ဆွေမျိုး

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် လှူဒါန်းနိုင်ရန် ကလေးမြို့သူမြို့သားများ အလှူခံနေစဉ် (ဓာတ်ပုံ-အောင်သူထွန်း)

အဘိုးလေးသည် အသက် ၈၀ ကျော်ပြီ ဖြစ်သော်လည်း သွက်သွက်လက်လက် သွားလာလှုပ်ရှားနေဆဲဖြစ်သည်။ ယခုလက်ရှိ မြောက်ဒဂုံတွင် သားသမီးမြေးမြစ်များနှင့် ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပါသည်။ အဘိုးလေးသည် သူ့အစ်ကို (ကျွန်တော့်အဘိုး) ကို တော်တော်လေး သံယောဇဉ်ကြီးရှာသည်။ မောင်နှမသုံးယောက်ရှိရာ အစ်မအကြီးဆုံးက ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးပါးသွားရာ ညီအစ်ကိုနှစ်ယောက်တည်း ကျန်ရစ်ခဲ့သောကြောင့် ပိုပြီးချစ်ခင်ကာ ပိုပြီးဂရုစိုက်ပုံလည်း ရပါသည်။ “အစ်ကိုကြီး အဖရာကွာ၊ ငါတို့မှာ ဒီညီအစ်ကိုနှစ်ယောက် ရှိတော့တာ” ဟု မကြာခဏ ပြောလေ့ရှိသည်။ အပေါင်မှာနေသည့် အဘိုးရန်ကုန်ရှိ ကျွန်တော်တို့အိမ်သို့ လာလည်တိုင်း အဘိုးလေးက သူ့အစ်ကိုထံ မပျက်မကွက် ရောက်လာမြဲဖြစ်သည်။

ထိုသို့ ရောက်လာတိုင်းလည်း လက်ချည်းသက်သက်မဟုတ်။ အဘိုးလေး၏ သားသမီးများ အဘိုးကိုကန်တော့လိုက်သည့် ငွေနှင့် မုန့်ပဲသရေစာ ပစ္စည်းအထုပ်အပိုးများကိုပါ ယူဆောင်ပြီး သူ့အစ်ကိုကို ကျကျနန ကန်တော့လေ့ရှိပါသည်။ ထို့နောက် တအောင့်တနား ထိုင်စကားစမြည် ပြောပြီး “အစ်ကို မြောက်ဒဂုံအိမ် လိုက်လည်ပါလား။ စိတ်ပြေလက်ပျောက်ပေါ့။ ဟိုမှာ အစ်ကို ပျော်သလောက်နေ” ဟု ဆိုကာ အဘိုးကို သူခေါ်လာသည့်ကားနှင့်ပင် သူ့အိမ်သို့ ခေါ်ချသွားပါတော့သည်။

ခုနောက်ပိုင်း အပေါင်တွင် နေထိုင်ရသည်မှာ အဆင်မပြေသော အဘိုး ကျွန်တော်တို့အိမ်မှာလာနေသည့် အကြိမ်အရေအတွက် ပိုများလာသည်။ အသက် ၈၉ နှစ်ရှိပြီဖြစ်သော အဘိုးသည် ယခင်ကကဲ့သို့ တစ်ယောက်တည်း ခရီးမသွားနိုင်တော့ချေ။ ရွှေပေါက်ကံရှိ သူ့သမီးငယ်အိမ်တွင် နေလိုက်၊ မြောက်ဥက္ကလာရှိ သူ့သမီးကြီး (ကျွန်တော့်အမေ) အိမ်တွင်နေလိုက်နှင့် အဆင်ပြေသလို တစ်လှည့်စီနေရပါသည်။ ကျွန်တော်တို့အိမ်တွင် အနေကြာသည့် အဘိုးကို အဘိုးလေးက သူ့အိမ်သို့ အလည်ခေါ်ကာ တစ်လှည့်လာ နေစေချင်ပုံရသည်။ မြောက်ဒဂုံရှိ သူ့အိမ်တွင် အေးအေးဆေးဆေး လာနေပြီး ညီအစ်ကိုနှစ်ယောက် စကားစမြည်ပြောချင်နေပုံလည်း ရပါသည်။ အဘိုးလေးကြည့်ရသည်မှာ သူ့အစ်ကို၏ နောက်ဆုံးအချိန်ကာလများကို ညီအစ်ကိုနှစ်ယောက် အတူတူ ဖြတ်သန်းရင်း ကုန်လွန်စေချင်ပုံလည်း ရပါသည်။

