ဟာဗေးဟာရီကိန်း အရှေ့ဘက်စွန်းသို့ ဦးတည်သွားစဉ် တက္ကဆက်တွင် သေဆုံးသူအရေအတွက် မြင့်တက်

သြဂုတ် ၃၀ ရက်က တက္ကဆက်ရှိ ဟူစတန်မြို့တွင် ရေလွှမ်းနေသည့် လမ်းတစ်လမ်းကို တွေ့ရစဉ် (Photo - AFP)

သမိုင်းဝင် ပြင်းထန်သော ဟာဗေးဟာရီကိန်းသည် အရှေ့ဘက်စွန်းအား ဦးတည်၍ ခြိမ်းခြောက်နေချိန်တွင် မုန်တိုင်းအရှိန်ကြောင့် ရေကြီးမှုများမှ ရေပြန်လည်ကျဆင်းနေချိန်၌ မုန်တိုင်းဒဏ်ခံခဲ့ရသော ဟူစတန်တွင် သြဂုတ် ၃၁ ရက်၌ နာလန်ထူရေးကို  တဖြည်းဖြည်း ပြန်လည်စတင်နေသည်။ အမေရိက၏ စတုတ္ထအကြီးဆုံးမြို့ဖြစ်သော ဟူစတန်မြို့တွင် နောက်ဆုံး၌ တိမ်များလွင့်စင် သွားပြီဖြစ်ပြီး ဟာဗေးက အရှေ့ဘက်သို့ ဦးတည်သွားခဲ့စဉ် တက္ကဆက်၏ ကျေးလက်ဒေသများတွင် မိုးများရွာသွန်းခဲ့သည်။

ပြီးခဲ့သော ၁၂ နှစ်ခန့်က ဝင်ရောက်ခဲ့သည့် ပြင်းထန်သော ကက်ထရီနာဟာရီကိန်းကို နာကျင်ဖွယ် အမှတ်ရစေသည့် ဟာဗေး၏ရန်မှ ကာကွယ်နိုင်ရန် လူဝီစီယားနားပြည်နယ်မှ တာဝန်ရှိသူများက အရေးပေါ် လုပ်ဆောင်ခဲ့ရပြီး နယူးအော်လင်းတွင်မူ မိုးအနည်းငယ်သာရွာခဲ့သဖြင့် သက်သာရာရခဲ့သည်။ ရေဘေးဒုက္ခသည်များအား တွေ့ဆုံရန်နှင့် ထိခိုက်ပျက်စီးမှုအား စစ်ဆေးရန်အတွက် ဒုတိယသမ္မတမိုက်ပင့်စ်က သြဂုတ် ၃၁ ရက်တွင် တက္ကဆက်သို့သွားရောက်ခဲ့ကြောင်း သိရသည်။

ဒေသအချို့တွင် နောက်ဆုံး၌ ကောင်းကင်ပြာကို အခိုက်အတန့် ကြုံခဲ့ရသော်လည်း အမေရိကန်ပင်လယ်ကွေ့ ကမ်းရိုးတန်းအ တွက် အန္တရာယ်မှာ ရှိနေဆဲဖြစ်ပြီး ဟူစတန်အနီး ဓာတုစက်ရုံတစ်ရုံတွင် ပေါက်ကွဲမှု အန္တရာယ်လည်းရှိနေသည်။ ဟူစတန်တွင် ပြီးခဲ့သောသီတင်းပတ်ကုန်က ရေစီးနှင့်မျောပါသွားခဲ့သည့် ဗင်ကားတစ်စီးမှ မိသားစုဝင် ခြောက်ဦး၏အလောင်းများကို ကယ်ဆယ်ရေးများက ပြန်လည်တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ဟာဗေးဟာရီကိန်း တိုက်ခတ်မှုအတွင်း သေဆုံးသူ ၃၃ ဦးထက်မနည်း ရှိပြီဟု တာဝန်ရှိသူများက ယုံကြည်နေသည်။ စာရင်းပျောက်နေသူအများအပြားသည် ဖုန်းဆက်သွယ်ရေး သို့မဟုတ် လျှပ်စစ်မီး ပြတ်တောက်မှု ကြုံနေရဖွယ်ရှိသော်လည်း သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်ခြေ နည်းပါးကြောင်း သိရသည်။

ဟူစတန်တွင် ရှာဖွေရေးလုပ်ဆောင်မှုများအား ကူညီရန်နှင့် အလားအလာရှိသော လုယက်မှုများမှ ဟန့်တားနိုင်ရန် ညအချိန်အပြင်မထွက်ရ အမိန့်ကို မြို့တော်ဝန်ဆီဗက် စတာတာနာက ထုတ်ပြန်ခဲ့သည်။ အဓိက လေဆိပ်နှစ်ခုကိုလည်း အကန့်အသတ်ဖြင့် ပြန်ဖွင့်ခဲ့ပြီး ပုံမှန်အခြေအနေသို့ တဖြည်း ဖြည်း ပြန်သွားနေသည့် လက္ခဏာဖြစ်သည်။ ရေကျသွားသော ဒေသအချို့တွင် သန့်ရှင်းရေးနှင့် မြေအောက်ရထားပြေးဆွဲမှုများကို ပြန်လည်စတင်မည်ဖြစ်ကြောင်း တာနာက ပြောကြားခဲ့သည်။

ဟာဗေးသည် သြဂုတ် ၃၀ ရက်ညတွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားပျော့သွားခဲ့ကြောင်း အမျိုးသား ဟာရီကိန်းစင်တာက ထုတ်ပြန်ခဲ့သော်လည်း တက္ကဆက် အရှေ့တောင်ပိုင်းနှင့် လူဝီစီယားနား အနောက်တောင်ပိုင်းတို့တွင် ရေလွှမ်းမိုးမှု အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း သတိပေးခဲ့သည်။

Ref း AFP