MRTV အနေဖြင့် ကွဲပြားသောနိုင်ငံရေးအမြင်များကို လွတ်လပ်စွာဖော်ပြသည့် ရုပ်သံလိုင်း၊ အစိုးရကို စောင့်ကြည့်ဝေဖန်နိုင်သည့် မီဒီယာအဖြစ်ပြောင်းလဲရန် လိုအပ်ကြောင်းနှင့် မြဝတီသည် တပ်မတော်သတင်းများကိုသာ အဓိကဖော်ပြဟု MID ၏အစီရင်ခံစာတွင် ဖော်ပြ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) အနေဖြင့် ကွဲပြားသော နိုင်ငံရေးအမြင်များကို လွတ်လပ်စွာ ဖော်ပြသည့် ရုပ်သံလိုင်း၊ အစိုးရကို စောင့်ကြည့်ဝေဖန်နိုင်သည့် မီဒီယာအဖြစ် ပြောင်းလဲရန်လိုအပ်နေကြောင်းနှင့် မြဝတီသည် တပ်မတော်သားများကိုသာ အဓိကဖော်ပြကြောင်း Myanmar Institute For Democracy (MID) ၏ မီဒီယာ စောင့်ကြည့်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ သတင်းမီဒီယာများတွင် ဖော်ပြထားသည့် နိုင်ငံရေး နှင့် လူမှုရေး စုံလင်ကွဲပြားမှုအပေါ်  လေ့လာစောင့်ကြည့်ခြင်း အစီရင်ခံစာနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၈ ရက် က ရန်ကုန်မြို့ Park Royal Hotel တွင် ကျင်းပခဲ့ပြီး အဆိုပါအစီရင်ခံစာသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၈  ခုနှစ် မေလအထိ သုတေသန ပြုလုပ်ထားခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် မေ ၁ ရက်မှ ၃၁ ရက်အထိ MRTV သည် အစိုးရနှင့် ပတ်သက်သည့် သတင်းများကို အမြောက်အမြား ထုတ်လွှင့်ခဲ့ပြီး တင်ဆက်မှုများသည် များသောအားဖြင့် ကြားနေနှင့် အပြုသဘော တင်ဆက် မှုများဖြစ်ကြောင်း၊ NLD သည် ဖော်ပြခံရမှု ၇ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ပြီး USDP သည် ၀ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ လေ့လာစောင့်ကြည့်မှု ရလဒ်များအရ MRTV အနေဖြင့် ကွဲပြားသော နိုင်ငံရေးအမြင်များကို လွတ်လပ်စွာဖော်ပြနိုင်သည့် ရုပ်သံလိုင်း၊ အစိုးရကို စောင့်ကြည့်ဝေဖန် နိုင်သည့် မီဒီယာအဖြစ် ပြောင်းလဲရန် လိုအပ်နေသည်ကို  ရှင်းရှင်းလင်းလင်း ဖော်ပြနေကြောင်း MID ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

MRTV ၏ နိုင်ငံရေးသတင်း တင်ဆက်မှု ထက်ဝက်ကျော်မှာ အစိုးရသတင်းများသာဖြစ်ခဲ့ပြီး သမ္မတ၊  ဒုတိယသမ္မတ၊ ပြည်နယ်နှင့်  တိုင်းဒေသကြီး အစိုးရသတင်းများမှာ ၈၃  ရာခိုင်နှုန်း ဝန်းကျင်အထိ ရှိနေခဲ့ကြောင်း MID ၏ အစီရင်ခံစာအရ သိရသည်။

ထို့ပြင် NLD သည် သတင်း အဖော်ပြခံရဆုံး နိုင်ငံရေးပါတီအဖြစ် ရှိနေခဲ့ပြီး ခုနစ်ရာခိုင်နှုန်းကျော် သတင်းဖော်ပြခံရမှု ရှိခဲ့ကြောင်း၊ ဆန့်ကျင်ဘက်အားဖြင့် အခြားနိုင်ငံ ရေးပါတီများအားလုံး စုစုပေါင်း၏  သတင်းဖော်ပြခံရမှု နှစ်ရာခိုင်နှုန်း အောက်တွင်သာရှိခဲ့ပြီး တပ်မတော်သည် သတင်းဖော်ပြခံရမှု သုံးရာခိုင် နှုန်းကျော်ရှိခဲ့ကြောင်း၊ လေ့လာ စောင့်ကြည့်ခဲ့သည့် အကြောင်းအရာအားလုံးနီးပါးကို အပြုသဘော  သို့မဟုတ် ကြားနေရှုထောင့်မှ တင် ဆက်ခဲ့ကြောင်း၊ နိုင်ငံပိုင်မီဒီယာ တစ်ခုအနေဖြင့် နိုင်ငံသားများအတွက် ၎င်းတို့၏ဘဝကို သက်ရောက်မှုရှိသော အရေးကြီးသည့် အဖြစ်အပျက်များနှင့် ပြဿနာများကို ကောင်းကောင်းမွန်မွန် တင်ဆက် နိုင်ရန်အတွက် လိုအပ်သော မတူကွဲပြားသည့် အမြင်များကို တင်ဆက်နိုင်ခြင်း မရှိသည်ကို ဖော်ပြနေကြောင်း MID ၏ အစီရင်ခံစာတွင်ပါရှိသည်။

