တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိလာပြီး မြစ်ရေဝင်ရောက်သော အနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများမှာ သောက်သုံးရေနှင့် သွားလာရေး အခက်အခဲရှိနေဟု ဆို

တောင်ငူမြို့ ၉ ရပ်ကွက်၊ ကြက်လျှာစွန်းရပ်ရှိ အနိမ့်ပိုင်းနေရာများတွင် မြစ်ရေများ ဝင်ရောက်နေသည်ကို စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၏ စစ်တောင်းမြစ်ရေမှာ စက်တင်ဘာ ၂ ရက်နေ့တွင် စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာ အထက်သို့ကျော်လွန်ရောက်ရှိလာပြီး မြစ်ရေများ ဝင်ရောက်လျှက်ရှိသည့် အနိမ့်ပိုင်း ရပ်ကွက်နေ ပြည်သူများမှာ ဆင်းရဲနွမ်းပါးကြသူများဖြစ်သောကြောင့် သွားလာရေးနှင့် သောက်သုံးရေ အခက်အခဲများ ရှိနေကြကြောင်း သိရသည်။

“ရေကတော့၂၈ ရက်နေ့ နံနက်ခင်း ၁၀ နာရီလောက်ကနေ စဝင်တာပါ၊ အစ်မအိမ်ကတော့ နေလို့ဖြစ်ပါသေးတယ်၊ အဆင်ပြေတယ်၊ အမတို့နိမ့်ကျတဲ့သူတွေ တော်တော်များများတော့ တစ်ချို့လည်း ကုန်းပေါ်မှာ ရောက်နေကြတယ်၊ တစ်ချို့ကတော့ ရေထဲမှာပဲ နေကြတုန်းပဲ၊ ၊ စားဝတ်နေရေးနဲ့ရှာရေးဖွေရေး နည်းနည်းခက်ခဲသွားတယ်၊ သွားလို့လာလို့အဆင်မပြေတော့ဘူးလေ၊ နောက်ပိုင်း သားသမီးတွေလည်း စိတ်မချကြဘူး၊ သောက်ရေသုံးရေ ဆိုတာကလည်းပဲ တော်တော်ခက်ခဲတယ်၊ လှေမရှိဘူး သွားဖို့လာဖို့ အဆင်မပြေတဲ့အိမ်တွေမှာ တအား ဒုက္ခရောက်ကြတယ်၊ ဘယ်လိုတုန်းဆိုတော့ မိဘနှစ်ပါးဆိုရင် တစ်ယောက်က အိမ်စောင့် တစ်ယောက်က အလုပ်သွားကြတယ်၊ မိဘမစုံတော့တဲ့ အိမ်တွေကြတော့လည်း သူတို့တွေမှာ နေရေးထိုင်ရေးက အခက်အခဲ တော်တော်ကြုံနေကြတယ်၊ ဆင်းရဲနွမ်းပါးတဲ့အိမ်တွေကတော့ အိမ်ခြေ ၃၀၀ ကျော်လောက် နစ်နေပါတယ်၊ ကျန်တဲ့ နေဖြစ်တဲ့အိမ်တွေကတော့
များပါတယ်၊ ၅၀၀ လောက်တော့ ရှိပါတယ်” ဟု မြစ်ရေများ ဝင်ရောက်လျှက်ရှိသည့် တောင်ငူမြို့ ကြက်လျှာစွန်းရပ်နေ မခင်နှင်းယုက ပြောကြားသည်။

တောင်ငူမြို့၏စစ်တောင်းမြစ်ရေမှာ စက်တင်ဘာ ၂ ရက်နေ့ နံနက် ၃ နာရီခွဲအချိန် တိုင်းထွာချက်မျာအရ စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာသို့ရောက်ရှိလာခဲ့ပြီး၊ နေ့ယ် ၁၂ နာရီ
ခွဲအချိန်တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ် အထက် ၆၀၄ စင်တီမီတာသို့ရောက်ရှိလာခဲ့ကြောင်း တောင်ငူမြို့ မိုးဇလရုံး၏ မြစ်ရေအမှတ် တိုင်းထွာချက်မှတ်တမ်းများအရ သိရသည်။

တောင်ငူမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှာ သြဂုတ် ၂၈ ရက်နေ့မှစတင်၍မြစ်ရေများ စတင်ဝင်ရောက်လျှက်ရှိရာ စက်တင်ဘာ ၂ ရက်နေ့တွင် စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာ အထက် သို့ရောက်ရှိလာပြီး ၊မိုးကောင်းကျေးရွာအုပ်စု၊သဖန်းပင်ကျေးရွာအုပ်စု၊ တောင်ငူမြို့ ၁၉ ရပ်ကွက်၊ ကြက်လျှာစွန်း ရပ်ကွက်နှင့် ၁၈ ရပ်ကွက် ၊ မြင်းဖြူအင်းရပ်နှင့် မြို့ကြီးရပ်တို့တွင် မြစ်ရေများ ဆက်လက် ဝင်ရောက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ငူမြို့၏ လက်ရှိစစ်တောင်းမြစ်ရေမှာ လူနှင့်တိရိစ္ဆာန်များအတွက်စိုးရိမ်ရသော အခြေအနေ မရှိသေးပဲ ၆၃၅ စင်တီမီတာခန့်သို့ရောက်ရှိလာပါက ရေဘေးသင့်ပြည်သူများအား အကူအညီပေးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ထားကြောင်း၊ လတ်တလော ရာသီဥတုအ
ခြေအနေအရ တောင်ငူခရိုင်တွင်မိုးကောင်းစွာ ရွာသွန်းခြင်း မရှိသော်လည်း အောက်ပိုင်း မဒေါက်မြစ်တွင်စိုးရိမ်ရေအမှတ် ကျော်လွန်၍ ရေတောင့်နေခြင်း၊ ခရိုင်အတွင်းရှိဆည်များမှ လက်ခံနိုင်သည့် သတ်မှတ်ရေများထက်ပိုများနေခြင်း၊တောင်ပေါ်ဒေသများတွင်မိုးများနေခြင်းတို့ကြောင့် စစ်တောင်းမြစ်ရေမြင့်တက်လာခြင်းဖြစ်ကြောင်း၊ မြစ်ရေမြင့်တက်လာနေသောလည်း ရုတ်တရက် မြန်မြန်ဆန်ဆန် မြင့်တက်လာနိုင်ခြင်း မရှိနိုင်သလို၊ကျဆင်းခြင်းလည်းမရှိနိုင်ပဲ တအိအိဖြင့် စစ်တောင်းမြစ် ရေတက်၊ရေကျဖြစ်နိုင်မည့်အခြေအနေရှိကြောင်း တောင်ငူမြို့နယ် မိုးဇလဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။