ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မဟာဗျူဟာ လမ်းမကြီးများအနက် တစ်ခုပါဝင်သည့် လပွတ္တာ-သင်္ကန်းကြီး-ပြင်စလူ ကားလမ်းရေတိုက်စား၍ ပြိုကျမှုကြောင့် အလျှင်အမြန် ပြင်ဆင်နေရ

ဧရာဝတီတိုင်းဒေသကြီးအတွင်း နာဂစ်မုန်တိုင်းအပြီးတွင် သဘာဝဘေးအန္တရယ်များ ကြုံတွေ့လာရပါက အလျှင်အမြန်ရှောင်တိမ်းနိုင်ရန် ဖောက်လုပ်ခဲ့သည့် မဟာဗျူဟာလမ်းမကြီး ၁၁ လမ်းအနက် တစ်ခုအပါအဝင်ဖြစ်သည့် လပွတ္တာ-သင်္ကန်းကြီး- ပြင်စလူ ကားလမ်း ရေတိုက်စား၍ ပြိုကျမှုကြောင့် အလျှင်အမြန်ပြင်ဆင်နေရပြီး ကားလမ်းပြိုကျနေသည့်အနီးတွင် ကုန်တင်ယာဉ်များကို ဖြတ်သန်းသွားလာခွင့် တားမြစ်ထားရကြောင်း သတင်းရရှိသည်။

လပွတ္တာ- သင်္ကန်းကြီး- ပြင်စလူ ကားလမ်းမှာ ရွေးမြစ်တလျှောက်တွင် ရေငံတားတာအဖြစ်ပါ တည်ရှိနေပြီး နှစ်စဉ် ရွေးမြစ်ရေတိုက်စားမှုကြောင့် ကားလမ်းတလျှောက် ကမ်းပြိုများ ဆက်တိုက်ဖြစ်ပွါးနေရကြောင်း၊ သြဂုတ်လ ၁၃ ရက်နေ့တွင် မိုင်တိုင်အမှတ် ၂၇ အနီး၌ ပေ ၁၅၀ ခန့်မှာ မြစ်တွင်းသို့ နိမ့်ဆင်းသွားခဲ့ရပြီး မြစ်ကမ်းနံဘေးသာမက ကားလမ်းမကြီးကိုပါ ထိခိုက်ခဲ့ရကြောင်း၊ ကားလမ်းမ တာကြီး ဆက်လက်မပြိုကျစေရေးနှင့် လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် လပွတ္တာခရိုင် လမ်းဦးစီးဌာနမှ ရေတိုက်စားမှုကြောင့် ပြိုကျနေသည့် ကားလမ်းတလျှောက်တွင် ယာယီကမ်းထိန်းလုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း ဆက်လက်ပြိုကျမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်နေရဆဲဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ လမ်းဆက်သွယ်မှု မပျက်တောက်ရေးအတွက် မြို့ပေါ်က လူမှုရေးအဖွဲ့တွေ အကူညီနဲ့ရော ဌာနနဲ့ရော ပူးပေါင်းပြီး ကမ်းထိန်းတာကို လုပ်နေပါတယ်၊ ဒါက ကျွန်တော်တို့ ကျွမ်းကျင်တဲ့ လုပ်ငန်းမဟုတ်တာကြောင့် မြစ်ချောင်းဖြိုးကနေ နည်းပညာအကူညီတောင်းခံပြီး ဝါးနက် အလုံး ၂၀၀၊ မျောတိုင် ၄၀တိုင်၊ သဲအိတ် ၂၅၀၀ကို အသုံးပြုပြီး ဆက်မပြိုစေဖို့ ထိန်းထားတယ်၊ စိတ်ချရတဲ့ အနေအထားတစ်ခုတော့ မဟုတ်သေးဘူး၊ ဒီတလျှောက်မှာ ခရီးသည်တင်ကားတွေကအစ ခရီးသည်တွေကို ဆင်းလျှောက်ခိုင်းပြီးမှ ဖြတ်သန်းခွင့်ပေးတယ် ကားကြီးတွေဆို ဖြတ်ခွင့်မပေးတော့ဘူး၊ ပြိုကျတဲ့ အစိတ်အပိုင်းက ပေ ၁၅၀ ကျော်လောက်ရှိတယ် မြစ်တွင်းကိုပါသွားတာက ၁၂ ပေ ၁၅ ပေလောက်ထိ ပါသွားပြီး ကားလမ်းကိုပါ ထိသွားတာ”ဟု လပွတ္တာမြို့နယ် လမ်းဦးစီးဌာနမှ ဦးသန်းဇော်ထွဋ်ကပြောသည်။

ယင်း လပွတ္တာ-သင်္ကန်းကြီး-ပြင်စလူ ကားလမ်းမှာ လမ်းပန်းဆက်သွယ်ရေးအတွက် အရေးကြီးသည်သာမက ရေငံတားတာအဖြစ်ပါ တာတွင်းလယ်ဧကပေါင်း တစ်သောင်းခန့်ကို ကာကွယ်ပေးထားသည့် တာဖြစ်ကြောင်း သိရသည်။

“ဒီကားလမ်းတာက ပျက်စီးလို့မဖြစ်ဘူး၊ ဒါ့ကြောင့်ဘဲ အခု ရေတိုက်စားလို့ ပြိုသွားတဲ့နားမှာတင်ပဲ ကွန်ကရိရေတားတမံတွေ လုပ်ဆောင်နေတာတွေရှိတယ် နိုင်ငံတော်သမ္မတ ရန်ပုံငွေနဲ့ လုပ်ဆောင်နေတာ၊ အခုနေရာက ထပ်ပြိုကျသွားတော့ အရေးပေါ်ဖြစ်သွားတာ၊ ဒီတာသာ ပျက်စီးရင် အထဲက ရွာတွေလည်း ရေလွှမ်းသွားမယ်၊ လယ်ဧက တစ်သောင်းကျော်လောက်လည်း ပင်လယ်ရေဝင်ပြီးတော့ ပျက်စီးသွားမယ်၊ အခုက ယာယီထိန်းသိမ်းထားလို့ ရသေးတာပဲရှိတာ၊ အသေအချာ ပြန်လည်ပြင်ဆင်ဖို့လိုတယ်”ဟု လပွတ္တာခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးစိန်သန်းကပြောသည်။