အကြမ်းဖက်ခြိမ်းခြောက်မှု သတင်းများကို အမြတ်ထုတ်၍ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်ပေါ်လာစေရန် သွေးထိုးလှုံ့ဆောင်မှုများကို အထူးသတိပြုကြရန် အသိပေးတိုက်တွန်း

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် ခြိမ်းခြောက်မှု သတင်းများကိုအမြတ်ထုတ်၍ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်ပေါ်လာစေရန် သွေးထိုးလှုံ့ဆောင်မှုများကို အထူးသတိပြုကြရန်နှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေး တိုက်တွန်းကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ခြမ်းဒေသ၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများက အကြမ်းဖက် တိုက်ခိုက်မှုများကို ရက်စက်စွာ ပြုလုပ်နေကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်း အခြေအနေ တည်ငြိမ်စေရန် အလေးထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် နေရပ်စွန့်ခွာသူများ၏ ဘေးကင်းလုံခြုံရေး၊ ထောက်ပံ့ကူညီရေးများ၊ အကြမ်းဖက်မှုတွင် ပါဝင်ခြင်းမရှိသည့် အပြစ်မဲ့ ပြည်သူများ စိုးရိမ်ကြောင့်ကြမှု မရှိစေရေး၊ အကြမ်းဖက်မှုတွင် ပါဝင်သူများကို ရှာဖွေဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းကဲ့သို့ အချိန်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသများကို နိုင်ငံတကာမှ ပိုမိုအာရုံစိုက်လာစေရန်နှင့် ARSA အစွန်းရောက် အကြမ်းဖက်သမားများအပေါ် ထောက်ခံမှုများ တိုးမြှင့်ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များ အပါအဝင် အခြားမြို့ကြီးများကို အကြမ်းဖက်ဖောက်ခွဲရန် ပြင်ဆင်နေကြောင်း သတင်းများလည်း ရရှိထားကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားလာနိုင်သည့် သတင်းများအရ နိုင်ငံတစ်ဝန်း လုံခြုံရေး အထူးဂရုပြု ဆောက်ရွက်ရန် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများသို့ သတိပေး ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှု သတင်းများကို အကြောင်းပြ၍ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖန်တီးလာနိုင်သည့် အခြေအနေများကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားနိုင်သည့် အလားအလာများကို အထူးဂရုပြုရန် အရေးကြီးကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လုံခြုံးရေးသတိ ထားရှိကြပြီး မသင်္ကာဖွယ် လူပုဂ္ဂိုလ်များ၊ လုပ်ဆောင်ချက်များ၊ ပေါက်ကွဲစေတတ်သောပစ္စည်း စုဆောင်းမှုများ၊ ပုံမှန်မဟုတ်သော လုပ်ဆောင်ချက်များ တွေ့ရှိပါက နီးစပ်ရာ အုပ်ချုပ်ရေးနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများထံ အမြန်ဆုံး အကြောင်းကြားပါရန်နှင့် အကြမ်းဖက် ခြိမ်းခြောက်မှု သတင်းများကို အမြတ်ထုတ်၍ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်ပေါ်လာစေရန် သွေးထိုးလှုံ့ဆောင်မှုများကို အထူးသတိပြုကြရန်၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေး တိုက်တွန်းကြောင်း ထုတ်ပြန်ချက်အရ သိရသည်။