၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် စာစစ်ဌာနအသစ်များအား သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ထပ်မံဖွင့်လှစ်ခွင့်ပြုမည်

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် စာစစ်ဌာနအသစ်များအား စာဖြေသူဦးရေအနည်းဆုံး ၁၀၀ ရှိပါက ထပ်မံဖွင့်လှစ်ခွင့် တောင်းခံနိုင်ပြီဖြစ်ကြောင်း သိရသည်။

စာစစ်ဌာနအသစ်များ လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များအဖြစ် စာဖြေသူဦးရေအနည်းဆုံး ၁၀၀ ရှိရန်၊ ကျောင်းအသီးသီးမှ ကျောင်းအလိုက်ဖြေဆိုမည့် ကျောင်းသား/သူဦးရေ၊ တစ်ဦးချင်းအလွတ်ပညာသင်အဖြစ် ဝင်ရောက်ဖြေဆိုမည့်ဦးရေ၊ လက်ရှိအခြေအနေအရ ၎င်းတို့သည် မည်သည့်စာဖြေဌာနခွဲ ဖြေဆိုခဲ့ရကြောင်း၊ ထိုသို့ဖြေဆိုရခြင်းနှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ စာစစ်ဌာနဖွင့်လှစ်မည့် ဒေသတွင် မြို့နယ်/တိုက်နယ်၊ ဆေးရုံ၊ ဆေးပေးခန်းရှိ၊ မရှိ၊ မေးခွန်းများနှင့် အဖြေများ လုံခြုံအောင် ထိန်းသိမ်းထားရှိရန် စာစစ်ဌာနအနီးတွင် ဘဏ်နှင့် ငွေတိုက်၊ တပ်ရင်း၊ တပ်ဖွဲ့၊ ရဲစခန်း ရှိ၊ မရှိ (ရဲကင်းအကျုံးမဝင်)၊ ယခင်က အခြေခံပညာ ဆဋ္ဌမတန်း၊ အထက်တန်းစာမေးပွဲ စာစစ်ဌာနအဖြစ် အသုံးပြုခဲ့ဖူးခြင်း ရှိ၊ မရှိ အချိန်ကာလဖော်ပြရန်နှင့် မည်သည့်အတွက် စာစစ်ဌာနအဖြစ်မှ ရပ်ဆိုင်းခဲ့ရကြောင်း ဖော်ပြရန်၊ စာစစ်ဌာနဖွင့်ပေးပါက စာဖြေသူအများဆုံး နေရာချထားပေးနိုင်မည့် ဝင်ဆံ့ဦးရေဖော်ပြရန်၊ စာစစ်ဌာန ဖွင့်လှစ်ခွင့်ရရှိပြီးနောက် စာဖြေဦးရေတိုးလာပါက မည်ကဲ့သို့ နေရာချထားမည်ကို တိတိကျကျဖော်ပြရန်၊ စာစစ်ဌာနဖွင့်ပေးပါက စာမေးပွဲကြီးကြပ်သူ ဆရာ၊ ဆရာမများနှင့် စာဖြေသူကျောင်းသား၊ ကျောင်းသူများ စာမေးပွဲတွင် မသမာမှုမဖြစ်ပေါ်စေရေးအတွက် တာဝန်ယူကြောင်း ခံဝန်ချက် လက်မှတ်ရေးထိုးစာရင်း၊ စာစစ်ဌာနဖွင့်ပေးပါက မိမိကျောင်း၊ မိမိတပည့်များဖြစ်၍ ကြီးကြပ်သူဆရာ၊ ဆရာမများက စကားလုံးပြောပေးခြင်း၊ အဖြေပြောပေးခြင်းများမပြုလုပ်ပါဟု ဆရာ၊ ဆရာမများနှင့် ကျောင်းအုပ်ကြီးတို့မှ ကတိခံယူချက် လက်မှတ်ရေးထိုးစာရင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးက မေးခွန်းများနှင့် အဖြေလွှာများလုံခြုံရေးနှင့် စာမေးပွဲ ချောမောစွာကျင်းပရေးကို တာဝန်ယူကြောင်း ထောက်ခံချက်၊ စာစစ်ဌာနအသစ် ဖွင့်လှစ်ပေးသင့်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်က ထောက်ခံစာ (ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကို လိပ်မူရမည်) စာစစ်ဌာနအသစ် ဖွင့်လှစ်ပေးသင့်ကြောင်း သက်ဆိုင်ရာ အခြေခံပညာဦးစီးဌာန ထောက်ခံချက်၊ စာစစ်ဌာန ဖွင့်ပေးထိုက် မပေးထိုက်နှင့် ပတ်သက်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူး၏ မှတ်ချက်နှင့် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် စသည်တို့လိုအပ်ကြောင်း သိရသည်။