သဘောညီ ယုံကြည်လို့ရ

ကယားပြည်နယ် မော်ချီးသတ္တုတွင်းဒေသရှိ ကလေးငယ်များ စာသင်ကြားနေစဉ် (ဓာတ်ပုံ - မခိုင်၊ လွိုင်ကော်)

“ကျွန်တော်တို့ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ‘အသုံးလုံး’ လုပ်အားပေးကျောင်းသားတွေက မြင်းမူမြို့နယ်နှင့် မြောင်မြို့နယ် စခန်းတွေကို သွားရမယ်။ ဒါပေမဲ့ ငါန်းဇွန်မြို့နယ်ကိုသွားမယ့် စီးပွားရေးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်ကျောင်းသားတွေက အင်အားနည်းနေတယ်။ ဒါကြောင့် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်က ငါန်းဇွန်မြို့နယ်မှာ လုပ်အားပေးမယ်ဆိုရင် စာရင်းပေးနိုင်တယ်” ဟု ဆရာဦးကျော်လှိုင်က ကျွန်တော့်ကို ဦးတည်ပြီးပြောသည်။

ဆရာဦးကျော်လှိုင်က ပါဠိသာသာသင်သည်။ နှစ်နှစ်ခန့်အတန်းဝင်ဖူး၍ ဆုံခဲ့ကြသည်။ ရန်ကုန်မှ စစ်ကိုင်းသို့ ညလုံးပေါက် ရထားစီးရင်း ရထားတစ်တွဲတည်းမှာ ဆရာနှင့် ဆုံစည်းရသည်။ ရထားဝင်ထွက်ပေါက် ခြေနင်းခုံတွင် အတူထိုင်ရင်း စကားပြောဖြစ်ကြသည်။ ဆရာတပည့် ဆက်ဆံမှုမျိုးမဟုတ်။ မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအစ်ကိုလို စကားချင်း ရင်းနှီးရသည်။ စစ်ကိုင်းမြို့ ဆရာအတတ်သင် သိပ္ပံကျောင်းအဆောက်အအုံအတွင်း နားနေရာမှ အထက်ပါအတိုင်း ဆရာက ပြောပြခဲ့ခြင်းဖြစ်ပါသည်။ အချိန်မှာ ၁၉၆၉-၁၉၇၀ ခုနှစ် စာသင်နှစ်ဖြစ်ပါသည်။

ကျွန်တော်က ဘယ်ဒေသဟု ရည်စူးချက်မရှိ။ ရထားပေါ်ကသိသော ကျောင်းသား ကိုအောင်မြင့်က အားကာသိပ္ပံသွားကြမည်ဟု အဖော်စပ်သည်။ ဆရာ့အနားမှာ ကျောင်းသားတွေ ဝိုင်းအုံနေသည်။ ဘယ်သူမှ စာရင်းမပေးကြ။ တိတ်နေကြသည်။ “ငါန်းဇွန်ကို ကျွန်တော်သွားပါမယ်။ စာရင်းပေးပါတယ်” ဆရာ့ကိုကျွန်တော်က ပြောလိုက်သည်။ ကျွန်တော့်အနီးမှ ကိုမြင့်ကြည်ကလည်း အတူသွားမယ်ဟု ထပ်ပြောသည်။ အခုမှသိရသော မိတ်ဆွေဖြစ်သည်။ သဘောညီခဲ့သည်။ ကိုမြင့်ကြည်က ယခုတရားလွှတ်တော်ရှေ့နေဖြစ်ပြီး သာကေတမှာနေသည်။ မှတ်မိသလောက် လေးဦးသာစာရင်းပေးသည်။ စစ်ကိုင်းမှ ရွာသစ်ကြီးသို့ကားစီးရန် တစ်ဖက်ကမ်းသို့ကူးပြီး ငါန်းဇွန်မြို့သို့ ကားဖြင့်သွားရောက်သည်။ ငါန်းဇွန်မှ မြို့သာသို့ ဖုန်တထောင်းထောင်းဖြင့်သွားရာ မိုးချုပ်မှောင်မှ ရောက်သည်။ ကြိုဆိုရေးအဖွဲ့က တည်းရမည့် မြေစိုက်မူလတန်းကျောင်းကို ညွှန်ပြသည်။ ဖုန်အလူးလူးနှင့် ကိုယ်ခန္ဓာကို ရေချိုးမည်ဟုပြောရာ ရေတွင်းလိုက်ပြသည်။ ထိုအခါမှ ရေခပ်နှီးပလုံးကို တွေ့ဖူးသည်။ ပေါ့ပါးသည်။ ရေပါအောင် တော်တော်နက်နက် ကြိုးရှည်ချရသည်။ ညစာစားပြီးနောက် ဝါးထရံကာ မြေစိုက်ကျောင်းလေးမှာ အိပ်ရာခင်း၍ စုပေါင်းအိပ်ကြသည်။

