ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ အထက်မြန်မာပြည် ဆီမီးခုံဆိပ်ကမ်းသို့ ရေကြောင်းမှ ကုန်သေတ္တာဖြင့် သယ်ယူပို့ဆောင်နိုင်ရန် ရှေ့ပြေးလုပ်ငန်းများ စတင်

ကုန်သေတ္တာတင်တွဲသင်္ဘော စတင်ထွက်ခွာမည့် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ အထက်မြန်မာပြည် ဆီမီးခုံဆိပ်ကမ်းသို့ ရေကြောင်းမှ ကုန်သေတ္တာဖြင့် သယ်ယူပို့ဆောင်နိုင်ရန် ရှေ့ပြေးလုပ်ငန်းများအား ယခုလတွင်စတင်ရန် စီစဉ်နေကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ သတင်းရရှိသည်။

မြစ်တွင်းသွား ကွန်တိန်နာပို့ဆောင်ရေးလုပ်ငန်း အဆင့်မြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးနှင့် SA Marine ကုမ္ပဏီတို့ပူးပေါင်း၍ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ ဆီမီးခုံမြို့ MM-ID ဆိပ်ကမ်းသို့ ရေကြောင်းမှ ကုန်သေတ္တာများ ပို့ဆောင်ရေးအား စက်တင်ဘာလဆန်းတွင် စတင်ပို့ဆောင်နိုင်ရန် စီစဉ်လျက်ရှိသည်။

ယင်းသို့ဆောင်ရွက်ရာတွင် စီးပွားရေးတွက်ခြေကိုက်မှု ရှိ မရှိ စမ်းသပ်ပြေးဆွဲမည့် Pilot Project ဖြစ်သဖြင့် ပြည်တွင်းရေကြောင်းမှ 60-M ကွန်တိန်နာတွဲရေယာဉ်နှင့် ပြင်ပကုမ္ပဏီမှ ငှားရမ်းသည့် တွန်းရေယာဉ်တို့ဖြင့် ခရီးစဉ်စတင်ဆောင်ရွက်မည်ဖြစ်သည်။

စမ်းသပ်ပြေးဆွဲမည့် Pilot Project ခရီးစဉ်တွင် JAPFA Comfeed Myanmar Pte Ltd မှကြက်စာများကို ကွန်တိန်နာဖြင့် တင်ဆောင်ကာ အထက်မြန်မာပြည်သို့ ဖြန့်ချိနိုင်ရန်ဖြစ်သည်။ JAPFA ကုမ္ပဏီသည် ရန်ကုန်မြို့ မင်္ဂလာဒုံတွင် ကြက်စာစက်ရုံ တည်ဆောက်ထားပြီး အထက်မြန်မာပြည်၊ မြို့သာမြို့ စက်မှုဇုန်တွင် စက်ရုံတစ်ရုံတည်ထားကာ ကြက်စာကုန်ကြမ်းများအား ရန်ကုန်မှ အထက်မြန်မာပြည်သို့ ပို့ဆောင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

ရေကြောင်းမှ ကုန်သေတ္တာဖြင့် သယ်ယူပို့ဆောင်ရန် စီစဉ်ရာတွင် ပေ ၄၀ ကွန်တိန်နာများဖြင့်ထည့်၍ ပြည်တွင်းရေကြောင်း တွဲရေယာဉ်တွင် ၁၈ လုံးခန့်တင်ဆောင်ပြီး ရန်ကုန်မြို့မှ မြို့သာမြို့သို့ ပို့ဆောင်သွားမည်ဖြစ်သည်။

JAPFA Comfeed Myanmar Pte Ltd သည် ပြည်တွင်းရေကြောင်းပိုင် ကွန်တိန်နာတွဲရေယာဉ်အား တစ်ရက်ငှားရမ်းခနှုန်း ကျပ် ၈၄၀၀၀ ဖြင့်ငှားရမ်းမည်ဖြစ်ပြီး ခရီးစဉ်ပေါ်မူတည်၍ ရက်ကြာမြင့်မှုအတွက် အခကြေးငွေ ပေးချေရမည်ဖြစ်သည်။

ခရီးစဉ်အားဖြင့် အသွားအပြန် တစ်ခေါက်လျှင် ကုန်တင်ကုန်ချရက်အပါအဝင် ရက်ပေါင်း ၂၀ ခန့်ကြာမြင့်မည်ဟု သိရသည်။ အဆိုပါရှေ့ပြေးခရီးစဉ် အောင်မြင်ပြီးနောက်ပိုင်း ခရီးစဉ်များ ဆက်လက်ဆောင်ရွက်ရန် ယခုတစ်ခေါက် ကုန်ကျမှုများအား စံနှုန်းများအဖြစ် တိုင်းတာသတ်မှတ်ပြီး ပြည်တွင်းရေကြောင်းက ကွန်တိန်နာတွဲရေယာဉ်များပါ စီမံဆောင်ရွက်သွားမည်ဟု သိရသည်။ အထက်မြန်မာပြည် ကွန်တိန်နာ ပို့ဆောင်ရေးလုပ်ငန်း အောင်မြင်ပါက လုပ်ငန်းများတိုးချဲ့နိုင်ရေးအတွက် ပြည်တွင်းရေကြောင်းက တွဲရေယာဉ်များ စီမံဆောင်ရွက်ထားပြီး SA Marine မှအစီအမံဖြင့် ရေကြောင်းဖြင့် ကွန်တိန်နာပို့ဆောင်ရေးလုပ်ငန်းများ တိုးချဲ့သွားရန် စီစဉ်ထားသည်။