ငွေကျပ် ၃၀၀၊ ပုဒ်မ ၃၇၉ နဲ့ ကလေးသုံးဦးရဲ့ ကံကြမ္မာ

အလှူခံပုံးထဲမှ ကျပ် ၃၀၀ အား ကလေးသုံးဦးက ထုတ်ယူမှုဖြစ်ပွားခဲ့သည့် တောင်ဒဂုံမြို့နယ်ရှိ အောင်ဗောဓိ ဆုတောင်းပြည့်စေတီတော် အဝင်မုခ်ဦးကို တွေ့ရစဉ်

ဒဂုံမြို့သစ်(တောင်ပိုင်း) က အထက်တန်းကျောင်း တစ်ကျောင်းမှာ အသက် ၁၄ နှစ်အရွယ် ခုနစ်တန်း ကျောင်းသားလေးတစ်ယောက် ကျောင်းဆင်းလာပုံက ပြုံးပျော်ပြီး ပေါ့ပါးလန်းဆန်းနေတာကို တွေ့ရပါတယ်။

ဒီကျောင်းသားလေးကို လာကြိုတဲ့ မိဘနှစ်ယောက်ရဲ့ မျက်နှာမှာလည်း ကျေနပ်ပီတိဖြစ်နေတာကို သူတို့ရင်ထဲအထိ မမြင်ရပေမယ့်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ကျောင်းသားလေးက သူ့မိဘတွေရဲ့ လက်ကိုဆွဲရင်း ပျော်ရွှင်မြူးထူးစွာနဲ့ အိမ်ပြန်သွားပုံက မြင်ရသူတိုင်းအတွက်တော့ ကြည်နူးစရာပုံရိပ်တွေပါ။

“ဒီနေ့ (စက်တင်ဘာ ၂၂ ရက်) ကျောင်းပြန်တက်ရလို့ သားပျော်ပါတယ်” လို့ အသက် ၁၄ နှစ်အရွယ် ခုနစ်တန်းကျောင်းသားလေးက ဆိုပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ မိဘတွေနဲ့ ပြန်နေရတဲ့အတွက်လည်း ပျော်တယ်လို့လည်း ဆိုပါတယ်။

မိဘတွေအနေနဲ့ကလည်း အိမ်မှာ သူတို့သားလေးရဲ့ အသံကို ပြန်ကြားရတဲ့အတွက် စိတ်ချမ်းသာနေကြပါတယ်။

“ကလေးက ကျောင်းတက်ရတာကို ပျော်နေတာကြည့်ပြီး ကျွန်တော်စိတ်ချမ်းသာရတယ်” လို့ အသက် ၁၄ နှစ်အရွယ် ခုနစ်တန်း ကျောင်းသားလေးရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

ဒီအသက် ၁၄ နှစ်အရွယ် ခုနစ်တန်း ကျောင်းသားလေးနဲ့ သူ့မိဘတွေက ဘာကြောင့်ပျော်နေရလဲဆို တဲ့နောက်ကွယ်မှာ ထိတ်လန့်အံ့သြဖို့ကောင်းတဲ့ ဇာတ်လမ်းက ရှိနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်က သူတို့ မိသားစုဘဝထဲကို ထင်မှတ်မထားတဲ့ ကြမ္မာဆိုးကြီးတစ်ခုက ဝင်လာပါတယ်။ အသက် ၁၄ နှစ်အရွယ် ခုနစ်တန်းကျောင်းသားလေးက သူ့ရဲ့ညီအစ်ကို ဝမ်းကွဲတွေဖြစ်တဲ့ အသက် ၁၀ နှစ်အရွယ် သုံးတန်းကျောင်းသားလေးနဲ့ အသက် ၁၃ နှစ်အရွယ် ငါးတန်းကျောင်းသားတွေနဲ့အတူ ကျူရှင်ကအပြန်မှာ မိုးရေထဲ ထွက်ဆော့ရင်း တောင်ဒဂုံမြို့နယ်ထဲက အောင်ဗောဓိဘုရားဝင်းထဲကို ရောက်ခဲ့ကြပါတယ်။

