အင်ဒိုနီးရှားနိုင်ငံအစိုးရက ရခိုင်ပြည်နယ်အတွင်း အခက်အခဲ ကြုံတွေ့နေရသော ဒေသခံပြည်သူများအတွက် အစားအသောက်၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများလှူဒါန်း

အင်ဒိုနီးရှားနိုင်ငံအစိုးရက ရခိုင်ပြည်နယ်အတွင်းရှိ အခက်အခဲကြုံတွေ့နေရသော ဒေသခံပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် အစားအသောက်၊ လူသုံးကုန်ပစ္စည်းနှင့် ဆေးဝါးများ တင်ဆောင်လာသော တပ်မတော်ပစ္စည်းသယ် လေယာဉ်နှစ်စင်းသည် စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ကူညီမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး H.E.DR Sumardi က “အင်ဒိုနီးရှားအစိုးရနှင့် ပြည်သူတွေဟာ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဖို့ သဘောတူပါတယ်။ အင်ဒိုနီးရှားအစိုးရအနေနဲ့လည်း အခုလို အကူအညီပေးတဲ့အခါမှာ အကုန်လုံးပါဝင်နိုင်အောင် လုပ်ဆောင်နေပါတယ်။ တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီကို မြန်မြန်ဆန်ဆန် ရောက်သွားမယ်လို့လည်း ယုံကြည်ပါတယ်။ နောက်ပိုင်းမှာလည်း ဆက်လက်ကူညီပေးသွားဖို့ ရှိပါတယ်။ အခုလို လုပ်ဆောင်ပေးခြင်းအားဖြင့် အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံစိတ်ဓာတ်မျိုး ရှိတယ်ဆိုတာကို ပြနိုင်ခဲ့သလို အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာထားတဲ့ သဘောထားကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ရခိုင်မှာဖြစ်ပွားနေတဲ့ ပြဿနာတွေကိုလည်း အမြန်ဆုံး ရပ်တန့်သွားစေချင်ပါတယ်” ဟုပြောကြားခဲ့သည်။

အဆိုပါပစ္စည်းများမှာ အမေရိကန်ဒေါ်လာ ၂၈၆၀၄၉ တန်ဖိုးရှိ လူသုံးကုန်၊ ဆေးဝါး၊ စားသောက်ကုန်၊ ယာယီမိုးကာတဲတို့ ပါဝင်ပြီး အဆိုပါပစ္စည်းများကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ်သို့ အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ကာ သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် ချိတ်ဆက်၍ အခက်အခဲကြုံတွေ့နေသည့် ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

“ရခိုင်ပြည်နယ်ဖြစ်စဉ်မှာ ဒေသခံတွေ ဒုက္ခရောက်နေတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံက လူသားချင်း စာနာမှု အကူအညီပေးတာပါ။ ဒီကနေ့ရောက်ရှိလာတဲ့ ပစ္စည်းတွေထဲမှာဆိုရင် ဆေးဝါးတွေနဲ့ အရန်သင့် စားသောက်နိုင်တဲ့ အစားအသောက်အတွေအပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် အာဟာရတွေပါပါတယ်။ ဒီပစ္စည်းတွေကို ကျွန်တော်တို့အနေနဲ့ ချက်ချင်းပဲ ရခိုင်ပြည်နယ်ကို ပို့သွားမှာပါ။ အဲဒီကိုရောက်ရင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ပေါင်းစပ်ပြီး တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီကိုရောက်အောင် ကူညီပေးသွားမှာ ဖြစ်ပါတယ်” ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အခက်အခဲ ကြုံတွေ့နေရသော ဒေသခံပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ဆက်လက်ပေးသွားနိုင်ရန် ထိုကဲ့သို့ တပ်မတော်ပစ္စည်းသယ် လေယာဉ်ခြောက်စင်းစာ အစားအသောက်၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများကို စီစဉ်ထားကြောင်း သိရသည်။

အလားတူ ရခိုင်ပြည်နယ်အတွင်းရှိ အခက်အခဲကြုံတွေ့နေရသော ဒေသခံပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီမှုများအနေဖြင့် တရုတ်နိုင်ငံမှ ငွေကြေးလှူဒါန်းမှုများရှိသကဲ့သို့ ပြည်ပနိုင်ငံအချို့ကလည်း ကမ်းလှမ်းမှုများ ပြုလုပ်ထားကြောင်း သိရသည်။