပိုင်းမို့လို့ပါ” ဟု ဦးကိုကိုအောင်က ပြောကြားသည်။

နိုင်ငံ၏ ဓနအင်အားအရနယ် စပ်ခြံစည်းရိုးအား ခြောက်နှစ်ခန့် ကြာမြင့်စွာ တည်ဆောက်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ကျန်ရှိနေသည့် အပိုင်းမှာ ချင်းပြည်နယ်နှင့် ထိစပ်နေသည့် အပိုင်းများဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“နတ်မြစ်အပိုင်းနဲ့ ရခိုင်ပြည်နယ်နဲ့ထိစပ်တဲ့ အပိုင်းခြံစည်းရိုးက ၂၀၁၄ ခုနှစ်မှာ ကာရံပြီးသွားတယ်။ အခု မပြီးသေးဘူး၊ ကျန်နေသေးတယ်ဆိုတာက ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့အပိုင်းကို ဆိုလိုတာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၉ ခုနှစ် မူလလျာထားစဉ်မှာ မပါသော်လည်း မေယုမြစ်ဝမှာရှိတဲ့ အငူမော်ကနေ နတ်မြစ်ဝအထိ ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်ကို ၂၀၁၄ နောက်ပိုင်းမှာ ခြံစည်းရိုးကာရံတယ်။ အဲဒါလည်း မပြီးသေးဘူးလို့ ကြားရတယ်။ အဲဒီအချိန်မှာ ကျွန်တော်ပြောင်းသွားပြီဖြစ်တော့ သေချာမသိပါဘူး။ ခြံစည်းရိုးကာရံတာ ငွေကြေးအကုန် အကျသိပ်ပြီး များပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်နဲ့ လုပ်ရတာ။ ဝန်ကြီးဌာနက လျာထားတောင်းခံတာကို ဘဏ္ဍာရေး ကော်မရှင်က ဖြတ်တောက်လိုက်တာ၊ အခြားဦးစားပေးတွေရှိနေလို့ လျာထားတင်ပြတဲ့အထဲမှာ အပြည့်အဝပါမသွားတာ အစရှိသဖြင့် နိုင်ငံရဲ့ ဓနအင်အားအရ ၂၀၀၉ ကနေ ၂၀၁၄ ထိ ခြောက်နှစ်လောက်ကြာအောင် ဆောင်ရွက်ခဲ့ရတယ်” ဟု ဦးကိုကိုအောင်က ပြောကြားသည်။

ခြံစည်းရိုးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်က ဘာပြောလဲ

ဘင်္ဂလားဒေ့ရ်ှနိုင်ငံနှင့် ကုန်းမြေနယ်နိမိတ် ထိစပ်လျက်ရှိသည့် နိုင်ငံမှာ နှစ်နိုင်ငံသာရှိပြီး အဆိုပါ နိုင်ငံများမှာ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ထိစပ်လျက်ရှိသည့် ကုန်းမြေနယ်နိမိတ်မှာ ၁၂၈ မိုင်ရှိပြီး အိန္ဒိယနိုင်ငံနှင့် ထိစပ်လျက်ရှိသည့် ကုန်းမြေနယ်နိမိတ်မှာ ကီလိုမီတာ ၄၀၉၇ ခန့်ရှိသည်။

မြန်မာအစိုးရက နယ်စပ်ခြံစည်းရိုး စတင်ဆောက်လုပ်စဉ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကန့်ကွက်ခြင်းများ၊ နှောင့်ယှက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အိန္ဒိယနိုင်ငံနှင့်လည်း နယ်နိမိတ်ချင်းထိစပ်လျက်ရှိရာ အိန္ဒိယနိုင်ငံက နယ်စပ်ခြံစည်းရိုးအား စတင်ကာရံခဲ့ခြင်း ဖြစ်သည်။

“ဒီလိုကာတာကို ဘင်္ဂလားဒေ့ရှ်က မကြိုက်ပါဘူး။ သူ့မှာအိမ်နီးချင်းက နှစ်နိုင်ငံတည်းရှိတာ။ အိန္ဒိယက အရင်ကာတယ်။ ပြီးတော့ မြန်မာက ကာတယ်ဆိုတော့ သူ့နိုင်ငံသိက္ခာကျတယ်ပေါ့ဗျာ။ အမျိုးမျိုးသွယ်ဝိုက်ပြီး အနှောင့်အယှက်ပေးတယ်။ သူ့မြေပါနေတယ်။ ပြန်တိုင်းရမယ်ဆိုတာမျိုးက အစ။ သ့ူဘက်က ဘင်္ဂါလီတွေက ခြံစည်းရိုးက သွပ်ဆူးကြိုးအခွေလိုက်ဖြုတ်ခိုးပြီး သူ့ဘက်မှာ ရောင်းစားနေတာတွေကို မမြင်ဟန်ပြုထားတာ အဆုံးပေါ့ဗျာ။ ဒီလို အခက်အခဲ အနှောင့်အယှက်တွေကြားထဲက ကာရံခဲ့ရတာပါ” ဟု ဦးကိုကိုအောင်က ပြောကြားသည်။

လူဦးရေ ပေါက်ဖွားနှုန်းများပြားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့်  မြန်မာနိုင်ငံအနေဖြင့် ခြံစည်းရိုး ကာရံရသည့် အခြေအနေမှာ လုပ်ဆောင်သင့်သည့် အရာတစ်ခုဖြစ်ကြောင်း အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသား နယ်မြေပြန်လည်တည်ဆောက်ရေး အထောက်အကူပြုကော်မတီ (ယာယီ ) ၏ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက ပြောကြားသည်။