ပြီးခဲ့သည့် စနေနေ့က အဘိုးလေး ကျွန်တော်တို့အိမ်သို့ ရောက်လာသည်။ သူ့အစ်ကိုကို မြောက်ဒဂုံမှာ ခဏလာနေရန် လာခေါ်ခြင်းဖြစ်သည်။ ထို့ပြင် အဘိုးလေးလက်ထဲ၌ ဖိတ်စာတစ်စောင်လည်း ပါလာသည်။ သူ့သား ကိုသိန်းဇော်အိမ်တွင် လုပ်မည့် ဘုရားအနေကဇာတင်နှင့် ဝါဆိုသင်္ကန်းကပ် အလှူဖိတ်စာ ဖြစ်ပါသည်။ အဘိုးလေးက ပြန်ခါနီး ကားပေါ်တက်တော့ အမေ့ဘက်လှည့်ကာ “နင်တို့ အလှူလာခဲ့ကြဦးနော်၊ နင်က အစ်မအကြီးဆုံးဆိုတော့ နင့်ကို ဦးတည်ပြီး ဖိတ်ရတာပေါ့၊ အေးအေးတို့ မြရီတို့လည် လှမ်းဖိတ်လိုက်ဦး၊ ညီအစ်မတွေ အတူတူ လာခဲ့ကြပေါ့ဟော” ဟု တတွတ်တွတ်မှာသည်။ ပြီးမှ ကျွန်တော့်ဘက်လှည့်ကာ “ဟေ့ကောင် မင်းလည်း လာခဲ့ဦး၊ တခြားလူတွေက ငါ့အိမ်ရောက်ဖူးတယ်။ မင်းတစ်ခါမှ မရောက်သေးဘူး မဟုတ်လား။ ငါကပဲ မင်းတို့ဆီ ခဏခဏ လာရတယ်။ မင်းက တစ်ခါမှ မလာဘူး။ တကယ်တော့ ဘယ်လောက်မှ ဝေးတာမဟုတ်ဘဲနဲ့ မလာလို့ကို မရောက်တာ။ ဟေ့ကောင် မောင်ကြည်လည်း လာခဲ့ဦးကွ” ဟု ပြောကာ ကားပေါ်တက်သွားပါတော့သည်။

အဘိုးလေးတို့ကား ကျွန်တော့်မျက်လုံးရှေ့မှ တဖြည်းဖြည်း ဝေးကွာသွားပါသည်။ သို့သော် အဘိုးလေး နောက်ဆုံးပြောခဲ့သည့် စကားက ကျွန်တော့်နားထဲမှာ ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့သလို ခံစားလိုက်ရပါသည်။ “ဘယ်လောက်မှ ဝေးတာမဟုတ်ဘဲနဲ့ မလာလို့ကို မရောက်တာ” တဲ့။ အဘိုးလေးစကားက သွေးထွက်အောင် မှန်လွန်းနေသည်။ ကျွန်တော် ဘယ်လိုမှ မငြင်းဆန်နိုင်အောင် မှန်ကန်နေပါသည်။ စင်စစ်အဘိုးလေးပြောသည်မှာ မလွန်။ တကယ်လွန်တာက ကျွန်တော်။ “လာချင်ရင် အနီးလေး၊ မလာချင်ရင် ခရီးဝေး” ဟူသော ဆိုရိုစကားကို အဘိုးလေးက ကောင်းကောင်းသရုပ်ဖော် ပြသွားနိုင်သည်ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော် မလာချင်သောကြောင့် အဘိုးလေးအိမ်သည် “ခရီးဝေး” ဖြစ်နေရသည်။ ကျွန်တော်သာ လာချင်လျှင် အဘိုးလေးအိမ်သည် “အနီးလေး” မှာပင် ရှိနေသည် မဟုတ်ပါလား။

