မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ၂၂ ဘီး ကုန်တင်တွဲယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဉ်နောက်လိုက်သေဆုံး

တိမ်းမှောက်ခဲ့သည့် ၂၂ ဘီးကုန်တင်တွဲယာဉ်အား သြဂုတ် ၂၄ ရက်က တွေ့ရစဉ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး- လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျောက်မဲမြို့နှင့် နောင်ပိန်ကျေးရွာကြား နားအိုက်ခန့် ကျေးရွာအနီးရှိ မီးရထားလမ်းပေါ်တွင် သြဂုတ် ၂၄ ရက် နံနက် ၄ နာရီဝန်းကျင်ခန့်က ၂၂ ဘီး ကုန်တင်တွဲယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၂ ဘီး ကုန်တင်တွဲကား တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးအနက် ယာဉ်နောက်လိုက်မှာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

“တိမ်းမှောက်တဲ့ကားက မူဆယ်ဘက်ကနေလာတဲ့အဆင်းကားပါ။ မြေဆီအိတ်တွေ သယ်ဆောင်လာတာပါ။ ဒီကားက ဇီးပင်စခန်းနားက မိုးမြင့်သာစားသောက်ဆိုင်မှာ မနက်စာစားနေရင်း သူ့ရဲ့သူငယ်ချင်းကားတွေ့လို့ လားရှိုးဘက်ကို ပြန်ကွေ့ပြီးလိုက်တဲ့အချိန် နားအိုက်ခန့်ရွာနားရောက်တော့ ကားတစ်စီးကိုကျော်တက်တဲ့အချိန်မှာ အရှိန်မထိန်းနိုင်ဘဲ မီးရထားသံလမ်းပေါ်ကို တိမ်းမှောက်တာပါ။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နောက်လိုက်က မှောက်တဲ့နေရာမှာပဲ သေဆုံးသွားပါတယ်။ ယာဉ်မောင်းကတော့ ဘာမှမဖြစ်ပါဘူး” ဟု အမှတ်(၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျောက်မဲ)မှ ဒုရဲမှူးချစ်စိန်က ပြောကြားသည်။

အဆိုပါ ၂၂ ဘီး ကုန်တင်တွဲကားယာဉ်သည် လားရှိုး-မန္တလေး မီးရထားလမ်းပေါ် တိမ်းမှောက်ခဲ့ခြင်းဖြစ်သောကြောင့် သက်ဆိုင်ရာ ကျောက်မဲမြို့မှ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ယာဉ်ပေါ်ပါ ကုန်ပစ္စည်းများအား ဘေးလွှတ်ရာသို့ သယ်ပို့ပြီး တိမ်းမှောက်ယာဉ်အား ကရိန်းယာဉ်ဖြင့် ရွှေ့ပြောင်းခဲ့ရာ နံနက် ၁၀ နာရီခွဲခန့်တွင် ရွှေ့ပြောင်းပြီးစီးခဲ့ကြောင်း သိရသည်။

“မီးရထားက ၁၁ နာရီခွဲလောက်မှ စဖြတ်တာဆိုတော့ မီးရထားလမ်းကတော့ မပိတ်တော့ဘူးပေါ့။ မီးရထားလမ်းနေရာက ကားလမ်းအကွေ့ရှိတဲ့နေရာဆိုတော့ အရှိန်မထိန်းနိုင်ဘဲ မှောက်တာပါ။ ယာဉ်မောင်းရဲ့ ပြောဆိုချက်အရ ယာဉ်ငယ်တစ်စီးကို ကျော်တက်ရင်း အရှိန်မထိန်းနိုင်ဘဲ မှောက်တာလို့ သိရပါတယ်” ဟု မူဆယ်-မန္တလေး ကုန်တင်ယာဉ်မောင်းကိုနေက ပြောကြားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မူဆယ်-လားရှိုး-မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်အများအပြား နေ့စဉ်ဖြတ်သန်းသွားလာလျက်ရှိပြီး မိုးရွာသွန်းသောရက်များတွင် ယာဉ်တိမ်းမှောက်မှု၊ လမ်းချော်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။