“လူဦးရေ ပေါက်ကွဲမှုများပြားတဲ့ နိုင်ငံဘေးမှာ နေရပြီဆိုကတည်းက တည်ဆောက်ရမှာပါ။ ဘင်္ဂလားဒေ့ရှ်က သူ့နိုင်ငံရဲ့ လူဦးရေနဲ့ နိုင်ငံအကျယ်အဝန်းက မမျှတော့ဘူး။ တဖြည်းဖြည်းနဲ့ ပေါက်ကွဲထွက်လာတော့ ဘေးမှာရှိတဲ့ နိုင်ငံတွေကို ခိုးဝင်လာတာပေါ့။ အဲဒီအတွက်ကြောင့် အိန္ဒိယဆိုရင်လည်းခြံစည်းရိုး ကာထားတယ်။ ခြံစည်းရိုးကကာ ရမှာပါ။ အရင်ကာထားတယ်ဆိုတဲ့ အပိုင်းတွေမှာလည်း ပျက်စီးနေတဲ့ နေရာတွေရှိနေတော့ ပြန်လည်းပြင်ရမယ်။ အခုချိန်မှာက အကြမ်းဖက်မှုတွေ ဖြစ်လာတယ်ဆိုတာက အတားအဆီးမရှိဝင်ထွက် နိုင်ခဲ့တာတွေလည်း ပါတာပေါ့” ဟု ဒေါက်တာအေးချမ်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူဦးရေ ပေါက်ကွဲမှုကြောင့် ဖြစ်ပွားလျက်ရှိသည့် နယ်စပ်ခိုးဝင်ပြသာနာမှာ ခြံစည်းရိုးကာရံခြင်းဆိုသည့် အနေအထားပေါ်တွင် မူတည်မှုရှိကြောင်း၊ ကာရံခြင်းမှာ နိုင်ငံအတွက် လိုအပ်နေသည့် အခြေအနေတစ်ခုဖြစ်ကြောင်း ရခိုင်ပြည်နယ်အခြေ စိုက်ဝံလက်လူမှုအဖွဲ့အစည်းမှ ဦးခိုင်ကောင်းဇံက ပြောကြားသည်။

“အဓိကကတော့ နိုင်ငံအတွက် လိုအပ်ချက်တစ်ခုပဲ။ အိန္ဒိယဆိုရင်လည်း ကာထားတယ်။ မလေးရှားနဲ့ အိန္ဒိယဆိုရင်လည်း ကာထားတယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေ ပေါက်ကွဲမှုက နိုင်ငံအတွက် အင်မတန်မှ စိုးရိမ်ရတယ်” ဟု ဦးခိုင်ကောင်းဇံက ပြောကြားသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံနှင့် နယ်နိမိတ်တိုင်းတာခြင်း လုပ်ငန်းများမှာ ပြီးစီးသွားပြီဖြစ်သဖြင့် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်စပ်နေသည့် ရခိုင်ပြည်နယ်တွင် ဒုက္ခသည်အများအပြားရှိနေပြီး လူဝင်မှုကြီးကြပ်ရေး ပြဿနာများ ရှိနေသည့်အတွက် တဖက်နိုင်ငံမှ တရားမဝင် ခိုးဝင်မှုများအား တားဆီးနိုင်ရန် ယင်းကဲ့သို့ ခြံစည်းရိုးကို တည်ဆောက်နေခြင်း ဖြစ်သည်။

နိုင်ငံတကာမှာ နယ်စပ်ခြံစည်းရိုးတွေကို ဘယ်လိုတည်ဆောက်ထားသလဲ

ကုန်းမြေနယ်နမိတ် ထိစပ်လျက်ရှိသည့် နိုင်ငံများအကြားတွင် နယ်စပ်ခြံစည်းရိုးများ တည်ဆောက်ထားလျက်ရှိပြီး ခိုးဝင်မှုပြဿနာများကို စောင့်ကြည့်လျက်ရှိသည်။

ခြံစည်းရိုးကာရံထားသည့် ကမ္ဘာ့နိုင်ငံအချို့မှာ အမေရိကန်နှင့် မက္ကဆီကိုနိုင်ငံ၊ စပိန်ပိုင်နက်နှင့် မော်ရိုကို၊ မော်ရိုကိုနှင့် အနောက်ဆာဟာရ၊ ဟန်ဂေရီနှင့် ဆားဗီးယား၊ ဂရိနှင့် တူရကီ၊ ဆော်ဒီအာရေဗျနှင့်အီရတ်၊ အစ္စရေးနှင့် အနောက်ဘက်ကမ်းခြေ၊ တူရကီနှင့် ဆီးရီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယစသည့် နိုင်ငံများဖြစ်သည်။

