ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း နေရာကွက်မိုးကြီးခြင်းကြောင့် ပဲနှင့်အခြားသီးနှံများ ထိခိုက်ပျက်စီးနိုင်ဟုဆို

ချောင်းရေလျှံမှုကြောင့် ရေနစ်မြုပ်ပျက်စီးခဲ့ရသည့် သဲကုန်းမြို့နယ် အတွင်းရှိ စပါးခင်းများကို တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်တွင်း မိုးများသော်လည်း နေရာကွက် မိုးကြီးခြင်းများကြောင့် ပဲနှင့်အခြားသီးနှံများ ထိခိုက်ပျက်စီးနိုင်ကြောင်း ပြည်ခရိုင် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှူး ဦးအောင်မြင့်ကြည်က ပြောကြားသည်။

ယခုနှစ်ဇန်နဝါရီလမှ စက်တင်ဘာ ၂၂ ရက်အထိ ပြည်ဒေသမိုးရေချိန်မှာ ၄၄ ဒသမ ၅၂ လက်မ ရရှိကာ မိုးရွာရက်မှာ ၆၅ ရက်သာ ရှိခဲ့ကြောင်း၊ ယင်းအပြင် နေရာကွတ်ကာ မိုးကြီးခြင်း၊ အပူချိန်မြင့်မားခြင်းများကလည်း ရေကြီးရေလျှံမှုများကို ဖြစ်ပေါ်စေကာ ကောက်ပဲသီးနှံစိုက်ခင်းများကို ထိခိုက်မှုဖြစ်စေကြောင်း သိရသည်။

“မိုးရေချိန်တွေကို နှစ်အလိုက်နှိုင်းယှဉ်ကြည့်တဲအခါမှာ ရာသီဥတု ပြောင်းလဲလာမှုကို မြင်တွေ့ရတယ်။ မိုးရွာရက်တွေနည်းပြီး မိုးများတာက နေရာကွက်ပြီး မိုးတွေကြီးလို့ မိုးက ပုံမှန်အားဖြင့်ဆို ပျံ့ပျံ့နှံ့နှံ့ ရွာမှတောင်သူလယ်သမားတွေ အဆင်ပြေမယ်။ အထွက်တိုးမယ်။ အခုကပူတဲ့နေရာက အရမ်းပူ၊ ရွာတဲ့နေရာတွေက အရမ်းရွာချလိုက်တော့ သီးနှံစိုက်ခင်းတွေ ရေမြုပ်တာတွေ မိုးအရမ်းများလို့ ကောက်ပဲသီးနှံတွေ ပျက်စီးတာတွေ ဖြစ်နိုင်တယ်” ဟု ပြည်ခရိုင်မိုးလေဝသနှင့် ဇလဗေဒ ဦးစီးမှူး ဦးအောင်မြင့်ကြည့်က ပြောကြားသည်။

၂၀၁၆ ခုနှစ် ပြည်မြို့မိုးရေချိန်မှာ (၃၈ ဒသမ ၈၂ ) လက်မရှိပြီး မိုးရွာရက်မှာ ၇၇ ရက် ရှိခဲ့ကြောင်း၊ ၁၉၆၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ် အထိ တိုင်းထွာချက်အရ ပြည်ဒေသပုံမှန်မိုး ရေချိန်လက်မမှာ (၅၁ ဒသမ ၃၅) လက်မ၊ မိုးရွာရက်မှာ ရက်ပေါင်း ၉၁ ရက် ရရှိမည်ဖြစ်ကြောင်း မိုးနှောင်းကာလများတွင် နေရာကွက်၍ မိုးကြီးပြီး မိုးကြိုးပစ်ခြင်းများ၊ ဖြစ်နိုင်ပြီး မုတ်သုံဆုတ်ရက်အဖြစ် စက်တင်ဘာလကုန်နှင့် နိုဝင်ဘာလဆန်းပိုင်းဟု ခန့်မှန်းရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ဘက်ကတော့ ဆိုးတယ်လို့ပြောရမယ်။ မနှစ်ကတော့ အဆိုးဆုံးပဲ။ ကမ်းပါးတွေပြိုလို့ ရွာကိုတော်တော်လေးကို ပြောင်းလိုက်ရတာတွေရှိတယ်။ မြစ်မခမြစ်ကလည်း ရေလျှံတာပဲ။ အနောက်ဘက်ကကျတော့ ဧရာဝတီမြစ်ကရေလျှံတယ်။ ကြားညှပ်ပြီး စပါးခင်းတွေ ရေနစ်တယ်။ နှမ်းခင်းလည်း တချို့မရလိုက်ကြဘူး။ စပါးကတော့ ထပ်စိုက်လို့ မဖြစ်တော့ဘူးလေ။ ဆောင်းသီးနှံကလာတော့မှာဆိုတော့ အချိန်မီမှာ မဟုတ်တော့ဘူး” ဟု မိုးညိုမြို့နယ်မှ တောင်သူတစ်ဦးဖြစ်သူ ဦးဝင်းအောင်က ပြောကြားသည်။

ပြည်ဒေသနှင့် သာယာဝတီခရိုင် မြို့နယ်အချို့တွင် ယခုနှစ်မိုးရာသီတွင် ဧရာဝတီမြစ်၊ မြစ်မခမြစ် ရေကြီးရေလျှံမှုများနှင့် ဆည်ရေပိုလွဲများ ချောင်းရေလျှံခြင်းများကြောင့် စပါးခင်းများ၊ ပဲနှင့်အခြားစားသောက်ကုန် ယာသီးနှံအများအပြား ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။