ဘုရားဝင်းထဲမှာ ညီအစ်ကို သုံးဦး ဆော့ကစားရင်း အလှူခံပုံးရဲ့ အဝမှာ တစ်နေတဲ့ ငွေကျပ် ၃၀၀ ကို အမွှေးတိုင်တုတ်နဲ့ ကလော်ထုတ်ပြီး မုန့်စားကြဖို့ လုပ်နေတုန်းမှာ ဘုရားဂေါပကအဖွဲ့ကနေ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“စက်တင်ဘာ ၁၃ ရက်မှာ ကလေးသုံးယောက်က ကျူရှင်ကအပြန် အောင်ဗောဓိဘုရားဝင်းထဲမှာ သွားဆော့ကြတာ။ အဲဒီအချိန်မှာ လူတစ်ယောက်က အလှူခံပုံးထဲကို ပိုက်ဆံထည့်လိုက်တဲ့အချိန်မှာ ပိုက်ဆံက မကျသွားဘူး။ အဲဒီလို မကျတော့ ကလေးတွေက ကလေးသဘာဝအရ အမွှေးတိုင်တုတ်နဲ့ ကလော်ပြီး မုန့်စားကြမယ်ဆိုပြီး လုပ်ကြရော။ အဲဒါကို CCTV ကနေ ဂေါပကအဖွဲ့ကမြင်သွားပြီး ကလေးတွေကို အုပ်ချုပ်ရေးမှူးရုံးကို ခေါ်သွားတယ်” လို့ အသက် ၁၄ နှစ်အရွယ် ခုနစ်တန်းကျောင်းသားလေးရဲ့ ဖခင်ဖြစ်သူက ပြန်ပြောပြပါတယ်။။

အဲဒီနောက်မှာတော့ ကလေးတွေကို အုပ်ချုပ်ရေးမှူးရုံးကနေ ဧရာဝဏ်ရဲစခန်းကို ပို့လိုက်တဲ့အတွက် မိဘတွေ လိုက်သွားချိန်မှာတော့ နောက်နေ့ပြန်လာဖို့ ပြောပြီး မိဘတွေကို ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။

နောက်တစ်နေ့ ဧရာဝဏ်ရဲစခန်းကို မိဘတွေရောက်တဲ့အခါမှာ အဲဒီစခန်းက ရဲတပ်ဖွဲ့ဝင်က တောင်ဒဂုံမြို့မရဲစခန်းကို ခေါ်သွားတယ်လို့ ကလေးမိဘတွေက ဆိုပါတယ်။

“မြို့မရဲစခန်းကိုရောက်တော့ စခန်းမှူးက နာနတ်တော ကလေးထိန်းသိမ်းရေးကျောင်းကို ဖုန်းဆက်တယ်။ ဒါပေမဲ့ အဲဒီကျောင်းက ကလေးတွေက ကျောင်းသားတွေ ဖြစ်တဲ့အတွက် လက်သင့်မခံတဲ့ အတွက်ကြောင့် စခန်းမှူးကလည်း သနားသောအားဖြင့် ကလေးတွေက ကျောင်းသားလည်းဖြစ်နေလို့ ခံဝန်ကတိထိုးခိုင်းပြီးမှ ကလေးတွေကို ပြန်ခေါ်သွားခိုင်းတယ်။ ကျွန်တော်တို့ကိုယ်တိုင် လက်မှတ်ထိုးခဲ့ရပါတယ်” လို့  အသက် ၁၄ နှစ်အရွယ် ခုနစ်တန်းကျောင်းသားလေးရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

အဲဒီလို တောင်ဒဂုံမြို့မရဲစခန်းမှ စခန်းမှူးကနေ ကလေးတွေနဲ့ မိဘတွေကို ခံဝန်ထိုးခိုင်းပြီး လွှတ်ခဲ့ပေမယ့် အိမ်ရောက်လို့ သိပ်မကြာခင်မှာပဲ ရဲစခန်းက ပြန်လာခေါ်သွားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အဲဒီနေ့က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို အမှုဖွင့်ခံထားရတဲ့ အသက် ၁၀ နှစ်အရွယ် သုံးတန်းကျောင်းသားနဲ့ အသက် ၁၃ နှစ်အရွယ် ငါးတန်းကျောင်းသားတွေရဲ့ မိခင်ကလည်း အခုလို ပြောပြပါတယ်။