မြို့သာသို့ ကျောင်းသားခြောက်ဦးပါသည်။ ကိုမြင့်ကြည် ရုက္ခဗေဒနှစ်က၊ ကိုတင်ဦး သစ်တောသိပ္ပံ၊ ကိုတင်လှ သင်္ချာအဓိကဟု ထင်သည်။ ယခုအခါ ရွှေတိဂုံဘုရားကြီး၏ ဂေါပကအဖွဲ့ဝင်ဟု သိရသည်။ ကိုကြီးမြင့်၊ ကိုလှဖြူချစ် နှစ်ဦးက စီးပွားရေးတက္ကသိုလ်က ဖြစ်သည်။ နောက်ဆုံးက ကျွန်တော်တို့ဖြစ်သည်။

စာသင်ဝိုင်းခွဲရာ မြို့သာအနောက်ရွာ (အထက်ရွာ) မှာ ကိုကြီးမြင့်တို့နှစ်ဦးနှင့် စာသင်သားများသော မြို့သာအရှေ့ရွာ (အောက်ချိုင့်) မှာ ကျွန်တော်တို့လေးဦးသွားရန် ညှိသည်။ မြို့သာ (အနောက်ရွာ) မှ ဈေးဆိုင်ခန်းနှင့် စာတိုက်ရှိသည်။ အရှေ့ရွာကား ရွာချည်းသက်သက်ဖြစ်သည်။ ကျွန်တော်တို့နေမည့် အောက်ရွာမှာ စာသင်ဝိုင်းနှစ်ခုခွဲသည်။ ကိုမြင့်ကြည်နှင့် ကိုတင်ဦးတစ်ဖွဲ့၊ ကျွန်တော်နှင့် ကိုတင်လှတစ်ဖွဲ့တို့ဖြစ်သည်။ စားသောက်မှု ကိုဦးတင်ကြည်အိမ်က တာဝန်ယူသည်။ စာသင်ဝိုင်းတွင် အသက်ကြီးသူထက် မိန်းကလေးငယ်များသည်။ စာသင်ချိန်မှာ ညပိုင်းဖြစ်ပြီး အောက်လင်းမီးထွန်းပေးသည်။ နေ့လယ်ပိုင်း အိမ်အလည်ခေါ်ပြီး ထမင်းကျွေးမွေး ဧည့်ခံကြသည်။ ဒေသထွက် လက်ဖက်၊ မြေပဲ၊ ပဲကြော်နှင့် ကန်စွန်းဥတို့များသည်။ ၁၉၆၇ ခုနှစ် ဆန်ရှားပါးစဉ်က ထမင်းအစား ကန်စွန်းဥသာစားရကြောင်း ပြောသည်။

စာသင်ရက် နှစ်ပတ်ခန့်ကြာသောအခါ ဒေသခံ လူကြီးလူငယ်များနှင့် ရင်းနှီးကြသည်။ ရပ်ဓလေ့၊ ရွာဓလေ့အရ အလှူမင်္ဂလာပွဲများ ဖိတ်ကြားခံရသည်။

ကျွန်တော်တို့က ဧည့်ခံရေးတွင် ဝင်ကူပေးသည်။ အလားတူ ဘာသာရေး တရားရိပ်သာသို့ လိုက်ပါဧည့်ခံကျွေးမွေးပြီး ရင်းနှီးမှုရယူသည်။

