ဝင်ငွေလျော့နည်းလာပြီး လုပ်ငန်းမကောင်းသောကြောင့် Orchid ဟိုတယ်ကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ဟိုတယ်/ခရီး ဝန်ကြီးဌာနက တရားစွဲဆိုထားသည့် ဟိုတယ်ပိုင်ရှင် ဦးဌေးအောင် ပြောကြား

ဒီဇင်ဘာလတွင် ပိတ်သိမ်းမည့် Orchid ဟိုတယ်ကို တွေ့ရစဉ် (ဓာတ်ပုံ-လွင်မျိုးသူ)

ဝင်ငွေလျော့နည်းလာပြီး လုပ်ငန်းမကောင်းသောကြောင့် Orchid ဟိုတယ်ကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ဇူလိုင် ၁၇ ရက် နေ့လယ်ပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဟိုတယ်လုပ်ငန်းရှင် ဦးဌေးအောင် ပြောကြားသည်။

Orchid ဟိုတယ်ကို ၁၉၉၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ခြောက်လအကြာ လုပ်ကိုင်ပြီး ရပ်နားခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းပြီးချိန်တွင် ဟိုတယ်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခုနှစ်ကုန်တွင် ဟိုတယ်လုပ်ငန်းများကို အပြီးပိတ်သိမ်းမည်ဖြစ်သည်။

ယင်းဟိုတယ်သည် ဗိုလ်တထောင်မြို့နယ် အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရား လမ်းထောင့်တွင် တည်ရှိပြီး အခန်းပေါင်း ၄၀ ရှိကာ ဝန်ထမ်းပေါင်း ၄၀ ကျော်နှင့် လည်ပတ်နေကြောင်း သိရသည်။

“ကျွန်တော်က Orchid ကိုသက်သေပြပြီးသား လုံးဝမအောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို အောင်မြင်အောင် လုပ်ပြပြီးပြီ။ Orchid ကို လုပ်နေရင်းနဲ့ နိုင်ငံပိုင် မလုပ်နိုင်လို့ ရပ်ထားတဲ့ ဟိုတယ်တွေကိုလည်း ယူပြီးတော့ ငွေကြေးမြောက်မြားစွာ သုံးခဲ့တယ်။ ငွေမည်းတွေကို ငွေဖြူဖြစ်အောင်လုပ်တာ မဟုတ်ဘူး။ Orchid ရဲ့ဝင်ငွေတွေနဲ့ပဲ ကျွန်တော်တို့ လုပ်ခဲ့တာပါ။ အခုတော့ Orchid ဟိုတယ်ကလည်း တဖြည်းဖြည်း ဝင်ငွေလျော့နည်းလာပြီ။ ဒါဟာ ကျွန်တော့် Orchid ဟိုတယ်ပိတ်ရတဲ့ လုံလောက်တဲ့ အကြောင်းပြချက်လို့ ထင်ပါတယ်” ဟု ဦးဌေးအောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထို့ပြင် ကွမ်းခြံကုန်မြို့နယ်ရှိ လက်ခုပ်ကုန်းဟိုတယ် မြေနေရာကို တစ်နှစ်လျှင် ကျပ်သိန်း ၂၀၀ ဖြင့် ငှားရမ်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကာ လက်ရှိတွင် အခြေခံအဆောက်အအုံနှင့် လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်း၊ ယင်းဟိုတယ်ဝန်းကျင်တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဝန်ကြီးဌာနက စနစ်တကျ ပါဝင်ပတ်သက်မှု မရှိခြင်းတို့ကြောင့် အစိုးရသို့ပြန်လည်အပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။

“ဒါပေမဲ့ အစိုးရဘက်က အဲဒီတုန်းက Plan တွေထုတ်ပြလိုက်တာ မပြောနဲ့။ တံတားထိုးမယ့် စီမံကိန်းရော ဟိုဘက်က ရွှေချတော့မယ့်အတိုင်း အပြောကြီးပုံကတော့။ အဲဒီတော့လည်း ကျွန်တော်တို့လည်း ယုံတာပေါ့။ အစိုးရက ဒီအတိုင်းတော့ ဘယ်ရပ်တည်မလဲ။ ဖွံ့ဖြိုးအောင်တော့ လုပ်မှာပဲ။ အဲဒီတော့ သွားပြီး အခြေချထားမယ်ဆိုပြီး သွားလုပ်တာ။ တစ်နှစ်ကို ကျပ်သိန်း ၂၀၀ ပါ ငှားရမ်းခက။ ဧကက ၂၈ ဧက ရှိတာပါ။ ဒါပေမဲ့ ဘာမှလုပ်လို့မရဘူး။ ကျွန်တော့်ကို အဲဒီဟိုတယ် လွှဲတဲ့အချိန်မှာ ဟိုတယ် အလယ်ကောင် တည့်တည့်မှာ သူတို့အခကြေးငွေနဲ့ ငှားရမ်းထားတဲ့ ဝက်တဲတစ်တဲပါတယ်။ အဲဒါလည်း မဖယ်ပေးသွားဘဲ ဦးဌေးအောင် ကြည့်သာလုပ်လိုက်တော့ဆိုပြီး ကျွန်တော့်ကို လွှဲခဲ့တာ။ နောက်ပြီး ဘေးပတ်ဝန်းကျင်မှာလည်း ကျူးကျော်တဲတွေကြီးပဲ” ဟု လက်ခုပ်ကုန်း ဟိုတယ်နှင့် ပတ်သက်၍ ဦးဌေးအောင်က ပြောကြားသည်။

