မြန်မာ-ထိုင်းနယ်စပ် မြဝတီ တာ့ခ်အထူးစီးပွားရေးဇုန် လုပ်ငန်းဆိုင်ရာ (၈) ကြိမ်မြောက် အစည်းအဝေး မြဝတီမြို့တွင် ကျင်းပ

မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီ တာ့ခ်အထူးစီးပွားရေးဇုန် လုပ်ငန်းဆိုင်ရာ (၈) ကြိမ်မြောက် အစည်းအဝေးကို မြဝတီမြို့ မြစန္ဒီပန်းခြံရှိ City Home ခန်းမတွင် စက်တင်ဘာ ၇ ရက်နံနက်က ပြုလုပ်ခဲ့သည်။

တာ့ခရိုင်နှင့် မြဝတီခရိုင်တို့မှ ဒုခရိုင်အုပ်ချုပ်ရေးမှူးများအား ဥက္ကဋ္ဌအဖြစ် ပါဝင်ဖွဲ့စည်းထားသည့် တာ့ခ် မြဝတီအထူးစီးပွားရေးဇုန် လုပ်ငန်းဆိုင်ရာ ကော်မတီဝင်များ တွေ့ဆုံသည့် အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံဘက်မှ စီးပွားရေး၊ လူမှုရေး၊ ဘာသာ၊ သာသနာနှင့်အားကစား၊ စည်ပင်သာယာရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ရှေဦးစွာ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဒေသတွင်း၌ ဖြစ်နေသည်များကို တစ်ယောက်နှင့်တစ်ယောက်၊ တစ်ဖက်နှင့် တစ်ဖက်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် ဆွေးနွေးခြင်းအားဖြင့် လူမှုရေး၊ စီးပွားရေး၊ ဘာသာ၊ သာသနာရေးတို့တွင် ပိုမိုအကျိုးရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တာ့ခရိုင်အုပ်ချုပ်ရေးမှူးက ဒေသတွင်း လုပ်ငန်းစဉ်များကို အဘက်ဘက်မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မဲဆောက်-မြဝတီ ကုန်သွယ်မှုပိုင်းမှာလည်း အခြားနယ်စပ်များထက်စာလျှင် အဘက်ဘက်မှ တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံဘက်မှ ဆွေးနွေးရာတွင် အထူးအခြေအနေအရ ကားမောင်း၍ နယ်စပ် ဖြတ်ကျော်သွားလာနိုင်ခြင်းများ၊ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် ဝင်ရောက် လည်ပတ်နိုင်သည့် နေရာဒေသ တို့ချဲ့သတ်မှတ်ရေးတို့ကို ဆွေးနွေးခဲ့သည်။

ထို့ပြင် တာ့ခ်ခရိုင်နှင့် မြဝတီခရိုင် အတွင်းရှိ အလုပ်သမားများ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မြဝတီနှင့်မဲဆောက် ညီအစ်မမြို့တော် တည်ဆောက်ရေးလုပ်ငန်းတို့ကို ဆွေးနွေးတိုင်ပင်ခဲ့ပြီး မြို့နှစ်မြို့အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်း ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ မြဝတီနှင့် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးများက အထူးဧည့်သည်အဖြစ် တက်ရောက်အမှာစကား ပြောကြားခဲ့ခြင်းဖြစ်ပြီး အထူးစီးပွားရေးဇုန်လုပ်ငန်းဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှစ်ဦးနှင့် ကော်မဝင်များ နယ်စပ်ကုန်သည် လုပ်ငန်းရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။