“ကလေးတွေကို လွှတ်ပေးပြီးတော့ ၁၀ မိနစ်တောင် မကြာဘူး။ ပြန်ဖမ်းသွားတယ်။ နယ်ထိန်းကျော် ကျော်ခိုင်ကလာပြီး ပြန်ခေါ်သွားတာ။ အဲဒါနဲ့ ကျွန်မတို့က တောင်ဒဂုံမြို့မရဲစခန်းကို လိုက်သွားတော့ စခန်းမှူးကြီးက ဦးနိုင်ဦးဆီကို သွားတောင်းပန်ဖို့ ပြောတဲ့အတွက် ကျွန်မတို့က သွားတောင်းပန်ဖို့ လုပ်ပါတယ်။ ဦးနိုင်ဦးအိမ်ကို လိုက်သွားတော့ သူ့သားလေးက အပြင်သွားလို့ ခဏစောင့်ပါဆိုပြီး ပြောပါတယ်။ စောင့်နေတုန်း သူ့သားလေးက လာပြီးတော့ အဖေက ပြောလိုက်တယ်။ ဇဗ္ဗူရတနာဘုန်းကြီးကျောင်းသွားပြီး ဆရာတော်ကြီးဆီက ကျေအေးစာရမှ အမှုကျေအေးပေးမယ်လို့ ပြောပါတယ်”  လို့ သူက ဆိုပါတယ်။

အောင်ဗောဓိဘုရားဝင်းထဲက အလှူခံပုံးထဲကနေ ပိုက်ဆံသုံးရာကျပ်ကို ခိုးယူတယ်လို့ဆိုပြီး ကလေးသုံးဦးကို ဘုရားဂေါပက အဖွဲ့ဝင်တစ်ဦးက တရားလိုပြုလုပ်ပြီး တောင်ဒဂုံမြို့မရဲစခန်းမှာ တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။ ဒီလို တိုင်တန်းမှုကြောင့် တောင်ဒဂုံမြို့မရဲစခန်းကနေ ကလေးငယ်သုံးဦးကို (ပ) ၁၇၂၆/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အမှုဖွင့်ခံရတဲ့ ကလေးငယ်သုံးဦးထဲက အသက် ၁၄ နှစ်အရွယ် ခုနစ်တန်းကျောင်းသားလေးက တောင်ဒဂုံမြို့နယ်ထဲက အထက်တန်းကျောင်းတစ်ကျောင်းမှာ တက်နေတာဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် ငါးတန်းကျောင်းသားလေးနဲ့ အသက် ၁၀ နှစ်အရွယ် သုံးတန်းကျောင်းသားလေးတွေကတော့ တောင်ဒဂုံမြို့နယ်ထဲက ဘုန်းတော်ကြီး စာသင်ကျောင်းတွေမှာ ကျောင်းတက်နေတာ ဖြစ်ပါတယ်။

ကလေးငယ် သုံးဦးကို စက်တင်ဘာ ၁၃ ရက်က ဧရာဝဏ်ရဲစခန်း၊ စက်တင်ဘာ ၁၄ ရက်ကနေ ၁၇ ရက် အထိ တောင်ဒဂုံမြို့မရဲစခန်းမှာ ထိန်းသိမ်းထားခဲ့ပြီး စက်တင်ဘာ ၁၈ ရက်မှာတော့ သန်လျင်လူငယ် လေ့ကျင့်ရေးကျောင်းကို ပို့လိုက်တယ်လို့ ကလေးမိဘတွေက ပြောပါတယ်။

ဒီလို ကျောင်းတက်နေတဲ့ ဆယ်ကျော်သက်အရွယ် ကလေးသူငယ်တွေကို ငွေကျပ် ၃၀၀ ခိုးယူတယ်      ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၉ နဲ့ အမှုဖွင့်ခဲ့တဲ့ အပေါ်မှာ ဝေဖန်မှုတွေက ကျယ်လောင်စွာ ထွက်လာပါတယ်။