မြန်မာနိုင်ငံနှင့် ကုန်းမြေနယ်နိမိတ် ထိစပ်လျက်ရှိသည့် အိန္ဒိယနိုင်ငံအကြားတွင်လည်း နယ်စပ်ခြံစည်းရိုးကာရံထားပြီး ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။ သို့သော် နယ်နိမိတ် အားလုံးကို ကာရံထားခြင်း မဟုတ်ဘဲ နယ်နိမိတ်မိုင်တိုင် ၁၄၆ ၏တောင်ဘက် မီတာ ၃၀၀၀ ဝန်းကျင် တစ်ဝိုက်ရှိနေရာများကို ကာရံထားခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံအကြားတွင် ကာရံထားသည့် နယ်စပ်ခြံစည်းရိုးမှာ မြေပြန့်တွင် ကာရံထားသည့် အပိုင်းဖြစ်သည်။ တစ်ဖက်နိုင်ငံမှ တရားမဝင် နေထိုင်မှု၊ ၎င်းတို့၏ တရားဥပဒေ ချိုးဖောက်မှုများကို ကာကွယ်ရန်အတွက် အိန္ဒိယအစိုးရက အိန္ဒိယ-ဘင်္ဂလားနယ်စပ်တစ်လျှောက် ခြံစည်းရိုးကာရံရန် ဆုံးဖြတ်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင်ခြံစည်းရိုးကို အပြီးသတ်နိုင်ခဲ့သည်။ ကုန်ကျစရိတ် စုစုပေါင်းမှာ ဒေါ်လာသန်း ၆၀၀ ခန့် ဖြစ်သည်။ အဆိုပါ ခြံစည်းရိုးသည် သုံးမီတာမြင့်သည်ဟု သိရသည်။

ယင်းခြံစည်းရိုးသို့ တရားမဝင် ရောက်ရှိလာသူမှန်သမျှအား အစစ်အဆေးမရှိ သေနတ်ဖြင့် ပစ်ပိုင်ခွင့်ရှိကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ကြေညာထားသည်။ အိန္ဒိယနိုင်ငံသို့ ခိုးဝင်ရန် ကြိုးစားသည့် တစ်ဖက်နိုင်ငံသားများမှာ အပစ်ခံရသည့် ဖြစ်စဉ်များရှိခဲ့သည်။

အလားတူ အစ္စရေးနိုင်ငံတွင်လည်း ခြံစည်းရိုးနားသို့ ကပ်လာသူမှန်သမျှ ပစ်ပိုင်ခွင့်ရှိကြောင်း ထုတ်ပြန်ကြေညာထားခဲ့သည်။

ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် စံထားသတ်မှတ်ကြသည့် အမေရိကန်နိုင်ငံတွင်လည်း မက္ကဆီကိုနိုင်ငံနှင့် နယ်မြေထိစပ်နေသည့် နေရာများတွင် နယ်စပ်ခြံစည်းရိုးများကို အခိုင်အမာတည်ဆောက်ထားပြီး ခိုးဝင်လာသူမှန်သမျှကို အပြစ်ပေး အရေးယူလျက်ရှိသည်ကို တွေ့ရသည်။

နယ်စပ်ခြံစည်းရိုး ဘယ်လိုတည်ဆောက်မလဲ

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ခြံစည်းရိုးကာရန် ကျပ်ငါးဘီလျံ ခွင့်ပြုပေးထားပြီး ခြံစည်းရိုးအဆင့် မြှင့်တင်ခြင်း ဆောင်ရွက်ရန် လိုအပ်သည့် ကုန်ကျစရိတ်များအား ချက်ချင်းဖြည့်ဆည်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက စက်တင်ဘာ ၁၃ ရက်တွင် မီဒီယာများအား ပြောကြားထားသည်။

ဦးဇော်ဌေးက “ခြံစည်းရိုးက အခုလုပ်နေပြီ။ အဲဒါလည်း စတိတ်မန့်ထုတ်ဖို့ လုပ်နေတယ်။  ခြံစည်းရိုးကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ပေါ့နော်။ အခု ဘတ်ဂျက်မှာလည်း ပေးထားပါတယ်။ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်ကြီး ရဲအောင်သွားနေတယ်။ ခြံစည်းရိုး ကြည့်ပါမယ်။ အခုပေါက်တဲ့နေရာ ပျက်တဲ့နေရာတွေ ရှိတယ်။ ပျက်တဲ့နေရာတွေက မိုင်တိုင်အမှတ် ၃၀ က နေပြီးတော့  ၄၇ အကြား၊ အဲဒီနားမှာ တော်တော်လေး အပေါက်တွေရှိနေတယ် ပြောပါတယ်။ အဲဒီအပေါက်က ထွက်ပြေးနေတာ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဖာတာလုပ်ပြီးရင် ကျန်တဲ့မိုင် ၄၀ ကိုလည်း ၂၅ ရာခိုင်နှုန်း ဘတ်ဂျက်ချထားပေးပြီးသား၊ အဲဒါကိုလည်း ဆက်လုပ်နေပါတယ်။ ဘတ်ဂျက်က ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ သဘာဝဘေးကြောင့် ပျက်စီးမှုများ ပြန်လည်ပြုပြင်ခြင်း၊ နယ်နိမိတ်မှတ်တိုင် ၁၄၆ တောင်ဘက် ရေထွက်ပေါက်များ အပါအဝင်ခြံစည်းရိုးကာရံခြင်း အဲဒါတွေအတွက် အားလုံးပေါင်းငါး ဘီလျံပေးထားပြီ။ အဲဒါနဲ့ သူတို့လုပ်နေတယ်။  အဲဒါ BE ပေါ့နော်။  RE မှာလည်း ကျန်တာတွေ။ အခုဟာက အတိုင်ပင်ခံရဲ့ လမ်းညွှန်ချက်က ဘာလဲဆိုတော့ လက်ရှိခြံစည်းရိုးကိုလည်း ပိုပြီးအဆင့်အတန်း မြင့်မားအောင်လုပ်ဖို့ အဲဒီအတွက် လိုအပ်တဲ့ ကုန်ကျစရိတ်ကိုလည်း ချက်ချင်းဖြည့်ဆည်းပေးဖို့ဆိုပြီး လမ်းညွှန်ထားတာရှိတယ်။ အခု သံဆူးကြိုးနဲ့တင် လုပ်နေတယ်။ နည်းနည်းလည်း နိမ့်နေတယ်။ နောက်ထပ် အမြင့်ရောခိုင်မာမှုရော ထပ်လုပ်ဖို့ရှိပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ “ခြံစည်းရိုး ကာရံဖို့ ကျန်တာကတော့ မိုင် ၄၀ ကျန်တယ်။ ကျန်တာကို အပြည့်အဝကာမယ်။ နောက်ထပ်လည်း Upgrade လုပ်ပါမယ်။ နည်းပညာတွေရော ဘာတွေရောပေါ့” ဟု ဦးဇော်ဌေးက ပြောကြားသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးကာထားမှုတွင် အချို့နေရာများသည် နိမ့်နေကြောင်း၊ အပေါက်များဖြစ်နေသည့် အတွက် အပေါက်ဖာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ လက်ရှိတွင် တည်ဆောက်ထားသည့် နယ်စပ်ခြံစည်းရိုးမှာ ကွန်ကရစ်တိုင်ခြံစည်းရိုး၊ ဟင်ဂလန်သံတိုင် ခြံစည်းရိုးများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

