ခန္တီးမြို့နယ်အတွက် အထူးမူးယစ်တပ်ဖွဲ့စေလွှတ်ပေးရန် တိုင်းဒေသကြီးအစိုးရထံ တင်ပြထားဟု စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်အတွက် အထူးမူးယစ်တပ်ဖွဲ့စေလွှတ်ပေးရန် တိုင်းဒေသကြီးအစိုးရထံ တင်ပြထားသည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်း၏ ပြောကြားမှုအရ သိရသည်။

ခန္တီးမြို့နယ်နှင့် ခန္တီးမြို့ပေါ်တွင် ယခုနှစ်အတွင်း မူးယစ်ဆေးသုံးစွဲမှု ပိုမိုများပြားလာပြီး ခန္တီး GTI (နည်းပညာကောလိပ်) နှင့် GTHS အစိုးရ စက်မှုလက်မှုသိပ္ပံတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများပါ မူးယစ်ဆေးဝါး သုံးစွဲမှုတွေ့ရှိလာရသဖြင့် ခန္တီးမြို့နယ်တွင် မူးယစ်ဆေးဝါးနှိမ်နင်းရေး mစီမံချက်ရေးဆွဲပြီး နှိမ်နင်းရန် အထူးမူးယစ်တပ်ဖွဲ့ကို တောင်းဆိုရခြင်းဖြစ်ကြောင်း ဦးသိန်းလှိုင်ဝင်းက ပြောကြားသည်။

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဒီဘက်မှာ နှိမ်နင်းတာ ဖမ်းဆီးတာ နည်းနေတာဗျ။ မူးယစ်ဆေးဝါးရောင်းဝယ်မှုက များနေတာပေါ့။ အခုဟာက အပြင်ကလူ တွေတင်မကဘူး စာသင်ခန်းထဲအထိပါ ရောက်လာပြီ။ ကျောင်းသား၊ ကျောင်းသူတွေပါ သုံးစွဲတဲ့အထိဖြစ်လာပြီ။ ခန္တီး GTI ကလေးတွေဆိုရင်  ဟိုတလောကပဲက လေးနှစ်ယောက် လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ကျသွားတယ်။ နောက်ပိုပြီးစိတ်မကောင်းစရာက ကျောင်းသူတွေ မိန်းကလေးတွေပါ ဆေးထိုးနေကြတာလေ။ အဲဒါကြောင့် ခန္တီးမြို့နယ်မှာတော့ မူးယစ်ဆေးဝါးကို စီမံကိန်းတစ်ရပ်အနေနဲ့ နှိမ်နင်းမှရတော့မယ်။ ဒါကို လွန်ခဲ့တဲ့သုံးရက်လောက်က သက်ဆိုင်ရာ အထက်ကိုတင်ပြထားတယ်။ ဟိုကလည်း ခန္တီးကို အထူးမူးယစ် လွှတ်ပေးမယ်လို့ပြောတယ်” ဟု ဦးသိန်းလှိုင်ဝင်းက ပြောကြားသည်။

ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာရခြင်းမှာ မူးယစ်ဆေးဝါးသုံးစွဲသူများအပေါ် ချမှတ်သည့် ပြစ်မှုပြစ်ဒဏ်များကို သေချာသိနားလည်မှုမရှိခြင်းနှင့် လွယ်လွယ်ကူကူ ရရှိလာခြင်းတို့ကြောင့်ဖြစ်ကြောင်း ဦးသိန်းလှိုင်ဝင်းက သုံးသပ်ပြောကြားသည်။

