Sukhoi Su 30 တိုက်လေယာဉ်များ ဝယ်ယူသည့် ကိစ္စနှင့်ပတ်သက်၍ တိုင်းပြည်ကာကွယ်ရေးအတွက်ဖြစ်ပြီး ငွေကြေးအရ တွက်ချက်ရန်မသင့်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်လေယာဉ်ဝယ်ယူသည့်ကိစ္စ ရှင်းပြစဉ်

ရုရှားအာကာသတပ်ဖွဲ့များ၏ အဓိက တိုက်လေယာဉ်ဖြစ်သည့် Sukhoi Su 30 တိုက်လေယာဉ်များ ဝယ်ယူခြင်းသည် တိုင်းပြည်ကာကွယ်ရေးအတွက်ဖြစ်ပြီး ငွေကြေးအရ တွက်ချက်ရန်မသင့်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၃ ရက်က တပ်မတော် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု (ဆင်ဖြူရှင်) ပြုလုပ်စဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မီဒီယာများနှင့် တွေ့ဆုံကာ Su 30 တိုက်လေယာဉ်များနှင့် ပတ်သက်သည့် မေးမြန်းမှုကို ဖြေကြားရာတွင် ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယခုလိုခေတ်မီသည့် လေယာဉ်မျိုးသည် ယခုကောက်လုပ်၊ ယခုရခြင်းမဟုတ်ဘဲ အချိန်ယူ လေ့ကျင့်ရခြင်းဖြစ်သောကြောင့် အထိုက်အလျောက် ငွေကုန်ကြေးကျရှိမည်ဖြစ်ပြီး တိုင်းပြည်ကာကွယ်ရေးစွမ်းပကားအတွက် ငွေကြေးကုန်ကျမှုကို လွန်စွာတွက်ချက်ရန် မသင့်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဝယ်တာက ဘာဖြစ်မှာမို့လို့လဲ။ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရတော့ တိုင်းပြည်အတွင်း နိုင်ငံတော်ကာကွယ်ရေးအတွက်ကတော့ ဒါဘယ်သူပဲဖြစ်ဖြစ် နိုင်ငံတိုင်းမှာ လုပ်ကြရမှာပဲ။ ဒီလိုခေတ်မီတဲ့လေယာဉ်ပျံမျိုးက အခုကောက်လုပ်ပြီးတော့ အခုရတာမဟုတ်ဘူး။ လေ့ကျင့်ရတာ။ တိုင်းပြည်ကာကွယ်ဖို့အတွက် ဆိုတာ ကာကွယ်ရေးမှာ တိုက်ရိုက်တာဝန်ရှိတဲ့ တပ်မတော်တင်မဟုတ်ဘူး။ ပြည်သူမှာလည်း တာဝန်ရှိတယ်။ ပြည်သူကလည်း ပူးပေါင်း ဆောင်ရွက်ဖို့လည်း လိုတယ်။ ပြည်သူကလည်း တိုင်းပြည်အတွက်ဆိုတဲ့ စိတ်ဓာတ်နဲ့လုပ်ဖို့ တော်တော်လိုတယ်။ အဲဒါတော့လိုတယ်။ ဒါ့ကြောင့် ခုနကပြောတာကိုပြောရင် တစ်ဖက်က ငွေကုန်ကြေးကျအရတော့ မှန်ပါတယ်။ သို့သော်လည်းပဲ တိုင်းပြည်ကာကွယ်ရေးစွမ်းပကားနဲ့ ပတ်သက်ရင်တော့ ဒီဟာတွေသည် ဒါငွေရေးကြေးရေးကတော့ သိပ်တွက်ချက်ဖို့တော့ မလိုဘူး။ မသင့်ဘူးလို့ ကိုယ်ကထင်တာပေါ့။ ဟိုအထိုက်အလျောက်တော့ ကုန်မှာပါ။ ဘာပဲပြောပြောတစ်ခုတော့ အားတော့ထည့်ရတာပဲ။ အနည်းဆုံးတော့ လူရဲ့ခွန်အားတော့ ကုန်မှာပဲ။ တစ်ခုခု လုပ်မယ်ဆို အားတော့စိုက်ရတာပဲ။ ကာကွယ်ရေးစွမ်းပကားဆိုတော့ ပိုဆိုးတာပေါ့။ သို့သော် အနည်းဆုံးပေါ့။ အနည်းဆုံးဘယ်လိုဖြစ်အောင် လုပ်မလဲ။ အဲဒီတော့ မိတ်ဆွေပေါ့။ သူတို့လည်း ကိုယ်တို့အပေါ်မှာ မိတ်ဆွေနိုင်ငံတွေ ဖြစ်ပါတယ်။ အတတ်နိုင်ဆုံး အသက်သာဆုံး အကောင်းဆုံးဖြစ်အောင် ကိုယ်တို့လုပ်တာပါ။ တိုင်းပြည်ရဲ့စီးပွားရေးဘက်လည်း အများကြီးစဉ်းစားပါတယ်။ အများကြီးလည်း ချိန်ဆပါတယ်” ဟု ပြောကြားသည်။

