ည၊ ကျိန်စာပြယ်ဒဏ္ဍာရီ၊ သမ္မတကြီးထံပေးစာ ဇာတ်ကားများဖြင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိလာသူ သရုပ်ဆောင်မေဆူးမောင်၏ ငယ်ဘဝ အမှတ်တရ ဖြစ်သန်းရာ

လတ်တလော ထုတ်လွှင့်ပြသပြီးခဲ့တဲ့ ‘ကျိန်စာပြယ်ဒဏ္ဍာရီ’ ဇာတ်ကားမှာ ခွန်းချိုခဆိုတဲ့ ထူးခြားတဲ့အစွမ်းကို ပိုင်ဆိုင်ထားသူ သနားစရာ မိန်းကလေးအဖြစ် အကောင်းဆုံးပါဝင်ခဲ့တဲ့ သရုပ်ဆောင်မေဆူးမောင်က ပရိသတ် အခိုင်အမာ ရရှိလာခဲ့သူတစ်ဦး ဖြစ်ပါတယ်။ လူငယ်မျက်နှာသစ်တွေ စုစည်းပါဝင်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိစေခဲ့တဲ့ ‘ည’ ဇာတ်ကားနဲ့ ပရိသတ်စတင် သတိထားမိစေသလို ‘ကျိန်စာပြယ်ဒဏ္ဍာရီ’ ရုပ်သံဇာတ်လမ်းတွဲမှာတော့ ပရိသတ် အားပေးမှု အခိုင်အမာ ရရှိလာတာလည်း ဖြစ်ပါတယ်။ လတ်တလော ရုံတင်ပြသနေတဲ့ ‘သမ္မတကြီးထံပေးစာ’ ဇာတ်ကားမှာလည်း အသတ်ခံခဲ့ရတဲ့ အဆိုတော်မလေး မေဟန်သာအနေနဲ့ ပါဝင်ခဲ့သူပါ။ အခုတစ်ပတ်မှာတော့ သရုပ်ဆောင်မေဆူးမောင်ရဲ့ ငယ်စဉ်ဘဝ အမှတ်တရတွေကို စုစည်းဖော်ပြပေးချင်ပါတယ်။

မေဆူးမောင်ကို ဦးခင်မောင်လွင်နဲ့ ဒေါ်သူဇာမင်းတို့က နိုဝင်ဘာ ၂၀ ရက်မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းလေးယောက်ရှိတဲ့အနက် ဒုတိယမြောက်သမီးဖြစ်ပြီး ရန်ကုန်ဇာတိ ဖြစ်ပါတယ်။ ငယ်စဉ်ရဲ့ အမှတ်တရကတော့ တိရစ္ဆာန်တွေကို အရမ်းကြောက်တတ်သူတစ်ယောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ငယ်စဉ်ကလေးဘဝမှာ ကတည်းက မေဆူးမောင်က မျက်နှာထားတည်တည် နေတတ်သလို တစ်ယောက်တည်း အနေများတယ်လို့လည်း အမှတ်တရ ဆိုခဲ့ပါတယ်။ 

“ငယ်ငယ်က တိရစ္ဆာန်တွေဆို အရမ်းကြောက်တယ်။ အထူးသဖြင့် ခွေးရှိပြီဆို အဲဒီနားကို မသွားရဲတော့ဘူး။ အဲဒီလောက် ကြောက်တတ်တယ်။ ပြီးတော့မျက်နှာထား တည်တည်နေတတ်တယ်။ သူများနဲ့လည်း သိပ်မရောဘူး။ တစ်ယောက်တည်းနေတာ များတယ်ပေါ့။ ပြီးတော့ ယောကျ်ားလေးဆန်ဆန် ဝတ်တာများပါတယ်” လို့ မေဆူးမောင်က ဆိုပါတယ်။ 