ထို့ပြင် အချို့သောနေရာများတွင် ကုန်းပိုင်းနယ်နိမိတ်သာမက ရေကြောင်းဖြင့်လည်း ထိစပ်လျက် ရှိသည့်နေရာများရှိနေခြင်းကြောင့်  ခြံစည်းရိုးကာရံရာတွင် တစ်သတ်မတ်တည်း မသတ်မှတ်နိုင်ခြင်း ဖြစ်သည်။

လက်ရှိကာရံထားသည့် ခြံစည်းရိုးမှာ ငွေကုန်ကြေးကျသာရှိပြီး ထိရောက်မှုမရှိကြောင်း ဒေသခံများနှင့် ရခိုင်အရေးလေ့လာသူများက ပြောကြားသည်။

“နဂိုကာထားတဲ့ဟာကတော့ သိပ်အလုပ်မဖြစ်ဘူးပေါ့။ နှစ်ထပ်တော့ ကာစေချင်တယ်။ အရင်ကာထားတဲ့ဟာကတော့ ငွေကုန်သွားတာပဲ အဖတ်တင်တယ်။ လုပ်တဲ့သူတွေကလည်း အမျိုးသားရေးစိတ်ရှိဖို့ လိုအပ်တယ်။ ပြီးပြီးရော ကာတာနဲ့ အဆင်မပြေဘူး။ နောက်တစ်ခုက မြန်မာပိုင်နက်ထဲမှာ သံဆူးကြိုးလို ကာပြီးသွားရင် ကျူံးလိုမျိုးတစ်ခုလည်း ထပ်လုပ်သင့်တယ်။ နောက်ပြီးတော့ နယ်စပ်လုံခြုံရေးပေါ့။ အင်အားလည်း ထပ်လိုတယ်။ သူတို့အပြင်ကို ဥပမာမော်တော်ဆိုင်ကယ်၊ ကားလိုမျိုး အသုံးအဆောင်တွေလည်း လိုအပ်တယ်။ နယ်စပ်ကို လွယ်လွယ်ကူကူ သွားလာလို့ရတဲ့ အရာမျိုးပေါ့။ အဲဒါမျိုးတွေလည်း လိုအပ်တယ်” ဟု ဝံလက်အဖွဲ့မှ ဦးခိုင်ကောင်းဇံက သုံးသပ်ပြောကြားသည်။

လက်ရှိကာရံထားသည့် ခြံစည်းရိုးများမှာ နိုင်ငံ၏ သုံးစွဲနိုင်သည့် ငွေကြေးပေါ်တွင် မူတည်ပြီး ပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ ယခင်အစိုးရများလက်ထက်တွင် ခြံစည်းရိုးကာရံခြင်းအတွက် သတ်မှတ်ထားသည့် ငွေကြေးနှင့် အသုံးပြုထားခြင်းဖြစ်ကြောင်း ဦးကိုကိုနိုင်က ပြောကြားသည်။

“ဘယ်လိုပုံစံမျိုး ကာသင့်လဲဆိုရင်တော့ ဒီထက်ကောင်းတဲ့ ပုံစံမျိုးနဲ့လုပ်ချင်တာပေါ့။ ကိုယ့်နိုင်ငံရဲ့ ဘဏ္ဍာရေးအခြေအနေအရ လက်ရှိ ပုံစံကိုပဲရွေးခဲ့ရတာပါ” ဟု ဦးကိုကိုနိုင်က ပြောကြားသည်။

ခြံစည်းရိုး ကာရံပြီးပါကလည်း အဆိုပါခြံစည်းရိုးအတွက် လိုအပ်သည့် လမ်းပန်းဆက်သွယ်ရေး၊ စောင့်ကြည့်နိုင်ခြင်း စသည့်အခြေအနေများလည်း လိုအပ်ကြောင်း ဦးကိုကိုနိုင်က ပြောကြားသည်။

