လအတွင်း မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များအရေး အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဆွေးနွေးမည်

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပနေသည့် (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကာလအတွင်း မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များအရေး ဆွေးနွေးမည်ဖြစ်ကြောင်း အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ၎င်း၏ဝက်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်ဟု www.irna.ir ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၁၇ ရက်က ဖော်ပြထားချက်အရ သိရသည်။

အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များအရေး အစည်းအဝေးပြုလုပ် ဆွေးနွေးသွားမည်ဖြစ်သည်။

ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များအရေးသာမက ပါလက်စတိုင်း၊ ဆိုမားလီးယား၊ မာလီ၊ ယီမင်၊ ကက်ရှ်မီးယား၊ ဘော့စနီးယား အရေးတို့ကိုလည်း ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၁၀ ရက်က ကာဇာကစ္စတန်နိုင်ငံတွင် ကျင်းပသော သိပ္ပံနှင့်နည်းပညာဆိုင်ရာ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ထိပ်သီးအစည်းအဝေးတွင် ရခိုင်ပြည်နယ် ပဋိပက္ခကိုဖြေရှင်းရန် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား အင်ဒိုနီးရှားက တိုက်တွန်းခဲ့သည်။

ဘင်္ဂါလီ (မူရင်းသတင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) အသိုက်အဝန်း ကြုံတွေ့နေရသည့် ပြဿနာအရင်းအမြစ်ကို ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးကို ကူညီနေစဉ်အတွင်း အပြုသဘောဆောင်သော ထိတွေ့မှုကို ဆက်လက်ဆောင်ရွက်ရန် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံအားလုံးကို တိုက်တွန်းပြောကြားလိုကြောင်း၊ ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံးကို ကူညီရာတွင် အမှန်တကယ် အထောက်အကူဖြစ်စေမည့် အရာများကို ဦးစားပေးရန် ပြောကြားလိုကြောင်း အင်ဒိုနီးရှားနိုင်ငံက တိုက်တွန်းခဲ့သည်။

ရခိုင်ပြည်နယ်၌ သြဂုတ် ၂၅ ရက်မှ စတင်ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် နေထိုင်သူများသည် နေရပ်စွန့်ခွာ၍ နယ်စပ်ဧရိယာအပါအဝင် လုံခြုံရာနေရာများတွင် ခိုလှုံနေထိုင်ရလျက်ရှိကြောင်းနှင့် အကြမ်းဖက်မှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရသူ တိုင်းရင်းသား ၂၆၇၄၇ ဦးရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ဘင်္ဂါလီများလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိသည်။

ထိုသို့ မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဘင်္ဂါလီဒုက္ခသည်ဦးရေသည် လေးသိန်းကျော် ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂက စက်တင်ဘာ ၁၆ ရက်က ပြောကြားခဲ့သည်။

ဘင်္ဂါလီဒုက္ခသည်များ (မူရင်းသတင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) ကို ပြန်လည်လက်ခံရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက မြန်မာနိုင်ငံကို ပြောကြားထားသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက “ယခင်ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတာတွေရှိပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ မိမိတို့နိုင်ငံသားဖြစ်တယ်လို့ အထောက်အထား ပြနိုင်ရင်သော်လည်းကောင်း၊ ဒီဘက်နိုင်ငံမှာ ဘယ်နှနှစ်နေခဲ့ဖူးတယ်လို့ အထောက်အထား ပြနိုင်ရင်သော်လည်းကောင်း အဲဒါကိုစိစစ်ပါတယ်။ အဲဒီစိစစ်မှုပြီးတော့မှ တစ်ဦးချင်းစိစစ်ပြီးတော့မှ မှန်ကန်တယ်ဆိုရင်တော့ ပြန်ခေါ်ခဲ့တဲ့ သာဓကတွေရှိပါတယ်။ အဲဒီအတိုင်း လုပ်ဖို့ရှိပါတယ်။ သူတို့အနေနဲ့ သာဓကပြနိုင်ရင် မြန်မာနိုင်ငံသားလား၊ မြန်မာနိုင်ငံသား မဟုတ်ဘူးဆိုရင်တော့လည်း ပြန်ခေါ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးပေါ့” ဟု သတင်းထောက်များအား ပြောကြားထားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တင်ပြချက်အရ အာစာဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာစာဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်အဖွဲ့များ ထိတွေ့တိုက်ခိုက်မှုပေါင်း အကြိမ် ၉၀ ကျော်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်းနှစ်ဦး၊ စုစုပေါင်း ၁၅ ဦးကျဆုံးခဲ့ရကြောင်း၊ အလားတူ အာစာဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသား ၁၄ ဦး၊ ဒေသခံဟိန္ဒူဘာသာဝင် ခုနစ်ဦး၊ ဘင်္ဂါလီခုနစ်ဦး စုစုပေါင်း ၂၈ ဦးသေဆုံးခဲ့ရကြောင်း၊ အာစာဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမား ၃၇၁ ဦး (ဇာစ်မြစ်-တပ်မတော်) အသေရရှိခဲ့ကာ ၃၈ ဦးဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက စက်တင်ဘာ ၅ ရက်က ထုတ်ပြန်ခဲ့သည်။