အနောက်နိုင်ငံ လုပ်ငန်းကြီးများက ဖိလစ်ပိုင်တွင် ဈေးပေါသော ပလတ်စတစ်များဖြင့် သမုဒ္ဒရာကို ညစ်ညမ်းအောင် လုပ်ဆောင်နေ

၂၀၁၅ ခုနှစ် မတ် ၁၉ ရက်က မနီလာတွင် အမှိုက်များဖြင့် ပြည့်နေသော မြစ်ထဲ၌ ပလတ်စတစ်ဘူးခွံများ ကောက်နေသည့် သားအဖနှစ်ဦး (Photo: AFP)

အနောက်နိုင်ငံမှ စားသောက်ကုန်နှင့် လူသုံးကုန် ထုတ်လုပ်ရေး လုပ်ငန်းကြီးများသည် ဈေးပေါသော တစ်ခါသုံး ပလတ်စတစ်များဖြင့် ထုပ်ပိုးထားသည့် ကုန်ပစ္စည်းများကို ဖိလစ်ပိုင်သို့ ရောင်းချပြီး သမုဒ္ဒရာများကို ညစ်ညမ်းစေလျက်ရှိသည်ဟု ဂရင်းပိစ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယင်းတို့ထဲမှ အဆိုးရွားဆုံး လုပ်ငန်းများထဲတွင် Nestle၊ Unilever၊ Procter & Gamble တို့ ပါဝင်သည်။

ဖိလစ်ပိုင်သည် တရုတ်နှင့် အင်ဒိုနီးရှားတို့ပြီးလျှင် သမုဒ္ဒရာကို ညစ်ညမ်းစေသည့် တတိယမြောက် အဆိုးဆုံးနိုင်ငံ ဖြစ်သည်ဟု စက်တင်ဘာ ၂၂ ရက်တွင် မနီလာမြို့၌ ထုတ်ပြန်ခဲ့သည့် ဂရင်းပိစ်၏ အစီရင်ခံစာက ဆိုသည်။ ယခုလ အစောပိုင်းက မနီလာပင်လယ်အော်တွင် သီတင်းတစ်ပတ်ကြာ ပြုလုပ်ခဲ့သော ဂရင်းပိစ်၏ သန့်ရှင်းရေး တက်ကြွလှုပ်ရှားမှု လုပ်ငန်းစဉ်အတွင်း အများဆုံး တွေ့ရှိခဲ့သည်မှာ အနောက်နိုင်ငံမှ ထိုလုပ်ငန်းကြီးများ၏ ကုန်များကို ထုပ်ပိုးသော တစ်ခါသုံး ပလတ်စတစ်အိတ်၊ ပုလင်းအမှတ်တံဆိပ်၊ ပိုက်တို့မှာ အများဆုံးဖြစ်သည်ဟု သိရသည်။

ထိုသီတင်းတစ်ပတ် တာကာလအတွင်း ပင်လယ်အော်ထဲမှ ပလတ်စတစ်စွန့်ပစ် ပစ္စည်းပေါင်း ၅၄၂၀၀ ကျော် ကောက်မိကြကြောင်း၊ ယင်းပလတ်စတစ်များထံမှ အများဆုံးမှာ Nestle ထုတ်ကုန်များဖြစ်ကြပြီး Nestle အိတ်ခွံ ၉၀၀၀ ခန့်ပါဝင်ကြောင်း ဂရင်းပိစ်အဖွဲ့၏ စာရင်းများအရ သိရသည်။ Nestle ပြီးလျှင် Unilever သည် ဒုတိယနေရာတွင် ရှိနေကာ Procter & Gamble သည် ပဉ္စမနေရာတွင် ရှိနေသည်။

ဝင်ငွေအကန့်အသတ်ဖြင့်သာ ရရှိသဖြင့် ထုတ်ကုန်များကို ပမာဏ အနည်းငယ်စီခွဲပြီး ဈေးသက်သက်သာသာဖြင့်သာ ဝယ်ယူနိုင်သော ဖိလစ်ပိုင်ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ပလတ်စတစ်အိတ် စွန့်ပစ်ပစ္စည်းများသည် စိုးရိမ်ရသည့် ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။ လူဦးရေ ၁၀၃ သန်းရှိပြီး ဆင်းရဲမွဲတေသူဦးရေ များပြားသော ဖိလစ်ပိုင်တွင် ရယ်ဒီမိတ်ကော်ဖီ၊ ခေါင်းလျှော်ရည်၊ ဟင်းချက်ဆီ၊ ရသာမှုန့်၊ သွားတိုက်ဆေး အစရှိသည့် ထုတ်ကုန်များကို တစ်ခါသုံး အထုတ်ငယ်လေးများဖြင့်ခွဲကာ ရောင်းချကြသည်။ ယင်းပစ္စည်းများကို ထုတ်ပိုးသော အရည်အသွေးနိမ့် တစ်ခါသုံး ပလတ်စတစ်ခွံများသည် မြေဖို့ရာတွင် လည်းကောင်း၊ ပင်လယ်ထဲသို့ လည်းကောင်း ရောက်ရှိခဲ့သည်။

ဖိလစ်ပိုင်မှ နှစ်စဉ်ထွက်ရှိသည့် မထိန်းချုပ်နိုင်သော စွန့်ပစ်အမှိုက် ပမာဏသည် နှစ်စဉ်တန်ချိန် ၁ ဒသမ ၈၈ သန်းရှိသည်ဟု သိရသည်။ ကမ္ဘာပေါ်တွင် သမုဒ္ဒရာများကို ပလတ်စတစ် အမှိုက်များဖြင့် အဆိုးရွားဆုံး ညစ်ညမ်းစေသည့် နိုင်ငံများထဲ၌ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားတို့လည်း ပါဝင်သည်ဟု ဂရင်းပိစ်က ဖော်ပြထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဝင်ငွေများ မြင့်တက်လာနေကြသဖြင့် ကုန်ပစ္စည်း လိုအပ်ချက် များပြားလာချိန်တွင် ယခုပြဿနာသည် ပိုမိုဆိုးရွားလာလိမ့်မည်ဟု ဂရင်းပိစ်က ခန့်မှန်းထားသည်။

Ref: AFP