“နယ်စပ်ခြံစည်းရိုးဆိုတာ အတားအဆီးတစ်ခုပါ။ အတားအဆီးဆိုရာမှာ လူလုပ်ထားတဲ့ အတားအဆီးနဲ့ သဘာဝအတားအဆီးဆိုပြီး ရှိပါတယ်။ ဘယ်အတားအဆီးမဆို ဖျက်ဆီးကျော်လွှားလို့ ရတာပါပဲ။ လူလုပ်ထားတဲ့ အတားအဆီးကို လူကပဲ ဖျက်ဆီးကျော်လွှားနိုင်တာပါပဲ။ တောထဲတောင်ထဲမှာ ခြံစည်းရိုး ခတ်ပြီးပစ်ထားလို့ မရပါဘူး။ အတားအဆီး ကောင်းတစ်ခုရဲ့ အင်္ဂါရပ်ဆိုတာ စောင့်ကြပ်ပစ်ခတ်မှုနဲ့ စိုးမိုးထားနိုင်မှသာ အတားအဆီးကောင်းတစ်ခု ဖြစ်ပါမယ်။ ဆိုလိုတာက ခြံစည်းရိုး ကာရံရုံသက်သက်နဲ့ မရပါဘူး။ ခြံစည်းရိုးနဲ့အပြိုင် မော်တော်ကား သွားနိုင်တဲ့ကင်းလှည့်လမ်းလိုပါတယ်။ နှစ်စဉ်မိုးရေချိန် လက်မနှစ်ရာကျော်ရွာတဲ့ ဒေသဖြစ်လို့ မိုးရာသီမှာပါ ကားသွားလာနိုင်အောင်လမ်းသည် အနည်းဆုံး       ကျောက်ချောလမ်းအဆင့်ဖြစ်ဖို့ လိုပါတယ်။ အဲဒီခြံစည်းရိုးနဲ့အပြိုင် ရှိနေတဲ့ ကင်းလှည့်လမ်းကို မောင်တော၊ ဘူးသီးတောင်၊ တောင်ပြိုလက်ဝဲ၊ ခမောင်းဆိပ် စတဲ့မြို့ရွာတွေကနေ အုပ်ချုပ်ထောက်ပံ့မှု အတွက် စစ်ကူပစ်ကူအတွက် တိုက်ရိုက်ဆက်သွယ် သွားလာလို့ရအောင် ရာသီမရွေးသွားလာလို့ရတဲ့ ဆက်သွယ်ရေးလမ်းတွေ လိုပါတယ်” ဟု ဦးကိုကိုနိုင်က ပြောကြားသည်။

ထို့ပြင် နယ်စပ်ခြံစည်းရိုးအား စောင့်ကြည့်နိုင်စေရန် ကင်းစခန်းများကိုလည်း ဆောက်လုပ်ထားရန် လိုအပ်ပြီး လုံခြုံရေးတပ်ဖွဲ့များအတွက် နေထိုင်နိုင်ရန် အဆောက်အအုံများ တည်ဆောက်ပေးရန် လိုအပ်ကြောင်း ဦးကိုကိုနိုင်က ဆက်လက်ပြောကြားသည်။

“မိုင်ရာနဲ့ချီပြီး ရှည်လျားတဲ့ နယ်စပ်ခြံစည်းရိုးကို ၂၄ နာရီ စောင့်ကြပ်ကြည့်ရှုနေဖို့၊ မိုင်အကွာအဝေး တစ်ခုစီအလိုက် ပိုင်းခြားပေးပြီး ကင်းစခန်းတွေဆောက်လုပ်ဖို့၊ ကင်းစခန်းတွေမှာ လုြံခုံရေးတပ်ဖွဲ့တွေ နေထိုင်နိုင်အောင်ရေနဲ့လိုအပ်တာ စီမံပေးဖို့ စတာတွေလည်း လိုပါတယ်။ ဘူးသီးတောင် မောင်တောမြို့တွေတောင် ၂၄ နာရီ လျှပ်စစ်မီး မရသေးတော့ နယ်စပ်ခြံစည်းရိုးမှာ စောင့်ကြည့်ကင်မရာတို့၊ ဓာတ်အား လွှတ်ထားဖို့ဆိုတာတွေက လက်တွေ့နဲ့ မနီးစပ်ပါဘူး။ ရန်ကုန်မြို့ လှော်ကားကန် ပြည်လမ်းမဘေးခြံစည်းရိုးမှာ ကျူးကျော်ဝင်ရောက်ပါက ပစ်ခတ်ဖမ်းဆီးခြင်း ခံရမည်ဆိုပြီး စာရေးထားသေးတာပဲ။ ရန်ကုန်မှာတောင် ဒီလိုဆိုရင် ဒီလိုနယ်စပ်မှာရော ခြံစည်းရိုးအနားကိုကပ်လာရင် မလုပ်သင့်ဘူးလား။ တချို့နိုင်ငံ နယ်စပ်ခြံစည်းရိုးမှာ တရားဝင် ပြောဆိုဝန်ခံတာမျိုး မရှိပေမယ့်လည်း မြေမြှုပ်မိုင်း၊ ထောက်ချောက်မိုင်းထောင်ထားပြီး ခိုးဝင်ဖြတ်ကျော်မှုကို တားဆီးကြပါတယ်။ ဒါတွေလည်း လိုပါတယ်” ဟု ဦးကိုကိုနိုင်က ပြောကြားသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အကြားတွင် ပထဝီအနေအထားအရ နတ်မြစ်တားဆီးထားကြောင်း၊ နွေရာသီရောက်ရှိလာပါက အချို့နေရာများတွင် လမ်းလျှောက်ပြီး ဖြတ်ကူးနိုင်သည့် အခြေအနေတွင်ရှိကြောင်း ဒေါက်တာအေးချမ်းက ပြောကြားသည်။