“တချို့လည်း လွဲမှားတဲ့ အယူအဆပေါ့ လေ။ ဥပဒေအပေါ်မှာ သူတို့မြင်တာက လွဲမှားနေတာပေါ့။ မူးယစ်ဆေးဝါးသုံးစွဲတဲ့လူတွေကို ဖမ်းလို့မရဘူးဆိုသလို ဘာလိုနဲ့ ထင်နေကြတာပေါ့။ အခုနောက်ဆုံး ဥပဒေမှာက မူးယစ်ဆေးဝါးစွဲတယ်လို့ ရဲက သံသယရှိရင် အဲဒီလူကို ဆေးရုံပို့မယ်ဆေးစစ်မယ်၊ ဆေးစစ်ပြီးလို့မှ မူးယစ်ဆေးဝါးစွဲတာသေချာရင်တော့ သူ့ကိုတော့ မူးယစ်ဆေးဝါး ဖြတ်ပေးသင့်ရင်ဖြတ်ပေးမယ်။ လူထုအကျိုးပြုလုပ်ငန်းတွေကို နာရီ ၂၄၀ ကနေ နာရီ ၃၆၀ အထိလုပ်ရမယ် တအားစွဲတဲ့လူဆိုရင် မူးယစ်ဆေးဝါးပြတ်ရင် ပြုစုပျိုးထောင်ရေးလုပ်ငန်းတွေ လုပ်မယ်။ ပြုစုပျိုးထောင်ရေးအတွက် အသက်မွေးဝမ်းကျောင်းတွေ သင်ပေးမယ်။ ဒါမျိုးပါတာ။ အဲဒါကို မူးယစ်ဆေးဝါးသုံးစွဲတဲ့လူကို ဖမ်းလို့မရဘူးဆိုတဲ့ အသိအမြင်မှားတွေ သူတို့စိတ်ထဲဝင်သွားပြီးတော့ မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင်သုံးတာတွေ ဆေးထိုးလာတာတွေ ရှူတာတွေ လုပ်လာကြတာပေါ့။ ဒါပေမဲ့ အဲဒီမူးယစ်ဆေးဝါး  သုံးစွဲတဲ့လူရဲ့ လက်ဝယ်မှာ မူးယစ်ဆေးဝါးအကပ်အသပ်လေးသော်လည်းကောင်း မူးယစ်ဆေးဝါးသုံးတဲ့ ပိုက်၊ ဆေးပြားအပိုင်းအစသော်လည်းကောင်း ဒါမျိုးတွေမိရင် လက်ဝယ်ထားရှိမှုနဲ့ ငါးနှစ် ကနေ ၁၀ နှစ်အထိ ပြစ်ဒဏ်ရှိတယ်ဆိုတာကို မသိကြနားမလည်ကြဘူး။ ဒါကြောင့် ကျွန်တော်တို့က အဲဒီလူငယ်တွေသဘောပေါက်အောင် ရှင်းပြနေရတယ်။ တချို့က သိတာက ဒါမျိုးလုပ်နေတဲ့ကလေးတွေကို မေးတော့ မင်းတို့ဘာကြောင့် ရှူကြတာတုန်း ကျွန်တော်တို့သူငယ်ချင်းတွေ အပျော်စမ်းသပ်ရင်းနဲ့ ဒီလိုဖြစ်မိတယ်။ နောက်ပြီး မူးယစ်ဆေးဝါး သုံးစွဲတဲ့လူတွေကို မဖမ်းတော့ဘူးဆိုပြီး သိထားလို့ လုပ်မိပါတယ်။ ဒါမျိုးတွေပြောတာ။ ဒါကြောင့် သုံးစွဲတဲ့လူရဲ့လက်မှာမိရင်လည်း ထောင်ငါးနှစ်ကနေ ၁၀ နှစ် ကျနိုင်ပါတယ်ဆိုပြီး ပညာပေးဟောပြောရတယ်။ သေချာနားလည်အောင် ရှင်းပြရတယ်” ဟု ဦးသိန်းလှိုင်ဝင်းက ပြောကြားသည်။

ခန္တီးမြို့နယ်အတွင်းသာမကနှင့် ခန္တီးမြို့ပေါ် အချို့နေရာတွင် မူးယစ်ဆေးဝါးကိုပေါ် ပေါ်ထင်ထင်သုံးစွဲလာကြသည်ကို တွေ့မြင်နေရကြောင်း ခန္တီးမြို့ခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အခုနောက်ပိုင်း ပိုဆိုးလာတယ်။ တချို့ဆို လူမြင်ကွင်းမရှောင် လမ်းဘေးမှာပါထိုးနေကြတာ။ ဟိုတစ်လောကဆိုရင် မြို့လယ်မှာရှိတဲ့ ကျွန်တော့်အစ်ကိုရဲ့ ဆိုင်ရှေ့လမ်းဘေးမှာ လူနှစ်ယောက်ဆေးထိုးအပ်တွေနဲ့ ထိုးနေကြတာတွေ့လို့ သက်ဆိုင်ရာကို ဖုန်းဆက်ပြီး အကြောင်းကြားရတယ်။ မူးယစ်ဆေးဝါးက စီမံချက်နဲ့ သေသေချာချာ လုပ်မှရတော့မယ်။ မဟုတ်ရင် တစ်နေ့တခြား ပိုပိုဆိုးလာပြီ” ဟု ခန္တီးမြို့ခံတစ်ဦးက ပြောကြားသည်။

တောင်းဆိုထားသည့် အထူးမူးယစ်တပ်ဖွဲ့ရောက်လာပါက ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်း၍ ခန္တီး GTI (နည်းပညာကောလိပ်) နှင့် GTHS အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းအနီးတစ်ဝိုက်အား ဦးစွာရှင်းလင်းမည်ဖြစ်ကြောင်းနှင့် တစ်မြို့နယ်လုံးရှိ သုံးစွဲသူ၊ ရောင်းချသူလျော့နည်းပပျောက်သွားရန် စီမံကိန်းရေးဆွဲရှင်းလင်းမည်ဟု သိရသည်။