“ဘာမှ မဟုတ်တဲ့ ပိုက်ဆံလေးနဲ့ အခုလိုမျိုး ပုဒ်မ ၃၇၉ တပ်ပြီး အမှုဖွင့်ထားတာကတော့ ကျွန်မအနေနဲ့ မဖြစ်သင့်ဘူးလို့ မြင်တယ်။ နောက်ပြီး ကလေးတွေကလည်း ခိုးဝှက်နေတဲ့ ကလေးတွေ မဟုတ်ဘူး။ ကလေး သဘာဝအလျောက် တစ်ခါတလေ မှားသွားတဲ့အတွက်ကြောင့် မိဘတွေကို ခံဝန်ထိုးခိုင်းပြီး ကလေးတွေကို ပြန်အပ်သင့်တယ်။  ကလေးတွေကိုလည်း ပြောဆိုဆုံးမလို့ရတဲ့ အနေအထားလည်း လုပ်လို့ ရနေတာပဲ” လို့ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး ကလေးသူငယ်ကြီးကြပ်ရေးမှူး ဒေါ်ချိုချိုမာက ဆိုပါတယ်။

တောင်ဒဂုံအမှတ်(၁) မဲဆန္ဒနယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီကတော့ ကလေးတွေရဲ့ အရွယ်နဲ့ ပုဒ်မနဲ့က မျှတရဲ့လားဆိုတာကို မေးခွန်းထုတ်လိုက်ပါတယ်။

“အခုဖြစ်စဉ်အပေါ်မှာ ဆရာမ အနေနဲ့ဆို ကလေးကိုရိုက်တော့ ရိုက်လိုက်မယ်။ အခု သူတို့ပြောတာက ကလေးယူတာကို မြင်တယ်လို့ ပြောတာကို။ အဲဒီလို မြင်တယ်ဆို ရိုက်လိုက်မယ်။ သူတို့ ချုပ်မယ်ဆိုလည်း တစ်ညပေါ့။ သူတို့ ခေါ်ပြီးသွားပြီလေ။ ပြီးလောက်ပြီလို့ပဲ ထင်တာပေါ့။ ဒီလောက်အထိတော့ မလုပ်သင့်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိုက်ဆံက အများကြီးလည်း မဟုတ်ဘူး။ ကလေးတွေက ညနေစောင်းဆိုတော့ ဆာလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ပြီးတော့ ပိုက်ဆံကလည်း သုံးရာတည်းနဲ့။ ကိုယ့်ကလေးဆိုတော့ စိတ်မကောင်းဖြစ်မိတယ်” လို့အသက် ၁၄ နှစ်အရွယ် ခုနစ်တန်း ကျောင်းသားရဲ့ ဆရာမတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

ကလေးတွေကို ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးပြီးတော့မှ ပြန်လည်ဖမ်းဆီးပြီး ပုဒ်မတပ်အမှုဖွင့်တဲ့အပေါ်မှာ ကျေနပ်မှုမရှိတဲ့အတွက် တောင်ဒဂုံလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနဲ့ လူမှုရေးဝန်ကြီးတွေဆီကို စက်တင်ဘာ ၁၉ ရက်တုန်းက စုံခုံဖွဲ့ပြီး စစ်ဆေးဆောင်ရွက်ပေးဖို့ စာတင်ခဲ့တယ်လို့ သိရပါတယ်။

“ဒီအမှုကိစ္စနဲ့ ပတ်သက်လို့ဝန်ကြီးချုပ်ဆီကို စက်တင်ဘာ ၁၉ ရက်က ကျွန်တော်စာတင်ပြီးသွားပါပြီ။ လွှတ်တော်ဥက္ကဋ္ဌဆီ စာတင်ထားပါတယ်။ လုံခြုံရေးနဲ့ နယ်စပ်ရေး ရာဝန်ကြီးဆီကို ကျွန်တော် စာတင်ထားပါတယ်။ လူမှုရေးဝန်ကြီးဆီကို တင်ထားပါတယ်။ ကျွန်တော်ပါဝင်တဲ့ လွှတ်တော်လူမှုရေးရာနဲ့ စီမံခန့် ခွဲရေးကော်မတီကိုလည်း တင်ထားပါတယ်။ အဲဒီလိုမျိုး ကျွန်တော်တင်လိုက်လို့ စုံစမ်းစစ်ဆေးတဲ့ဟာတွေက ထူးခြားလာတာပါ။ ကျွန်တော် စာတင်တဲ့အခါမှာ ဒီကိစ္စကို စုံခုံစစ်ဆေးပေဖို့ တင်ခဲ့ပါတယ်။ ဘာကြောင့် တင်လဲဆိုတော့ အဲဒီဖိအားပေးမှုတွေ ပေါ်ပေါက်လာအောင်လို့ ဖြစ်ပါတယ်။ ကျွန်တော် ဒီလိုမျိုး စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ စာတင်လိုက်တာနဲ့ အစိုးရပိုင်းလူကြီးတွေက ချက်ချင်းဆိုသလို အဲဒီနေ့ ညနေပိုင်းမှာပဲ အဲဒီကိစ္စကို စုံခုံစစ်ဆေးပါတယ်။ အခုဆိုရင် အဖြေတစ်ခုလောက် ထွက်နေပြီလို့ ကျွန်တော် ထင်ပါတယ်” လို့ ဦးညီညီက ပြောပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၃၇၉ မှာ “မည်သူမဆို ခိုးမှုကျူးလွန်လျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်တစ် မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” လို့ ဖော်ပြထားပါတယ်။