“နတ်မြစ်က တချို့နေရာတွေမှာ ဒီအတိုင်းဖြတ်ကူးလို့ရတဲ့နေရာတွေ ရှိတယ်။ အဲဒီအတွက် ခြံစည်းရိုးကို ဘယ်လိုပုံစံမျိုး လုပ်မလဲဆိုတာက စကားပြောသွားတယ်။ ကုန်းတွင်းပိုင်းမှာ လုပ်ရတာ လွယ်ကူပေမယ့် အဲဒီနေရာတွေမှာ ဘယ်လိုလုပ်မလဲ။ အကောင်းဆုံးတစ်ခုကတော့ အဲဒီလိုနေရာတွေမှာ စောင့်ကြည့်ဖို့ လုံခြုံရေးအစောင့်တွေရှိဖို့ လိုအပ်တယ်” ဟု ဒေါက်တာအေးချမ်းက ဆိုသည်။

ထို့ပြင် အချို့သောနေရာများတွင် စက်တပ်လှေများ အသုံးပြုခြင်းမရှိဘဲ လက်ခတ်လှေများဖြင့် အလွယ်တကူ သွားလာနိုင်သည့် အခြေအနေတွင်ရှိကြောင်း၊ အဆိုပါ နေရာများတွင် လုံခြုံရေး ချထားပေးရန် လိုအပ်ကြောင်း ဦးခိုင်ကောင်းဇံက ပြောကြားသည်။

“အဲဒီနေရာတွေမှာတော့ လုံခြုံရေးကို တိုးပြီးချထားဖို့ လိုအပ်တယ်။ အထူးသဖြင့် ဒီလိုကာလတွေမှာပေါ့” ဟု ဦးခိုင်ကောင်းဇံက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဦးကိုကိုနိုင်ကလည်း “နောက်တစ်ခုက မြေပြင်အနေအထားပါ။ နယ်နိမိတ်က နတ်မြစ်နဲ့ မိုင် ၄၀ ခန့် ရှည်လျားစွာ ပိုင်းခြားထားတော့ ကိုယ့်ခြံစည်းရိုးကို နတ်မြစ်ရဲ့ အရှေ့ဘက်ကမ်းတစ်လျှောက် ကာရံရပါတယ်။ မေယုတောင်ကြောအပါအဝင် တောင်ကြောတွေမှာ အစပြုပြီး နတ်မြစ်ထဲကို အရှေ့၊ အရှေ့မြောက်ကနေ အနောက်တောင်ဘက်သို့ စီးဝင်တဲ့ပြူးမချောင်းနဲ့ အခြားသော ချောင်းပေါင်းများစွာရဲ့ ချောင်းဝတွေဟာ သိပ်ပြီးကျယ်တော့ နယ်စပ်ခြံစည်းရိုးက ချောင်းဝကျယ်တဲ့ နေရာတွေမှာ ချန်လှပ်ကာရံရတော့ ဘင်္ဂလားဒေ့ရ်ှဘက်ကနေ နတ်မြစ်ကိုဖြတ်ပြီး အဲဒီချောင်းဝကျယ်တွေက တစ်ဆင့်လှေငယ်တွေနဲ့ ညအချိန် ဝင်ရောက်တာတွေကို လွတ်သွားတာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ခြံစည်းရိုးသည် လိုတော့လို အပ်ပါတယ်။ သို့သော်အဓိကအကျဆုံးတော့ မဟုတ်ပါဘူး။ ခြံစည်းရိုး ဆိုရာမှာလည်း ခြံစည်းရိုး သက်သက်နဲ့မရဘဲ ခုနကရှင်းပြတဲ့လမ်းနဲ့ ဆက်စပ်တာတွေပါ ဆောင်ရွက်မှသာ ခြံစည်းရိုးက အဓိပ္ပာယ်ရှိမှ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင် Ukhia ရှိ ကွမ်ဟမ်ရွာအနီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာဘက်ခြမ်းတွင် ကင်းလှည့်နေသော မြန်မာတပ်မတော်သားများကို ကြည့်ရှုနေသော
ဘင်္ဂါလီများကို စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (Photo - AFP)

ထို့ပြင် နယ်စပ်ခြံစည်းရိုး ကာရံပြီးစီးပါက မောင်တောခရိုင်အတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ဆောင်ရန် အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အရင်တုန်းက ရန်ကုန်ဘက်က ပျံကျတွေ ခိုးဆိုးနှိုက်ကျူးလွန်သူတွေကို နေထိုင်ဖို့ပို့ဖူးတယ်။ နွားပေး၊ ဆိုက်ကားပေး၊ လက်တွန်းထွန်စက်ပေး၊ ဘင်္ဂါလီတွေလုပ်နေတဲ့ လယ်ကိုသိမ်းပြီး ပြန်ခွဲပေးပေါ့။ အဲဒီလိုတွေပေးပြီး တာဝန်ရှိသူတွေက ပြန်ပြီးတော့လည်း မကြည့်ကြတော့တဲ့ အခါကျတော့ အများစုကရတဲ့ဈေးနဲ့ ရောင်းချပြီး ရန်ကုန်ပြန်သွားကြတာမျိုး အရင်က ဖြစ်ခဲ့ဖူးပါတယ်။ နောက်တစ်ခုက မောင်တောခရိုင် တစ်ခုလုံးမှာ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ စစ်တွေကနေ မောင်တောကို ကားနဲ့အချိန်မရွေး သွားလာနိုင်ဖို့ လိုပါတယ်။ ခုတော့ ဘူးသီးတောင်ကို သင်္ဘောနဲ့လာပြီးမှ ကားနဲ့ မောင်တောကိုဆက်သွား။ သင်္ဘောကလည်း ညကျတော့ သွားမရဘူး။ နောက်တစ်နည်းက စစ်တွေကနေ မေယုမြစ်အရှေ့ဘက်ကမ်းက ရေချမ်းပြင်ရွာဆိပ်ကမ်းကိုသွား။ အဲဒီကနေ စက်လှေနဲ့ မေယုမြစ်ဝကျယ်ကျယ်ကြီးကို ဖြတ်ပြီး အငူမော်ရွာဆိပ်ကမ်းကိုကူး။ အဲဒီကမှတစ်ဆင့် အငူမော် မောင်တော ၄၉ မိုင်ခရီးကို ကားနဲ့ဆက်သွားရပါတယ်။ မေယုမြစ်ဝကျယ်ကျယ်ကြီးက ညဆိုကူးလို့မရဘူး။ နေ့ဆိုရင်တောင် လေပြင်းတိုက်နေတဲ့အချိန်ဆို စက်လှေကမထွက်ရဲဘူး။ ဒီတော့ အရေးအကြောင်းဆို စစ်တွေကနေမောင်တောကို အချိန်မရွေး မသွားနိုင်ဘူး။ ဒါကြောင့် ဘူးသီးတောင်ကနေ ကျောက်တော်မြို့ကို ကားလမ်းဖောက်လို့ဖြစ်စေ ဘူးသီးတောင်ကနေ ရသေ့တောင်မြို့ကို ကားလမ်းဖောက်ပြီး ရသေ့တောင်မြို့မှ တစ်ဆင့် အမ်း- စစ်တွေကာလမ်းပေါ်က ပုဏ္ဏားကျွန်းမြို့ကိုကားနဲ့ သွားလို့ရသွားမယ်။ အဲဒါတွေက လမ်းပန်းအခက်အခဲတွေပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နယ်စပ်ခြံစည်းရိုးနံဘေးက အဂတိလိုက်စားမှု