မေဆူးမောင်က ကျောင်းပညာရေးအနေနဲ့ ငယ်စဉ်မှာ တီချယ်ဝိုင်းမူကြိုတက်ခဲ့သလို အ.ထ.က(၁) ကမာရွတ်မှာ တက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မိန်းကလေးကျောင်းမှာ တက်ခဲ့သူဖြစ်တာကြောင့် ငယ်စဉ်ကျောင်းတက်ချိန် အမှတ်တရအနေနဲ့ မိန်းကလေးအချစ်တော်တွေက မုန့်ဝယ်ကျွေးကြ၊ လက်ဆောင်တွေ ပေးကြတာတွေ ခံခဲ့ရဖူးတယ်လို့လည်း ဆိုပါတယ်။ ပညာရေးမှာတော့ အလယ်အလတ်အဆင့်လောက်ပဲ ရှိခဲ့ပြီး အရမ်းထူးချွန်သူတစ်ယောက် မဟုတ်ခဲ့ဘူးလို့လည်း ပြောပြခဲ့ပါတယ်။ ကျောင်းနေစဉ်တစ်လျှောက်မှာ အနေအေးပေမယ့် ကျောင်းကပွဲတွေ၊ အားကစားပွဲတွေမှာတော့ တက်ကြွစွာ ပါဝင်ဖြစ်ခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။ အထက်တန်းကျောင်းသူ အရွယ်မှာတော့ မော်ဒယ်တစ်ယောက်ဖြစ်ချင်စိတ်တွေ စတင် မွေးဖွားလာခဲ့တယ်လို့ ဆိုပါတယ်။ 

“အထက်တန်းကျောင်းသူအရွယ် ရောက်လာတော့ မော်ဒယ်အရမ်းဖြစ်ချင်တယ်။ အိမ်ကတော့ ဆယ်တန်းအောင်ပြီးရင် သင်တန်းတွေပေးတက်မယ်လို့ ကတိပေးတာကြောင့် ဆယ်တန်းကို စာသေချာကြိုးစားပြီး ဖြေခဲ့တယ်။ တကယ်တမ်း ဆယ်တန်းအောင်တဲ့အခါ မော်ဒယ်သင်တန်းပေးမတက်တော့ အိမ်ကိုစိတ်ဆိုးပြီး အဘွားအိမ်မှာ သွားနေသေးတယ်။ အဲဒီကျမှ အမေကိုယ်တိုင်လိုက်ပြီး ပြိုင်ပွဲတွေပြိုင်ဖို့ လုပ်ပေးခဲ့တာ” လို့ မေဆူးမောင်က အနုပညာခြေလှမ်းအစကို ပြောပြခဲ့ပါတယ်။

မေဆူးမောင်ရဲ့ ပထမဆုံး အနုပညာခြေလှမ်းအနေနဲ့ ငါးလုပ်ငန်းဦးစီးဌာနက ပြုလုပ်တဲ့ Miss Marmaid ပြိုင်ပွဲကိုပါဝင် ယှဉ်ပြိုင်ခဲ့ပြီးနောက် Winner ဆုကို ရရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ Miss People အပါအဝင် ပြိုင်ပွဲတွေ ထပ်မံယှဉ်ပြိုင်ခဲ့ပြီး မော်ဒယ်လောကထဲကို ခြေချခွင့်ရရှိခဲ့ပါတယ်။ တည်ငြိမ်တဲ့မျက်နှာထားဟန်ပန်နဲ့ စင်မြင့်ထက်မှာ လျှောက်လှမ်းတတ်တဲ့ မေဆူးမောင်ကို မော်ဒယ်တစ်ဦးအနေနဲ့ ပရိသတ်လက်ခံမှု ရရှိလာခဲ့ပါတယ်။

မေဆူးမောင်က သရုပ်ဆောင်တစ်ဦးအနေနဲ့ပါ လုပ်ကိုင်လိုတာကြောင့် ဗီဒီယိုဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့ပါတယ်။ ဒီနောက်မှာတော့ ‘ည’ ရုပ်ရှင်ဇာတ်ကားအတွက် သရုပ်ဆောင်သစ်ခေါ်ယူရာမှာ ရွေးချယ်ခံရပြီး ပါဝင်သရုပ်ဆောင်ခွင့် ရလာပါတယ်။ ‘ည’ ရုပ်ရှင်ဇာတ်ကားအတွက် လေ့ကျင့်ပြင်ဆင်မှုများစွာ လုပ်ခဲ့ရသလို အတွေ့အကြုံကောင်းများစွာ ရရှိခဲ့တာကြောင့် တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေပါပဲလို့ မေဆူးမောင်က ဆိုပါတယ်။