ဒီလိုခိုးမှုနဲ့ အမှုဖွင့်ခံထားရတဲ့ ကလေးငယ်သုံးဦးအနေနဲ့ ရပ်ကွက်ထဲမှာ ဘယ်တုန်းကမှ ဒီလိုမျိုးကိစ္စမျိုးကို လုပ်ဆောင်ဖူးတာ မရှိခဲ့တဲ့အတွက် အမှုကျေအေးပေးဖို့ ကလေးမိဘတွေက မျှော်လင့်နေကြပါတယ်။

“ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြောချင်တာကတော့ ကလေးတွေက တစ်ခါမှ ပြစ်မှုလည်း မရှိဘူး။ တစ်ခါမှလည်း ဒီလိုမျိုး မလုပ်ဖူးဘူး။ မလုပ် ဖူးတဲ့အတွက် ဒီကလေးတွေကို အမှုကနေ ကျေအေးပေးဖို့ တောင်းပန်ချင်ပါတယ်” လို့ အသက် ၁၀ နှစ်အရွယ် သုံးတန်းကျောင်းသားနဲ့အသက် ၁၃ နှစ်အရွယ် ငါးတန်းကျောင်းသားတွေရဲ့ မိခင်က ပြောပါတယ်။

ကလေးမိဘတွေအနေနဲ့ သွားရောက်တောင်းပန်ပေမယ့် ဂေါပက လူကြီးက အတွေ့မခံတဲ့အတွက် အခက်အခဲ ဖြစ်နေတယ်လို့လည်း ကလေးမိဘတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ကျွန်မတို့ လက်အုပ်ချီပြီး ရှိခိုးမတတ် တောင်းပန်ပါတယ်။ အမှုဖွင့်ခံထားရတဲ့ ကလေးတွေရဲ့ အသက် ၈၀ အရွယ် ဘိုးအေတွေတောင် ပါပါတယ်။ ဒါကို သူတို့က ထွက်တောင်မတွေ့ဘူး” လို့  အသက် ၁၄ နှစ်အရွယ် ခုနစ်တန်းကျောင်းသားရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

ဒီလို ကလေးငယ်သုံးဦး အမှု ဖွင့်ခံရတာနဲ့ ပတ်သက်လို့ မိဘတွေသာမက ဆရာ၊ ဆရာမတွေကလည်း ကလေးတွေ ပြန်လည်လွတ်မြောက်နိုင်ဖို့အတွက် အားတက်သရော လိုက်လံကူညီမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကျပ် ၃၀၀ ခိုးယူသည်ဟုဆိုကာ ကလေးငယ်သုံးဦးအား ထိန်းသိမ်းခဲ့သော သန်လျင်လူငယ်သင်တန်းကျောင်းအား တွေ့ရစဉ်