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြားတွင် နယ်စပ်ခြံစည်းရိုးအား ၂၀၀၉ ခုနှစ်မှ စတင်တည်ဆောက်ထားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ဖြစ်သော်လည်း ခိုးဝင်ဘင်္ဂါလီဖြစ်ရပ်များမှာ ရှိနေဆဲပင် ဖြစ်သည်။

နယ်စပ်ခြံစည်းရိုး အဆင့်မြင့် တင်ကာရံပြီးပါက အဆိုပါခြံစည်းရိုး စောင့်ကြည့်သူများအနေဖြင့် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း မောင်တောမြို့ခံများနှင့် ရခိုင်အရေး လေ့လာသူများက ပြောကြားသည်။

လက်ရှိ မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ပြဿနာများမှာ အကျင့်ပျက်ခြစားမှုကြောင့် ဖြစ်ပွားသည့် ပြဿနာများဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အကျင့်ပျက်ခြစားမှုမှာ ပိုမိုများပြားလာခဲ့ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် ဝံလက်ပရဟိတအဖွဲ့အစည်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းဇံက ပြောကြားသည်။

“၁၉၈၈ နောက်ပိုင်းမှာက အကျင့်ပျက်ခြစားမှုက ပိုများလာတယ်။ အဲဒီအရင်က သိပ်မရှိသေးဘူး။ အဲဒီနောက်ပိုင်းမှာ ဖြစ်လာတာ။ အဲဒါတွေကြောင့် မလိုအပ်တဲ့ ပဋိပက္ခတွေ ဖြစ်လာတာပေါ့။ နိုင်ငံသား ဖြစ်ခွင့်မရှိတဲ့သူတွေက အကျင့်ပျက်ခြားမှုတွေကြောင့် နိုင်ငံသားတွေ ဖြစ်လာတယ်။ ဒါတွေကို အရေးယူတဲ့နေရာတွေမှာ အားနည်းလို့ ဖြစ်လာတာတွေပေါ့။ ဝန်ထမ်းတွေအတွက် အထောက်အပံ့ တွေကိုလည်း ပိုပေးရမှာပေါ့။ ဆိုလိုတာက ပြင်ပမှာနေတဲ့သူတွေထက် ပိုပေးသင့်တယ်။ ဒီဒေသကိုတာ ဝန်ကျရင်။ နောက်ပြီးတော့ သူတို့ အနေနဲ့ သစ္စာရှိရင်၊ တိုင်းပြည်က ချမှတ်ထားတဲ့ စည်းကမ်းတွေကိုလိုက်နာရင် ဆုပေးဒဏ်ပေးစနစ်ကို လုပ်ဆောင်သင့်တယ်။ အရင်က အရေးယူမှုတွေတော့ ရှိခဲ့တာလည်း ရှိပေမယ့် သူတို့လုပ်ခဲ့တဲ့အရာတွေထက် တော်တော့်ကိုနည်းပြီးတော့ အရေးယူတာတွေရှိတယ်” ဟု ဦးခိုင်ကောင်းဇံက ပြောကြားသည်။