ကျွန်တော်သည် အဘိုးလေး ပြန်သွားတော့မှ “ဆွေမျိုး” ဟူသည့် စကားလုံး၏ အနက်အဓိပ္ပာယ်ကို အပြန်ပြန် အလှန်လှန် တွေးနေမိပါသည်။ “ဆွေမျိုး” ဆိုတာ ဘာလဲ။ “ဆွေမျိုး” တည်းဟူသော စကားလုံးနှစ်လုံးအပေါ် ကျွန်တော် ဘယ်လို သဘောပေါက်ထားပါသလဲ။ ဆွေမျိုးတွေအပေါ် ကျွန်တော့်၏ အပြုအမူကို ပြန်လည်သုံးသပ် ဆင်ခြင်ကြည့်လျှင် အဖြေထွက်လာလိမ့်မည်ဟု ထင်ပါသည်။ တကယ်တော့ ကျွန်တော်သည် ဆွေမျိုးများအပေါ် ကင်းပြတ်စိမ်းကားလွန်းသော လူတစ်ဦး ဖြစ်နေပါသည်။ မြောက်ဥက္ကလာနှင့် ဘယ်လောက်မှ မဝေးသော ရွှေပေါက်ကံမှ အဒေါ်အရင်းခေါက်ခေါက်၏ အိမ်သို့တစ်လနေ၍ တစ်ခေါက် ကျွန်တော်မရောက်။ ရွှေပေါက်ကံနေ အဒေါ်ကသာ ကျွန်တော့်အိမ် ခဏခဏ လာပြီး ကျွန်တော်ကတော့ တစ်ခါတလေ ပင်မရောက်။ အဘိုးလေး ပြောသလို မြောက်ဒဂုံမှ အဘိုးလေးအိမ်သို့ တစ်ခါမျှပင် မရောက်ဖူးခဲ့။ အဘိုး နှစ်ရှည်လများ နေထိုင်ခဲ့သော ပေါင်မြို့သို့ ငယ်စဉ်က တစ်ခေါက်နှစ်ခေါက် ရောက်ပြီးနောက်ပိုင်း မရောက်ဖြစ်တော့တာ နှစ်ပေါင်းမနည်းလှတော့။ မြဝတီမြို့တွင် ဦးလေး (အမေ့မောင်) မိသားစုရှိသော်လည်း ကျွန်တော် တစ်ခေါက်တစ်ကျင်းပင် မရောက်သေး။ မအူပင်မြို့တွင် ကျွန်တော့် အစ်မဝမ်းကွဲ (အဖေ့တူမ) ရှိသော်လည်း ကျွန်တော် သွားသွားလာလာ မရှိခဲ့ချေ။ အစ်မဝမ်းကွဲကတော့ မကြာခဏ လာရှာပါသည်။ သို့သော် ကျွန်တော်က စိမ်းစိမ်းကားကား။ မန္တလေးတွင် တောင်ကြီးတွင် အမေ့ဘက်မှ ဆွေမျိုးများ ရှိသေးသည်။ ကျွန်တော် မရောက်ဖြစ်ခဲ့။ အချို့ ညီအစ်ကို မောင်နှမ ဆွေမျိုးများ လမ်းတွေ့ လျှင်တောင် မှတ်မိရန်မလွယ်။ ကျွန်တော့်အဖြစ်က ဤမျှအထိ။ ဆွေမျိုးများနှင့် ပတ်သက်လျှင် ထိုမျှစိမ်းကား ပြတ်တောက်လွန်းခဲ့မှန်း ကျွန်တော်အခုကျမှ သေသေချာချာ ပြန်စဉ်းစားကြည့်နေမိပါသည်။ အဘိုးလေး၏ သတိပေးစကားတစ်ခွန်းကို ကြားလိုက်ရတော့မှ ဆွေမျိုးများနှင့် ဝေးကွာခဲ့သည့် နှစ်ပေါင်းများစွာကို နှမျောတသရကောင်းမှန်း ကျွန်တော် သတိပြုမိသွားပါသည်။

တကယ်တော့ ကျွန်တော်တို့သည် တစ်နယ်တစ်ကျေး ဝေးကွာနေသော ဆွေမျိုးများ ဖြစ်ကြပါသည်။ အခြေအနေ အကြောင်းကြောင်းကြောင့် တစ်နယ်တစ်ကျေးဝေးကွာ အခြေချနေထိုင်ရသော်လည်း “ဆွေမျိုး” ဟူသည့် အနက်အဓိပ္ပာယ်ကတော့ ပျောက်ဆုံးမသွားသင့်ပေ။ လူချင်း ဝေးကောင်းဝေးကွာ နေလိမ့်မည်။ သွေးချင်း မဝေးသင့်။ သွေးချင်း နီးနေသင့်သည် မဟုတ်ပါလား။ “အရေးကြီးလျှင် သွေးနီးရာပါစမြဲပေမို့” ဟု ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဆိုဖူးသည်။ အရေး ဟယ် အကြောင်းရယ် တစ်စုံတစ်ခုဖြစ်လာခဲ့သော် သွေးနီးသည့် ဆွေးမျိုးရင်းချာများသာ အားကိုးအားထားပြုရစမြဲပင် မဟုတ်ပါလား။ ဘယ်လောက်ပင် အနေဝေးဝေး ‘သွေး’ က စကားပြောပါသည်။ ‘ဘေး’ က ပြောတာထက် ‘သွေး’ က ပြောတာကိုသာ ယုံကြည်သင့်ကြသည် မဟုတ်ပါလား။ ဤသည်ပင် ‘ဆွေမျိုး’ ၏ အဓိပ္ပာယ်အနှစ်သာရဟု ကျွန်တော် ထင်မြင်ယူဆမိပါသည်။

အဘိုးလေး ပြန်သွားပြီးနောက် အမေက “နင့်အဘိုးလေးပြောတာ မှန်တယ်။ သူကချည်း ငါတို့ဆီ လာလာနေရတာ။ ငါတို့က မရောက်ဘူးဖြစ်နေတယ်။ မနက်ဖြန် အလှူကတော့ သွားမှ ကောင်းမယ်။ လမ်းထိပ်က နင့်သူငယ်ချင်းတက္ကစီကို ကြိုပြောထားဦး” ဟု ကျွန်တော့်ကို လှမ်းမှာနေလေသည်။ ကျွန်တော်ကလည်း အမေ မပြောခင်ကတည်းက “အဘိုးလေးအိမ်တော့ ရောက်အောင်သွားဦးမယ်” ဟု ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်။