ထို့အတူ MRTV သည် နိုင်ငံရေးနှင့်ပတ်သက်ပြီး ၄၆ ဒသမ ၉ ရာခိုင်နှုန်းတင်ဆက်နိုင်ပြီး  အားကစားသတင်း ၇ ဒသမ ၉ ရာခိုင်နှုန်းနှင့် နိုင်ငံခြားသတင်း ၁၂ ဒသမ ၁ ရာခိုင် နှုန်းတို့ကို တင်ဆက်နိုင်သည်ကို တွေ့ရကြောင်း၊ သတင်းစာစုစုပေါင်း ၏ ၁ ဒသမ ၆ ရာခိုင်နှုန်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်သည့် သတင်းများဖြစ်ကြောင်း၊ နိုင်ငံပိုင် သတင်းမီဒီယာ၏ တာဝန်မှာ အသံမဲ့များအတွက် အသံကို ထင်ဟပ် ဖော်ပြရမည်ဖြစ်သော်လည်း လူ နည်းစုမျိုးစုံမှာ လေ့လာခဲ့သည့် ကာလတစ်လျှောက် ဖော်ပြခံရမှုအနည်းငယ်မျှသာ ရရှိခဲ့ကြောင်းနှင့် ယခင်လေ့လာခဲ့သည့်ကာလများတွင်လည်း အလားတူအခြေအနေကို တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း MID က ဖော်ပြသည်။

MRTV အနေဖြင့် စစ်ဘေးရှောင် ဒုက္ခသည်များနှင့် ပတ်သက်ပြီး ဖော်ပြလေ့မရှိခြင်းသည် ဝမ်းနည်းစရာကောင်းကြောင်း၊ အဆိုပါ သတင်းများသည် အစိုးရက သွားရောက်လှူဒါန်းသည့် အခြေအနေများတွင်သာ ဖော်ပြခြင်းခံရလေ့ရှိကြောင်း၊ ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် ဖြစ်ပွားသော ဆန္ဒပြပွဲများကိုဖော်ပြနိုင်မည့် သတင်းအချက်အလက်များကို လျစ်လျူရှုလေ့ရှိကြောင်းလည်း အစီရင်ခံစာတွင် ရေးသားထားသည်။

အလားတူ မေလ ရလဒ်အရ မြဝတီသည် တပ်မတော်သတင်းများကိုသာ ဆက်လက်ပြီးအများအပြား တင်ဆက်သည်ကိုတွေ့ရပြီး အပြုသဘောတင်ဆက်မှုသာ ရှိခဲ့ကြောင်း၊  အစိုးရသတင်းတင်ဆက်မှုနှင့် ပတ်သက်ပါက သိသိသာသာ တိုးလာခဲ့ကြောင်း၊ မြဝတီသည် တပ်မတော်၏သတင်းများကိုသာ အဓိကအာရုံ စိုက်ကြောင်း၊ မတူညီသော ဗိုလ်ချုပ်ကြီးများ၊ အရာရှိကြီးများကို ဖော်ပြမှုရှိသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တပ်မတော်အနေဖြင့် အဓိကကိုယ်စားပြု ဖော်ပြကြောင်း MID ၏ အစီရင်ခံစာတွင် ပါရှိသည်။

ယခင်လေ့လာစောင့်ကြည့်ခဲ့ သည့် ကာလများမှာကဲ့သို့ပင် မြဝတီသည် တပ်မတော်ကို အများအပြား ဖော်ပြလေ့ရှိပြီး သတင်းများ၏ ၆၅ ရာခိုင်နှုန်းမှာ တပ်မတော်သတင်း ဖြစ်ကြောင်း၊ အခြားသတင်းများတွင်  အခြားနိုင်ငံတော်အဖွဲ့အစည်းများ ဖြစ်ပြီး အထူးသဖြင့် အစိုးရသတင်းများ ၂၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ မြဝတီတွင် ဖော်ပြခံရသည့် နိုင်ငံရေး ပါတီမှာ နှစ်ခုသာရှိပြီး NLD ပါတီသည် ၂ ဒသမ ၇ ရာခိုင်နှုန်းနှင့် USDP သည် ၀ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်ပြီး ဖော်ပြချက်အားလုံးသည် အကောင်းမြင်သည့် တင်ဆက်မှုများ ဖြစ်ကြောင်းလည်း အစီရင်ခံစာအရ သိရသည်။

မြဝတီသည် တိုင်းရင်းသား လက်နက်ကိုင်များ၏ တိုက်ခိုက်ခိုက်မှုများကိုလည်း တင်ဆက်ချိန်များများရရှိကြောင်း၊ လားဟူနှင့် မွန်ပြည်သစ်ပါတီတို့ NCA လက်မှတ်ရေးထိုးပွဲများကိုလည်း အလေးပေးဖော်ပြကြောင်း၊ သို့ရာတွင် စက်ရုံအလုပ် သမားများ၊ ကျောင်းသားနှင့် စာနယ်ဇင်းသမားများ၏ ဆန္ဒပြပွဲများကို လုံးဝလျစ်လျူရှုကြောင်း MID က  အစီရင်ခံစာ၌ ထောက်ပြထားသည်။

လက်ရှိအစိုးရလက်ထက်တွင်  သတင်းမီဒီယာလွတ်လပ်ခွင့်နည်းပါးလာကြောင်းလည်း MID က အစီရင်ခံစာတွင် ဖော်ပြသည်။

MID သည် ပါတီစွဲကင်းသော လွတ်လပ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒီမိုကရေစီအလေ့အထများ  ပြန့်ပွားရေးလွတ်လပ်စွာရေးသား ဖော်ပြခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်တို့အတွက် ရည်သန်၍ စလိုဗက် ကီးယားနိုင်ငံအခြစိုက်မီဒီယာဆိုင်ရာ သုတေသနအဖွဲ့ MEMO ၉၈ နှင့်ပူးတွဲပြီး မီဒီယာစောင့်ကြည့်လေ့လာရေး အစီရင်ခံစာများကို  ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကာလမှ စတင်ပြီး မီဒီယာအစီရင်ခံစာများကို ထုတ် ပြန်လျက်ရှိသော  အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။