“ကျောင်းအုပ်ဆရာကြီးကတော့ တောက်လျှောက်လိုက်ကူညီပေးနေတယ်။ စဖြစ်တုန်းကလည်း သိသိချင်း ဆရာကြီးက ရဲစခန်းကို သွားပြီးသွားပြီ။ မြို့နယ်မှူးနဲ့လည်း တွေ့ပြီးသွားပြီ။ ကလေးက စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက်ကိုလည်း ထောက်ခံချက်ရေးပေးခဲ့တာ နှစ်ခါရှိပြီ။ ကျောင်းမှာ စာရိတ္တ ပျက်ပြားခြင်းမရှိကြောင်းကိုလည်း ပြောပြပြီးသွားပြီ”  လို့ အသက် ၁၄ နှစ်အရွယ် ခုနစ်တန်းကျောင်းသားရဲ့ ဆရာမတစ်ဦးက ဆိုပါတယ်။

လာမယ့် စက်တင်ဘာ ၂၆ ရက်ကနေ အောက်တိုဘာ ၃ ရက်အထိ ပထမနှစ်ဝက် စာမေးပွဲတွေရှိနေတဲ့ အတွက်အမှုဖွင့်ခံထားရတဲ့ ကလေးငယ်တွေ စာမေးပွဲဖြေဆိုခွင့်ရနိုင်ဖို့ တောင်ဒဂုံ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၊ ရန်ကုန်တိုင်းလူမှုဝန်ထမ်းရုံးမှ ကလေးသူငယ်ကြီးကြပ်ရေးမှူး ဒေါ်ချိုချိုမာနဲ့ ကျောင်းဆရာ၊ ဆရာမတွေက စုပေါင်းပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။

“ကျွန်မတို့ လူမှုဝန်ထမ်းအနေနဲ့ကတော့ အခုကလေးတွေက စာမေးပွဲဖြေရတော့မယ်ဆိုတော့ ကျွန်မကနေ သန်လျင်လူငယ်သင်တန်းကျောင်းက ဒုကျောင်းအုပ်နဲ့ ဖုန်းပြောဖြစ်တယ်။ ကလေးတွေ စာမေးပွဲဖြေရမယ်လို့ ပြောတော့ရတယ်။ ကျောင်းထောက်ခံစာသာ ယူခဲ့ပါ။ သူတို့အနေနဲ့ ကလေးတွေကို ခွင့်ပေးပါ့မယ်လို့ ပြောပါတယ်” လို့ ရန်ကုန်တိုင်းလူမှုဝန်ထမ်းရုံးမှ ကလေးသူငယ်ကြီးကြပ်ရေးမှူး ဒေါ်ချိုချိုမာက ဆိုပါတယ်။

ဒီလို ဆောင်ရွက်ပေးမှုကြောင့် သန်လျင်လူငယ်သင်တန်းကျောင်းမှာ ထိန်းသိမ်းခံထားရတဲ့ ကလေးသူငယ်သုံးဦးရဲ့ စာမေးပွဲဖြေဆိုခွင့်ကို ခွင့်အဖြစ်နဲ့ ခွင့်ပြုပေးလိုက်တယ်လို့ သန်လျင်လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ် ဦးညီညီစိုးက ပြောပါတယ်။

“ကလေးသူငယ်တွေရဲ့ အခွင့် အရေးအရသူတို့မှာ အခွင့်အရေး လေးရပ်ရှိတယ်။  ရှင်သန်နိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်ရယ်၊ ပါဝင်ဆောင်ရွက်ခွင့်ဆိုတဲ့ အခွင့်အရေး လေးရပ်ရှိတယ်။ အဲဒီအထဲကမှ ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်ဆိုတဲ့ အခွင့်အရေး တစ်ရပ်အနေနဲ့ ဒီကလေးတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်စိတ်တစ်ပိုင်းအနေနဲ့ ပညာရေးကလည်း ပါပါတယ်။ ပါတဲ့အတွက် ဒီကလေးတွေက စာမေးပွဲဖြေဆိုရမယ့် ကာလအတွင်းမှာ စာမေးပွဲကို ဖြေဆိုနိုင်ပြီဆိုမှသာ သူတို့ရဲ့ ဘဝတိုးတက်ခွင့်ဆိုတဲ့ အခွင့်အရေးက သူတို့အနေနဲ့ ပြည့်ပြည့်စုံစုံရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်တွေရော၊ တိုင်းလူမှုဝန်ထမ်းရုံးကနေရော လာပြီးတော့မှ ကျွန်တော်တို့ ကျောင်းက ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး လုပ်တဲ့သဘောပါ။ ကျွန်တော်တို့ဘက်ကတော့ ကလေးသူငယ် ဥပဒေမှာလည်း ဒါကပါပြီးသား ဖြစ်ပါတယ်။ အရေးပေါ်ထွက်ခွာခွင့်ဆိုတဲ့ ခွင့်အမျိုးအစားပေးလို့ ရပါတယ်။ ပေးလို့ရတဲ့အတွက် ဥပဒေဘောင်ထဲကနေပဲ မိဘတွေက ဒီကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ခွင့်အရ စာမေးပွဲဖြေဆိုဖို့ဆိုတဲ့ လျှောက်လွှာလေးတင်လာတဲ့အတွက် ကျွန်တော်တို့ဘက်က ခွင့်ပြုပေးလိုက်သဘောပါ။ ခွင့်ပြုပေးလိုက်တဲ့ရက်က စက်တင်ဘာ ၂၁ ရက်ကနေ စာမေးပွဲပြီးမယ့် အောက်တိုဘာ ၃ ရက် အထိ ခွင့်ပြုပေးလိုက်ပါတယ်” လို့ ဦးညီညီစိုးက ဆိုပါတယ်။

