မောင်တောမြို့နယ် ခမောင်းဆိပ်မြို့ ၊ တောင်ပြိုလက်ဝဲမြို့နှင့် မြင်းလွတ်မြို့များရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ရွာသူ၊ရွာသားများအား လုံခြုံရေးရှိသည့် နေရာများသို့ ပြောင်းရွှေ့ကယ်ထုတ်

မောင်တောမြို့နယ် ခမောင်းဆိပ်မြို့ ၊ တောင်ပြိုလက်ဝဲမြို့နှင့် မြင်းလွတ်မြို့များရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကျေးရွာသူ ကျေးရွာသားများအား လုံခြုံရေးရှိသည့် နေရာများသို့ ပြောင်းရွှေ့ကယ်ထုတ်ခဲ့ကြောင်း ယနေ့ (သြဂုတ်လ ၂၅ ရက်) ညပိုင်းက နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။

မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ ထွေအုပ်ဝန်ထမ်း ၁၁ ဦးနှင့် မိသားစုဝင် ငါးဦး ၊ နလတ ဝန်ထမ်း တစ်ဦး နှင့် မိသားစုဝင် ခုနစ်ဦး၊ လမ်းဦးစီး ဝန်ထမ်း နှစ်ဦးတို့အား နယ်ခြားစောင့်ရဲတပ်ရင်း နယ်မြေ ၁ ရဲစခန်းသို့ လည်းကောင်း ၊ မြင်းလွတ်မြို့ရှိ ထွေအုပ်ဝန်ထမ်း ၁၇ ဦးသည် မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးသို့ လည်းကောင်း ၊ ပညာရေးဝန်ထမ်း ၁၂ ဦးသည် နယ်ခြားစောင့်ရဲ မောရဝတီစခန်းသို့ လည်းကောင်း ခေတ္တပြောင်းရွှေ့ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် မောင်တောမြို့နယ်၊ ခမောင်းဆိပ်မြို့ရှိ ထွေအုပ်ဝန်ထမ်း ခြောက်ဦး၊ ပညာရေးဝန်ထမ်း ၁၀ ဦးတို့သည် မင်းခမောင်း တိုင်းရင်းသားကျေးရွာသို့ သွားရောက်ပူးပေါင်း နေထိုင်လျက်ရှိရာ အဆိုပါဝန်ထမ်း ၁၆ ဦး အား လုံခြုံရေးရှိသည့် နေရာသို့ ပြောင်းရွှေ့ကယ်ထုတ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ မောင်တောမြို့နယ်အတွင်းရှိ နံ့သာတောင် ပရဟိတကျောင်းမှ ကလေးများ၊ အမျိုးသမီးများ၊ ရွာသားများ စုစုပေါင်း ၄၀၀ ကျော်တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးကင်းလုံခြုံသည့် တောင်ပြို အထက်တန်းကျောင်းသို့ ပြောင်းရွှေ့နေရာချထားကြောင်း၊ ဘူးသီးတောင်မြို့ရှိ သာသနာ့ဗိမာန်ကြီးသို့ အောင်ဗလကျေးရွာမှ ရွာသူရွာသား ၁၅၀ ဦး ခေတ္တရောက်ရှိ နေထိုင်လျက်ရှိကြောင်း၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ တောင်ဘဇာကျေးရွာ နှင့် ပီရွက်ကျေးရွာမှ ရွာသူ/သားများ၊ ဌာနဆိုင်ရာများအား ၅၅၂ တပ်ရင်းသို့ ပြောင်းရွှေ့ထားရှိပြီး အန္တရာယ်ကင်းစွာ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့သည် မောင်တောဒေသအတွင်းရှိ ကျေးရွာများမှ အပြစ်မဲ့ပြည်သူများအား ဘေးကင်းလုံခြုံသည့် နေရာများသို့ ဆက်လက် ပြောင်းရွှေ့ပေးလျက်ရှိကြောင်းနှင့် နယ်မြေစိုးမိုးနိုင်ရေး ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။