ရာဇဝတ်သားများအား ကိုယ်တိုင်ပစ်သတ်မည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြောကြား

အောက်တိုဘာ ၁၇ ရက်က မာရာဝီမြို့ လွတ်မြောက်ပြီြုဖစ်ကြောင်း ကြေညာနေသော ဖိလစ်ပိုင်သမ္မတ ဒူတာတေး (ဝဲ) (Photo: AFP)

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ၎င်း၏အငြင်းပွားဖွယ် မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲတွင် ရဲတပ်ဖွဲ့အား ပြန်လည်အသုံးပြုဖွယ်ရှိဟု သတိပေးခဲ့ပြီး ရာဇဝတ်သားများအား ၎င်းကိုယ်တိုင်ပစ်သတ်မည်ဟု အောက်တိုဘာ ၂၀ ရက်နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

တရားမဝင် မူးယစ်ဆေးဝါးများအား တိုက်ဖျက်ရန် ဒူတာတေး၏အမိန့်ကို နာခံလုပ်ဆောင်စဉ် တစ်ဖက်တွင်လည်း လူထောင်နှင့်ချီအား သတ်ဖြတ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု ဖိလစ်ပိုင်ရဲတပ်ဖွဲ့သည် စွပ်စွဲခံခဲ့ရပြီးနောက် ဒူတာတေးက အောက်တိုဘာ ၁၁ ရက်တွင် မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲ၌ ရဲတပ်ဖွဲ့ကို တာဝန်မှလျှော့ချခဲ့သည်။ အင်အား ၁၆၅၀၀၀ ရှိသော ရဲတပ်ဖွဲ့အစား အင်အား ၂၀၀၀ ခန့်သာရှိသည့် ဖိလစ်ပိုင် မူးယစ်ဆေးတိုက်ဖျက်ရေးအေဂျင်စီ (PDEA) အား မူးယစ်ဆေးဝါး နှိမ်နင်းရေးကို လွဲှပြောင်းဦးဆောင်ရန် ဒူတာတေးက ညွှန်ကြားခဲ့သည်။

ဒူတာတေးသည် မူးယစ်ဆေးစွဲသူများ သို့မဟုတ် သံသယရှိသူများအား သတ်ဖြတ်ရန်အတွက် ရဲတပ်ဖွဲ့အား ညွှန်ကြားခြင်း သို့မဟုတ် လှုံ့ဆော်ခဲ့ခြင်းမရှိကြောင်း အကြိမ်ကြိမ် အခိုင်အမာပြောကြားခဲ့သော်လည်း တစ်ခါတစ်ရံတွင် သူသည် ယင်းကဲ့သို့ သံသယရှိသူများအား သတ်ဖြတ်ရန် သို့မဟုတ် သတ်ဖြတ်စေလိုကြောင်း ပြောကြားခဲ့ဖူးသည်။

PDEA သည် တရားမဝင် မူးယစ်ဆေးဝါးများအား နှိမ်နင်းရန် မစွမ်းဆောင်နိုင်ဟု သံသယမြင့်တက်လာချိန်တွင် ဒူတာတေးက ရာဇဝတ်သားများအား သူကိုယ်တိုင် သုတ်သင်ပစ်ရန် ကြိုတင်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် ရဲတပ်ဖွဲ့အား ပြန်လည်ခေါ်ယူရန် စဉ်းစားထားပြီးဖြစ်ကြောင်းလည်း ဒူတာတေးက ပြောကြားခဲ့သည်။ ယခုအချိန်မှစ၍ ခြောက်လစောင့်ကြည့်မည်ဖြစ်ကြောင်း၊ အကယ်၍ အခြေအနေများ ပိုမိုဆိုးရွားလာလျှင် ယင်းမျောက်ဝံများအား ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ရန်နှင့် ကိုယ့်ပြဿနာကိုယ်ဖြေရှင်းရန် ညွှန်ကြားမည်ဖြစ်ကြောင်း ဒူတာတေးက ရဲများအား ရည်ညွှန်းလျက် ပြောကြားခဲ့သည်။

ဒူတာတေးက လူ့အသိုင်းအဝိုင်းရှိ တရားမဝင် မူးယစ်ဆေးဝါးများအား နှိမ်နင်းရာတွင် လူ ၁၀၀၀၀၀ အထိသေဆုံးနိုင်ကြောင်း မဲဆွယ်စည်းရုံးခဲ့ပြီးနောက် ပြီးခဲ့သောနှစ် သမ္မတရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သည်။

ယင်းနောက်ပိုင်း ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သူ ၃၉၀၀ ကျော်အား သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ အခြားလူ ၂၂၉၀ မှာမူ ရှင်းရှင်းလင်းလင်းမသိရသေးသည့် မူးယစ်ဆေးနှင့် ဆက်နွှယ်၍ အသတ်ခံခဲ့ရကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်ပြည်သူ အများအပြားက ရာဇဝတ်မှုနှင့် အကျင့်ပျက်ခြစားမှုများအား တိုက်ဖျက်ရာတွင် ဒူတာတေးက အဖြေတစ်ရပ်ဟု ရှုမြင်လျက် ထောက်ခံနေကြဆဲဖြစ်ကြောင်း သိရသည်။