Su- 30 တိုက်လေယာဉ်တစ်စင်း ဝေဟင်တွင် ပျံသန်းနေစဉ်

Su-30 Flanker တိုက်လေယာဉ်များသည် အခြားစတုတ္ထမျိုးဆက် တိုက်လေယာဉ်များထက် သာလွန်မှုရှိသော စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များဖြစ်ကြောင်း၊ မြန်မာ့တပ်မတော် (လေ) အတွက် စတုတ္ထမျိုးဆက်လွန်တိုက်လေယာဉ် Su-30 စုစုပေါင်း ခြောက်စင်းကို ရောင်းချမည်ဟု ဇန်နဝါရီ ၂၂ ရက် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်စာမျက်နှာမှ တရားဝင်ထုတ်ပြန်ခဲ့ကြောင်း၊ Su-30 တိုက်လေယာဉ်များသည် မြန်မာလေတပ်၏ အဓိက ဂျက်တိုက်လေယာဉ်များဖြစ်လာပြီး မြန်မာ့ပိုင်နက် နယ်မြေများကို ကာကွယ်စောင့်ရှောက်ရန်နှင့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကို ချေမှူန်းနိုင်ရန် ယုံကြည်ပါသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

Su-30 တိုက်လေယာဉ်များသည် လေယာဉ်ဆီ အပြည့်ဖြည့်ပြီး ပျံသန်းလျှင် ကီလိုမီတာ ၃၀၀၀ အထိ ပျံသန်းနိုင်ခြင်းကြောင့် စစ်ဆင်နိုင်မှု အကွာအဝေး ကြီးမားသည်ဟု သိရသည်။

တပ်မတော် ကြည်း၊ ရေ၊ လေ စုပေါင်းအင်အား ၈၀၀၀ ကျော် ပါဝင်သော ပူးပေါင်းစစ်ရေးလေ့ကျင့်မှု (ဆင်ဖြူရှင်) အား ပုသိမ်ခရိုင် ရွှေသောင်ယံမြို့အနီး ရွှေသောင်ယံ ပင်လယ်ကမ်းခြေတွင် ကမ်းတက်လေ့ကျင့်မှုများ၊ တန် ၅၀၀ ကျော်ဗုံးသီးများ၊ အမြောက်ပစ်ခတ် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်းကို ဖေဖော်ဝါရီ ၂ ရက်မှစတင်ပြီး ဖေဖော်ဝါရီ ၃ ရက်တွင် အဆုံးသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု (ဆင်ဖြူရှင်) လေ့ကျင့်ခန်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ) အပါအဝင် တပ်မတော်အရာရှိကြီးများ တက်ရောက် ကြည်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါလေ့ကျင့်ခန်း အဆုံးသတ်ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ်းတက်တပ်မတော်သားများကို မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။