လက်ရှိအချိန်မှာ ကလေးသုံး ဦးလုံးက မိဘတွေရဲ့ ရင်ခွင်ရိပ်ကို ပြန်လည်ခိုလှုံခွင့်ရနေပေမယ့် ဒါက စာမေးပွဲဖြေဆိုချိန်အထိသာဖြစ်ပြီး စာမေးပွဲပြီးတာနဲ့ သန်လျင်လူငယ်သင်တန်းကျောင်းကို ပြန်ပို့ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး သန်လျင်လူငယ်သင်တန်းကျောင်းကို မပို့ချင်ဘူးဆိုရင်တော့ လာမယ့်စက်တင်ဘာ ၂၉ ရက် တရားရုံးချိန်းမှာ ကလေးတွေအတွက် အာမခံရအောင် လုပ်ပေးဖို့ လိုနေပါတယ်။

“စာမေးပွဲဖြေဆိုဖို့ခွင့်ပေးထားတဲ့ အချိန်အတွင်းမှာ ကလေးတွေအတွက် အာမခံရခဲ့ရင်တော့ ကျွန်တော်တို့ သင်တန်းကျောင်းကို ပြန်ပို့စရာမလိုပါဘူး။ အာမခံရကြောင်း စာရွက်စာတမ်း အထောက်အထားလေးကို ကျွန်တော်တို့ဆီပို့ပေးရင် ရပါတယ်” လို့ သန်လျင်လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ဦး ညီညီစိုးက ပြောပါတယ်။

လက်ရှိ ကလေးသူငယ် သုံးဦးရဲ့ ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် အလှူခံပုံးထဲက ငွေကျပ် ၃၀၀ ယူမိတဲ့အပေါ်မှာ ထောင်ဒဏ်သုံးနှစ်အထိ ချလို့ရတဲ့ပုဒ်မနဲ့ အမှုဖွင့်ခံထားရတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီလို ကလေးသူငယ်တွေအပေါ် ဘုရားဂေါပကအဖွဲ့အနေနဲ့ ပုဒ်မတပ်ပြီး တရားစွဲဆိုတဲ့အပေါ်မှာ ဝေဖန်မှုတွေများစွာ ထွက်ပေါ်လာခဲ့ပြီး နောက်ဆုံးသိရတဲ့ သတင်းတွေအရ ဆန္ဒပြဖို့အထိ စီစဉ်မှုတွေ ရှိနေတယ်လို့ တောင်ဒဂုံလွှတ်တော် ကိုယ်စားလှယ်ဦးညီညီက ဆိုပါတယ်။

“တောင်ဒဂုံက ပြည်သူတွေဟာ ဒီကလေးတွေကိစ္စနဲ့ ပတ်သက်လို့ ဆန္ဒထုတ်ဖော်ဖို့ ကြိုးစားနေပါတယ်” လို့ သူက ပြောပါတယ်။