မေဆူးမောင်က သရုပ်ဆောင်တစ်ဦးအဖြစ် ပြောင်းလဲလုပ်ကိုင်နိုင်ဖို့ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ဖွင့်လှစ်တဲ့ 3H Art Academy မှာ တက်ရောက်သင်ကြားခဲ့သလို MRTV 4 Talent သင်တန်းမှာလည်း တက်ရောက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ MRTV 4 က စီစဉ်ရိုက်ကူးတဲ့ ‘ပျားရည်အိုင်’ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ‘ကျိန်စာပြယ်ဒဏ္ဍာရီ’ ဇာတ်ကားမှာ ပါဝင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ‘ကြယ်ကလေးရဲ့ ကောင်းကင်’ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ 

မေဆူးမောင်က လက်ရှိအချိန်အထိ ဖြတ်သန်းခဲ့ပြီးတော့ အနုပညာခရီးလမ်းနဲ့ ပတ်သက်ပြီးတော့ “အခုပြသခဲ့တဲ့ ကျိန်စာပြယ်ဒဏ္ဍာရီ ဇာတ်ကားထဲက ခွန်းချိုခ ဇာတ်ရုပ်က ညီမအတွက်တော့ အရမ်းအမှတ်တရ ဖြစ်ရပါတယ်။ ဒီဇာတ်ရုပ်လေးကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေအတွက်လည်း နောက်ထပ်ရလာမယ့် အခွင့်အရေးတွေကို သေချာကြိုးစားသွားမှာပါ။ ညီမ ဒီအလုပ်ကို ၀ါသနာပါလို့ ကြိုးစားပြီးတော့ လုပ်ကိုင်ခဲ့တယ်။ ပရိသတ် အသိအမှတ်ပြုတဲ့ နေရာလေးတစ်ခုတော့ ရှိတယ်ဆိုပေမယ့် အများကြီး ကြိုးစားရဦးမှာပါ။ ညီမအနေနဲ့ လေ့လာဖြည့်ဆည်းရမှာတွေ အများကြီးရှိမှန်းလည်း သိပါတယ်။ ဒါကြောင့်ရှေ့ဆက်ပြီးတော့လည်း အများကြီး လေ့လာဖြည့်ဆည်း သွားပါဦးမယ်လို့ ရည်မှန်းထားတယ်” လို့ မေဆူးမောင်က ဆိုပါတယ်။

အခုတစ်ပတ်မှာ ဖတ်ရှုခဲ့ကြရတာကတော့ မျက်နှာထားတည်တည်နဲ့ မော်ဒယ်ဟန်ပန်အပြည့် ပိုင်ဆိုင်ထားသူ သရုပ်ဆောင် မော်ဒယ်မေဆူးမောင်ရဲ့ ငယ်စဉ်ဘဝ အမှတ်တရတွေ၊ အနုပညာလောကထဲ စတင် ရောက်ရှိလာခဲ့တဲ့ အမှတ်တရတွေ၊ လက်ရှိ အနုပညာလောကထဲ ဖြတ်သန်းနေပုံတွေကို မေးမြန်း တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ 

မော်ဒယ်တစ်ဦးအနေနဲ့ ပရိသတ်အားပေးမှုရရှိခဲ့သလို သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်လက်ခံလာပြီဖြစ်တဲ့ မေဆူးမောင်ရဲ့ နောက်ထပ်ဘယ်လို အနုပညာလှုပ်ရှားမှုတွေ ဆက်လက်မြင်တွေ့ရမယ်ဆိုတာ စောင့်ကြည့် အားပေးရမှာ ဖြစ်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း ဘယ်အနုပညာရှင်တွေရဲ့ စိတ်ဝင်စားဖွယ် ငယ်စဉ်ဘဝအမှတ်တရတွေ၊ အနုပညာလောကထဲ ရောက်ရှိဖြတ်သန်းခဲ့ပုံတွေ၊ ရှေ့ဆက်လှုပ်ရှားသွားမယ့် အနုပညာ လှုပ်ရှားမှုတွေ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်အောင်မြင်တဲ့ အနုပညာရှင်တွေရဲ့ ငယ်စဉ်ဘဝ အမှတ်တရတွေကို ဆက်လက်စောင့်မျှော် ဖတ်ရှုပေးပါဦးလို့။