စာသင်ဝိုင်းတွင် သင်ကြားမှုမရှိသော ကိုသီးနှင့် ဆုံရသည်။ သွားလေရာ တကောက်ကောက် လိုက်ပါသည်။ ရှဉ့်မတွေ့ဖူးသော ကျွန်တော်က ဘတ်ဂွဖြင့်ပစ်သည်။ ရှဉ့်က ထန်းပင်ပေါ်တက်ပြေးသည်။ ထန်းလက်ပေါ်မှာ ရှဉ့်ပြေးသည်ကို နေရောင်ဖြင့် မြင်ရသည်။ ကိုသီးက ဓားရှည်ကြီး ခါးကြားထိုး၍ ထန်းပင်ပေါ်တက်သည်။ ရှဉ့်ရောက်သော ထန်းလက်ကို ဓားဖြင့်ခုတ်ချသည်။ ထန်းလက်ရော ရှဉ့်ပါ မြေသို့ကျသည်။ ကျသည့်ရှဉ့်ကို ထန်းလက်ခြောက်ဖြင့် ဝိုင်းရိုက်သည်။ ခွေးကလည်း ဝင်ဆွဲသည်။ ရိုက်ပြီးသား ရှဉ့်ကိုလည်းဆွဲသည်။ ခွေးပျင်းအားမကိုးရ၊ ကြိမ်ဖန်များလာတော့ ဆွဲသည့် ခွေးပါရောရိုက်သည်။ ဒီလိုနှင့် ရှဉ့်သေများကိုကိုင်ပြီး ကိုသီးက ကြော်ကျွေးသည်။ ကျွန်တော်တို့ စာသင်ရာသို့ ကိုသီး ရောက်လာတတ်သည်။ စာသင်ဖို့မဟုတ်လာ ကြည့်ခြင်းဖြစ်သည်။

သြင်္ကန်ရက်ဖြစ်၍ ဥပုသ်စောင့်ရန် စာသင်ဝိုင်းပိတ်သည်။ တန်ခူးလဆန်းလသာညနှင့် တိုက်ဆိုင်သည့် အားလပ်သည်ဖြစ်၍ ကိုကြီးမြင့်တို့နေသည့် မြို့သာ (အနောက်/ အထက်) သို့ ညပိုင်းသွားလည်ကြရန် ကိုမြင့်ကြည်နှင့် တိုင်ပင်သည်။ ရွာခံကိုသန်းဦးလည်း ပါသည်။ ခွေးတစီစီဖြင့် ခြံစည်းတံခါးစေ့ထားသည့်နေရာမှ ဝင်ကြသည်။ လူခြေတိတ်နေသည်။ ကိုကြီးမြင့်နှင့် ကိုလှဖြူချစ်တို့နေသည့် မူလတန်းကျောင်းသို့ တန်းသွားကြသည်။ သစ်ရိပ်အကာအကွယ်ပြု၍ အသံမပြုဘဲ ချဉ်းကပ်ကြသည်။ ကိုယ်တော်ချောတွေ အခန်းထဲ ဖယောင်းတိုင်မီးယဲ့ယဲ့ကို ထရံကြားမှ မြင်ရသည်။ အိပ်ဖို့အခင်းခင်းနေကြသည်။ ကျွန်တော်တို့ ရောက်ရှိနေသည်ကို သိပုံမရ၊ အတင်းပြောသည်။ “ကိုတွန်ဆိုတဲ့သူက လူမိုက်ပုံပေါက်တယ်။ ကိုကြီးမြင့်က ပြောသည်။ ခဏအကြာ မီးငြှိမ်းလိုက်သည်။ ကိုမြင့်ကြည်ကို တိတ်တိတ်နေရန် အချက်ပြပြီး အခန်းထဲဝင်မည်ဟု လက်ဟန်ပြလိုက်သည်။ အခန်းထဲသို့ ပြတင်းပေါက်မှ ကျော်ဝင်သည်။ အိပ်သည့်နေရာသို့ ခြေသံမကြားအောင်သွားသည်။ ဘာသံမျှမကြားရ၊ စိတ်ချလက်ချ အိပ်သွားကြပုံရသည်။ ခေါင်းရင်းက သောက်ရေအိုးကိုမသည်။ ရေဖြည့်ထား၍ လေးနေသည်။ ရေအိုးနှင့် အနီးဆုံးအိပ်သည့် ကိုကြီးမြင့်ပေါ် ရေလောင်းချသည်။ ရေကျသံနှင့်အတူ “အား” ဟု အလန့်တကြား အော်သံကြားရသည်။ ကိုကြီးမြင့် အသံဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့လည်း တစ်ကြိုးတည်း ခြေကုန်သုတ်ပြေးရသည်။ အခုမှ အားနာရသည်။ တောင်းပန်ပါသည်။ ကိုကြီးမြင့်၊ အိပ်ရာတွေ စိုရွှဲပြီးဒေါသ ဖြစ်ပါမည်။