ကလေးသူငယ်ဥပဒေမှာ အသက် ၁၆ နှစ် မပြည့်သေးတဲ့သူတွေကို ကလေးသူငယ်လို့ သတ်မှတ်ထားပါတယ်။ တကယ်တော့ ကလေးသူငယ်ဆိုတာ နိုင်ငံရဲ့ အနာဂတ်တွေ ဖြစ်သလို နိုင်ငံရဲ့ ခေါင်းဆောင်တွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံ့ရဲ့ အနာဂတ်တွေဖြစ်တဲ့ ကလေးသူငယ်တွေရဲ့ဘဝကို လူကြီးတွေက အညွန့်ချိုးသလိုမျိုး မဖြစ်စေဖို့ လိုပါတယ်။

“ကလေးတစ်ယောက်ရဲ့ ရှေ့ရေးဆိုတာ ရှိတယ်လေ။ လူတိုင်းကတော့ အမှားနဲ့ မကင်းဘူး။ မှားတာကို ပြုပြင်ခွင့်တော့ ပေးရမယ်။ ဘာလို့လဲဆိုတော့ ကလေးက အရမ်းငယ်သေးတယ်။ ဒါတွေဟာ သူ့ဘဝအတွက် အမည်းစက်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ” လို့ အသက် ၁၄ နှစ်အရွယ် ခုနစ်တန်းကျောင်းသား လေးရဲ့ဆရာမတစ်ဦးက ဆိုပါတယ်။

သန်လျင်လူငယ်သင်တန်း ကျောင်းမှ ကျောင်းအုပ်ဖြစ်သူ ဦးညီညီစိုးကတော့ “ကလေးတွေဖြစ်တဲ့အတွက် ဒီလောက်ကြီးတဲ့ ပြစ်မှုပုဒ်မနဲ့လုပ်တာ မသင့်တော်ဘူးလို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ သေးသေးမွှားမွှားဖြစ်တဲ့ ပြစ်မှုလေးတွေကိုတော့ တခြားအကြီးကြီးချဲ့ပြီး လုပ်တာမျိုးကိုတော့ ကျွန်တော့်အနေနဲ့ မဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာလည်း တစ်နေ့တစ်ခြား ကလေးတွေက အရမ်းတိုးတိုးလာတယ်။ မြန်မာစကားပုံ တစ်ခုလိုပေါ့။ “ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင်” ဆိုပြီးလုပ်ပေးမယ်ဆို ကျွန်တော်တို့ ထိန်းသိမ်းစောင့်ရှောက်တဲ့အပိုင်းမှာ အစိုးရကုန်ကျနေတဲ့ စရိတ်ကလည်း တစ်ပိုင်းလျော့သွားမယ်။ တခြားဘက်မှာလည်း ကလေးတွေကို ပညာပေးတဲ့ အစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်မယ်ဆိုလည်း အဆင်ပြေမယ်” လို့ သူ့အမြင်ကို ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ကလေးသူငယ်သုံးဦးကို ထောင်ဒဏ် သုံးနှစ်အထိ ချလို့ရတဲ့ ပုဒ်မနဲ့ အမှုဖွင့်ထားပေမယ့် ရှေ့ဆက်ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကတော့ ဘယ်သူမှ မသိသေးပါဘူး။ ကလေးငယ်သုံးဦးရဲ့ အနာဂတ် ကံကြမ္မာက လူကြီးတွေရဲ့ ဆင်ခြင်တုံတရားမှာ အများကြီး မူတည်နေတာကို တွေ့ရပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ကလေးတွေကို ဘုရားဂေါပကလူကြီးတွေဘက်က အမှုကျေအေးပေးမှာလား ဒါမှမဟုတ် တရားရုံးဘက်ကနေ ကလေးတွေကို အာမခံပေးမှာလား ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရုံသာ ရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အသက် ၁၄ နှစ်အရွယ် ခုနစ်တန်းကျောင်းသားရဲ့ ဖခင်ဖြစ်သူက “ပိုက်ဆံ ၃၀၀ နဲ့ ပတ်သက်ပြီး အမှုဖွင့်ခံထားရတဲ့ ကလေးငယ်တွေရဲ့ ဘဝကို အညွန့်ကျိုးမသွားအောင်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ စာနာစိတ်လေးထားပြီး စဉ်းစားပေးစေချင်ပါတယ်” လို့ ဆိုပါတယ်။