အကြမ်းဖက်ဖြစ်စဉ်များ ယခုကဲ့သို့ ကြီးထွားလာခြင်း၏ နောက်ကွယ်တွင် အဂတိလိုက်စားမှုများ ကာလကြာမြင့်စွာ ရှိခဲ့ခြင်းကြောင့်ဖြစ်ပြီး လက်ရှိတွင် အစိုးရအနေဖြင့် ဒေသခံများ၏ စကားသံများ၊ အဂတိလိုက်စားမှုနှင့် ပတ်သက်သည်များကို ထိထိရောက်ရောက်အရေး ယူသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“နိုင်ငံသားဖြစ်ခွင့်တောင် မရှိတဲ့သူတွေက မြေပိုင်ဆိုင်နေတဲ့ အထောက်အထားတွေရှိတာ အံ့သြစရာကောင်းတယ်။ ကျွန်တော်တို့ဆီမှာ နိုင်ငံသားပဲ မြေပိုင်ဆိုင်ခွင့်ရှိတာလေ။ ဒါပေမဲ့ သူတို့ (ဘင်္ဂါလီ) တွေက မြေပိုင်ဆိုင်မှု အထောက်အထားတွေရှိနေတာ ဘာကြောင့်လဲ။ စစ်ကြည့်လိုက်ရင် အဂတိလိုက်စားမှုကြောင့် ဖြစ်တယ်ဆိုတာ တွေ့ရလိမ့်မယ်။ နောက်တစ်ခုက ဒေသခံတွေရဲ့ အသံတွေကို နားထောင်ပေးဖို့ လိုအပ်တယ်။ သူတို့ ဘာတွေကြောင့် ခံစားနေရလဲဆိုတာသူတို့ အသံကို နားထောင်ကြည့်မှ မြင်လိမ့်မယ်” ဟု ဦးခိုင်ကောင်းဇံက ပြောကြားသည်။

နယ်စပ်ခြံစည်းရိုးက အဓိကအတားအဆီး တစ်ခုလား

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအရ နယ်စပ်ခြံစည်းရိုး ကာရံခြင်းမှာ ဦးစားပေးလုပ်ဆောင်ရမည့် ကဏ္ဍတစ်ခုဖြစ်သည်။

ခိုးဝင်ဘင်္ဂါလီများကို တားဆီးရသည့် ပထမဆုံးအတားအဆီးမှာ ခြံစည်းရိုးဖြစ်သည်။ ယင်းခြံစည်းရိုးကာရံမှုမှာ ဦးစားပေးအစီအစဉ် တစ်ခုဖြစ်သဖြင့် အစိုးရအဖွဲ့မှ လိုအပ်သည့် ဘတ်ဂျက်များကို ထပ်မံချထားပေးကာ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။

သို့သော်ခြံစည်းရိုးအား ထိန်းသိမ်းစောင့်ရှောက်ရသူများမှာလည်း အဓိက အခန်းကဏ္ဍမှ ပါဝင်သည်ကို တွေ့ရမည်ဖြစ်သည်။ အဂတိလိုက်စားမှုရှိပါက နယ်စပ်ခြံစည်းရိုး မည်မျှပင်ကောင်းစေကာမူ ခိုးဝင်ဘင်္ဂါလီအရေးမှာ ချုပ်ငြိမ်းသွားမည် မဟုတ်ချေ။

ခိုးဝင်ဘင်္ဂါလီအရေးကို နိုင်နင်းခြင်းမရှိပါက မောင်တောခရိုင်မှာ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလာမည်သာ ဖြစ်သည်။

ရခိုင်အကြမ်းဖက်မှုဖြစ်စဉ်များမှာ လူမျိုးရေး၊ ဘာသာရေး မဟုတ်ဘဲ အချုပ်အခြာအာဏာ အားခြိမ်းခြောက်မှုတစ်ခုသာ ဖြစ်သည်။

“ရခိုင်မြောက်ပိုင်းအရေးဟာ ပြည်ထောင်စုအရေးပါ။ လူမျိုးရေး ဘာသာရေး ပြဿနာမဟုတ်ပါဘူး။ အချုပ်အခြာအာဏာကို ခြိမ်းခြောက်မှုပါ။ နိုင်ငံသားဖြစ်မှု ပြဿနာပါ။ ဒါကို လူမျိုးရေး၊ သာသာရေး အမြင်နဲ့ချဉ်းကပ်ရင် အမုန်းတရားတွေပဲ ဖြစ်လာပြီး ပြဿနာကပိုပြီး ရှုပ်ထွေးသွားပါလိမ့်မယ်။ ကိုယ့်နိုင်ငံထဲမှာရှိတဲ့ ဘယ်သူ့ကိုမဆိုလူသား အမြင်နဲ့ကြည့်ရမယ်။ လူသားချင်း စာနာထောက်ထားမှု ရှိရပါမယ်။ ဒါပေမဲ့ နိုင်ငံသားအခွင့်အရေးဆိုတာကို တည်ဆဲနိုင်ငံသားဥပဒေအရ စိစစ်ဆုံးဖြတ်ရပါမယ်။ စိစစ်ပါ ဥပဒေနဲ့ညီရင်ပေးပါ။ နိုင်ငံသား ဖြစ်သွားရင် နိုင်ငံအတွင်းလွတ်လပ်စွာ သွားလာအခြေချနေထိုင်ခွင့် ပေးရပါမယ်။ စိစစ်မှု မခံယူရင် ခံယူသော်လည်း နိုင်ငံသားဖြစ်ခွင့် သတ်မှတ်ချက်နဲ့မညီလျှင် နိုင်ငံသား အခွင့်အရေး မပေးနိုင်ပါဘူး။ တရားမဝင် ဝင်ရောက်လာသူများအပေါ် နိုင်ငံတကာက ကျင့်သုံးသလိုပဲ ကန့်သတ်မှုတွေ ကျင့်သုံးပြီး ပြည်နှင်ရမှာပါ” ဟု ဦးကိုကိုနိုင်က ပြောကြားသည်။

ခိုးဝင်ဘင်္ဂါလီများ ဝင်ရောက်မှုမှ ကာကွယ်ရန် နယ်စပ်ခြံစည်းရိုးအား အဆင့်မြှင့်တင်ခြင်း၊ ပျက်စီးယိုယွင်းမှုများကို ပြန်လည်လုပ်ဆောင်ရန် အရေးတကြီးလုပ်ဆောင်ရမည့် အခြေအနေတစ်ခု ဖြစ်ပေသည်။