ကိုကြီးမြင့်ကလည်း ခေသူမဟုတ်၊ ညပိုင်းစာသင်ဝိုင်းသို့ စာရင်းပေးပြီး ပျက်ကွက်သူများကို ရဲကင်းမှ သေနတ်ကိုင်ရဲဖြင့် တစ်အိမ်တက်ဆင်း လိုက်ခေါ်သည်ဟု နောင်မှကြားရသည်။ ရေလောင်းသည့်ကိစ္စ အငြိုးအတေးမထားခဲ့ပါ၊ ခွင့်လွှတ်ပုံရသည်။
ကျွန်တော်တို့ စာသင်ရက်ပြီးဆုံးပြီး ပြန်မည့်ညဘက်တွင် ကိုသီး ကျွန်တော်တို့နှင့် စကားလာပြောသည်။ ဘယ်အချိန် အိပ်ပျော်သည်မသိ၊ မိုးလင်းတော့ ကိုသီးကို အနားမှာ အိပ်နေတာ တွေ့ရသည်။ ထုံးစံအတိုင်း အင်္ကျီမရှိ အရပ်ရှည်ရှည်၊ ခါးကိုင်းကိုင်းဖြင့် ညိုမောင်းသော ကိုယ်ထည်ကို သယ်ဆောင်လျက် နှုတ်ဆက် ထွက်ခွာသွားသည်။ စိတ်မကောင်းပါ။

မြို့သာမှ ငါန်းဇွန်သို့ ကားဖြင့် ပို့ဆောင်ပြီး ညပိုင်းစာသင်ဝိုင်း အတွေ့အကြုံ ရှင်းလင်းပွဲလုပ်ရာ မြို့သာစာသင်ဝိုင်းကိုယ်စား စကားပြောခွင့်ရသည်။ ထိုစဉ်က နလက အုပ်ချုပ်ရေး ကိုစစ်ဗိုလ်ကြီးက ဥက္ကဋ္ဌ တာဝန်ယူသည်။

ရွာသူရွာသားတွေ ဝင်ငွေနည်းပါး၍ ဆင်းရဲကြကြောင်း၊ မြို့ပေါ်က အုပ်ချုပ်ရေး တာဝန်ယူသူများ ရွာသို့ ဆင်းစစ်ဆေးကြည့်စေလိုကြောင်း၊ မြိုပေါ်မှာပင် ဇရပ်မင်းစည်းစိမ်ဖြင့် မနေသင့်ကြောင်း၊ ဗီယက်နမ်က မီလိုင်းရွာမှာ အစုအပြုံလိုက်ရွာသားတွေ အသတ်ခံရကြောင်း၊ လက်နက်ရှိသူကသာ ကြီးစိုးမင်းမူ အုပ်ချုပ်ကြကြောင်း ပကတိ ကိုယ်တွေ့အခြေအနေကို ပြောပြရှင်းလင်းသည့် အမှတ်တရဖြစ်၍ စိုးရွံ့မှုမရှိပါ။

“အ” သုံးလုံးစခန်းသိမ်း၍ ကျောင်းပြန်တက်မှ ရင်ထိုးတံဆိပ်တစ်ခုနှင့် ပို့စကဒ်တစ်ခု ကျွန်တော့်အမည်နှင့် ရောက်ရှိပါသည်။ ရင်ထိုးမှာ “အ” သုံးလုံးဖော်ပြီး ပို့စ်ကဒ်မှာ “အ” သုံးလုံး စာသင်နေပုံပါသည်။ ပေးပို့သူက ဆရာဦးကျော်လှိုင်၊ ယနေ့ထိ လူချင်းမတွေ့ဖြစ်၊ သတိတရဖြစ်ပါသည်။ နောက်ထပ်သတိရ မည့်သူမှာ မြို့သာသားကြီး ကိုသီးဖြစ်သည်။ ထို့အတူ ခရီးစဉ်အတွင်း ရင်းနှီးခဲ့ကြသော ကိုမြင့်ကြည်၊ ကိုတင်လှ၊ ကိုတင်ဦး၊ ကိုကြီးမြင့်၊ ကိုလှဖြူချစ်တို့ကိုလည်း မေ့မရပါ။ ကိုယ်ကျိုးမကြည့်သည့် ကျွန်တော်တို့ညီအစ်ကိုများ သဘောညီခဲ့ကြပါသည်။ ခွင့်လွှတ်တတ်ပြီး ယုံကြည်သည်းခံစိတ်ဖြင့်သာ အရာရာ အောင်မြင်ပါမည်။ မေ့မရသော ဘဝမှတ်တိုင်တစ်ခုသာ ဖြစ်ပါသည်။