ဦးဌေးအောင်သည် ပြင်ဦးလွင်ရှိ နန်းမြိုင်ဟိုတယ်ကို ဇူလိုင် ၁၄ ရက်ကလည်း ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းဟိုတယ်ကို ပြန်လည်ပေးအပ်ပြီး ဖြစ်သော်လည်း ဝန်ကြီးဌာနက ဦးဌေးအောင်အား ကျပ်သိန်း ၁၃၀၀၀ ရလိုမှုဖြင့် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။

“ကျပ်သိန်း ၁၃၀၀၀ လောက်ကို ကျွန်တော့်ကို မပေးပေးပေး ငါ့ရွှေခွက်ပေး ပုံစံမျိုးနဲ့ အဲဒီလိုမျိုး တောင်းတယ်။ ကျွန်တော်လည်း မခံချင်စိတ်နဲ့ အမြဲပြောတဲ့စကား ရှိပါတယ်။ ကျပ်သိန်း ၁၃၀၀၀ ဆိုတာ ကျွန်တော့်အတွက် အများကြီး မဟုတ်ပါဘူး။ ကျွန်တော် လှည့်ပတ်ပြီး ပေးလိုက်လို့ရပါတယ်” ဟု ဦးဌေးအောင်က ပြောကြားသည်။

နန်းမြိုင်ဟိုတယ်အား ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ပိတ်သိမ်းခဲ့ပြီးနောက် ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းများမှာ ဝန်ကြီးဌာနကသာ စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ရှိ နန်းမြိုင်ဟိုတယ်အား The National Trading ကုမ္ပဏီက ယခင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် တစ်နှစ်လျှင် ကျပ်သန်း ၆၀၀ ဖြင့် တင်ဒါစနစ်ဖြင့် ၁၅ နှစ်သက်တမ်း စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ရာတွင် စာချုပ်ပါ စည်းကမ်းချက်များ၌ ငှားရမ်းခကို တစ်လပေးသွင်းရန် ပျက်ကွက်ခဲ့ပါက ငှားရမ်းထားသည့်စာချုပ်ကို ရပ်စဲပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားကြောင်း၊ နန်းမြိုင်ဟိုတယ် ငှားရမ်းထားသူမှာ ငှားရမ်းခပေးသွင်းရန် ၂၀၁၅ ခုနှစ် ဧပြီလမှ စတင်ကာ ပျက်ကွက်ခဲ့ကြောင်း၊ ဝန်ကြီးဌာနက အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ငှားရမ်းခများ ပေးသွင်းခြင်းမရှိဘဲ ၂၀၁၇ ခုနှစ် ဇွန်လအထိ ကြွေးကျန် ကျပ်သိန်းပေါင်း ၁၃၀၀ ရှိခဲ့ကြောင်း၊ ထိုသို့ ကျန်ရှိနေသည့် ကြွေးကျန်များကို သုံးပုံ တစ်ပုံခန့် လျှော့ချပေးရေးအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ်ကို ငြင်းဆိုခဲ့ကြောင်း၊ ယင်းကြောင့် နိုင်ငံတော်မှ နစ်နာနေသဖြင့် လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့များထံသို့ တင်ပြလမ်းညွှန်မှု ခံယူခဲ့ပြီး ဟိုတယ်ငှားရမ်းခြင်းကို ၂၀၁၇ ခုနှစ် ဇွန်လ၌ ရပ်စဲခဲ့ကာ စာချုပ်ပါ သတ်မှတ်ရက်အတွင်း ဟိုတယ်ကို နိုင်ငံတော်သို့ ပြန်လည်ပေးအပ်ခြင်း၊ ငှားရမ်းခ ကြွေးကျန်များ ပေးသွင်းခြင်း မရှိသဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ သဘောတူညီချက်ဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် တရားမကြီး အမှုဖြင့် အရေးယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ဇွန် ၁၈ ရက်က သတင်းထုတ်ပြန်ထားသည်။