ကလေးမြို့ပေါ်ရှိ ဆေးဆိုင်များကို FDA က စစ်ဆေးလျက်ရှိပြီး စည်းကမ်းမလိုက်နာသော ဆေးဆိုင်နှစ်ဆိုင်အား ခြောက်လပိတ်သိမ်း

ကလေးမြို့ပေါ်ရှိ ဆေးဆိုင်များကို FDA မှ စစ်ဆေးနေစဉ်

ကလေးခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ( FDA ) မှ ကလေးမြို့ပေါ်ရှိ ဆေးဆိုင်များကို လစဉ်လိုက်လံ စစ်ဆေးလျက်ရှိပြီး သတ်မှတ်စည်းကမ်း အတိုင်းလိုက်နာမှုမရှိသော ဆေးဆိုင်နှစ်ဆိုင်ကို ခြောက်လပိတ်သိမ်းခဲ့သည်ဟု အဆိုပါဌာနမှ တာဝန်ခံဒေါက်တာ ကောင်းထက်ဦးက ပြောကြားသည် ။

“ကျွန်တော်တို့ လုပ်နေတာက ဧပြီလကတည်းက စစ်ဆေးနေတာ။ တစ်လကို တစ်ကြိမ်နှုန်းနဲ့ စစ်ဆေးနေတာပါ။ အခုဆိုရင် ခြောက်ကြိမ်လောက်ရှိပါပြီ။ ကျွန်တော်တို့က တရားမဝင်ဆေးတွေကို အဓိကထား စစ်ဆေးပါတယ်။ သတ်မှတ်ရက်တွေ ကျော်လွန်နေတဲ့ဆေးတွေ၊ လိုင်းဆေးတွေ စစ်ဆေးပါတယ်။ စစ်ဆေးတွေ့ရှိတာက တရားမဝင်ဆေးတွေ၊ သတ်မှတ်ရက်တွေ ကျော်လွန်နေတဲ့ ဆေးတွေ တွေ့တယ်။ အရေးယူဆောင်ရွက်ချက် အနေနဲ့ အရင်လက ဆေးဆိုင်နှစ်ဆိုင်ကို ခြောက်လပိတ်သိမ်းခဲ့ပါတယ်။ ကျွန်တော်တို့က နေပြည်တော်က ညွှန်ကြားချက်အတိုင်း အများပြည်သူတွေကို သောက်သုံးရန် မသင့်တဲ့ ဆေးဝါးတွေကို မသောက်သုံးစေဖို့ စစ်ဆေးရပါတယ်။ နောက်ထပ်လည်း ကော်မတီဝင်တွေနဲ့အတူ စစ်ဆေးနေမှာပါ။ ဆေးဆိုင်တွေကိုလည်း တရားမဝင်ဆေးတွေ မရောင်းဖို့အတွက် ပြောကြားချင်ပါတယ်။ ဘာလို့လဲဆိုတော့ တရားမဝင်ဆေးဆိုတာ တချို့ဟာတွေက အာနိသင်ရှိချင်လည်းရှိမယ် မရှိချင်လည်း မရှိနိုင်ဘူး။ အာနိသင် မပြည့်ဝတာတွေ ပါနိုင်တယ်။ ဒီလိုဆေးတွေ သောက်သုံးတော့ ပြည်သူတွေအနေနဲ့ ဆေးမတိုးတာတွေ ဖြစ်နိုင်တယ်။ ဒါ့ကြောင့် တရားမဝင် ဆေးတွေကို အဓိကထားပြီး စစ်ဆေးတာပါ။ အများပြည်သူများအနေနဲ့ကလည်း စပ်ဆေးတွေကို မဝယ်ကြပါနဲ့။ ဆရာဝန်လက်မှတ်မပါဘဲ ဝယ်တဲ့ဆေးတွေ၊ စပ်ဆေးတွေကို သောက်မယ်ဆိုရင် အန္တရာယ်တွေ ဖြစ်စေနိုင်တယ်။ တရားမဝင်ဆေးတွေကိုလည်း မသုံးစွဲကြဖို့ ပြောချင်ပါတယ်” ဟု ကလေးခရိုင် အစားအသောက်နှင့် ဆေးဝါကွပ်ကဲရေးဌာနမှ တာဝန်ခံဒေါက်တာ ကောင်းထက်ဦးက ပြောကြားသည်။

ကလေးမြို့ပေါ်တွင် ဆေးဆိုင်များ စားသောက်ဆိုင်များ၊ စတိုးဆိုင်များ တစ်နေ့တခြား တိုးပွားလာပြီး လိုင်စင်ပြုလုပ် ရောင်းချနေသော ဆေးဆိုင် ၆၀ ကျော်ရှိပြီး စားသောက်ဆိုင် ၁၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

“စားသောက်ဆိုင်တွေကိုလည်း စစ်ဆေးမှုတွေကို လုပ်တော့မှာ ဖြစ်တဲ့အတွက် အစားအသောက် ကိုင်တွယ်သူတွေကို ဘယ်လိုကျန်းမာအောင် ချက်ပြုတ်ရမလဲဆိုတာ အသိပညာပေးမှုတွေ အရင်ဆုံးလုပ်ပါ့မယ်။ အစားအသောက်တွေကို  ကိုင်တွယ်တဲ့ ဟိုတယ်တွေ ဆိုရင်လည်း ပိုင်ရှင်တွေ၊ စားဖိုမှူးတွေ၊ မန်နေဂျာတွေနဲ့ စားသောက်ဆိုင်တွေရဲ့ ပိုင်ရှင်တွေ၊ ချက်ပြုတ်တဲ့သူတွေ  WHO ရဲ့ သတ်မှတ်ချက်တွေ အစားအသောက်ကိုင်တွယ်ပုံတွေကို အသိပညာပေးဖို့ စတော့မှာပါ” ဟု  ဒေါက်တာ ကောင်းထက်ဦးက ပြောကြားသည်။