စက်သုံးဆီစျေးနှုန်းမြင့်တက်မှုကြောင့် ပြည်မြို့နယ်ရှိ အဝေးပြေးယာဉ်လိုင်းများနှင့် မြို့တွင်းပြေးဆွဲသည့်ယာဉ်လိုင်းများ ကားခစျေးနှုန်းများ တိုးမြှင့်

စက်သုံးဆီစျေးနှုန်း မြင့်တက်မှုကြောင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့နယ်ရှိ အဝေးပြေးယာဉ်လိုင်းများနှင့် မြို့တွင်းပြေးဆွဲသည့် ယာဉ်လိုင်းများ၏ ကားခ စျေးနှုန်းများ တိုးမြှင့်ကောက်ခံနေကြောင်း  ပြည်-ရန်ကုန် အဝေးပြေးယာဉ်လိုင်းများက အောက်တိုဘာ ၁ ရက်က စတင်ခဲ့ခြင်း ဖြစ်ပြီး အခြား မြန်အောင်၊ ဟင်္သာတ၊ မင်းလှနှင့် မန္တလေး ယာဉ်လိုင်းများလည်း တိုးမြှင့်ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆီစျေးက တစ်နေ့တစ်နေ့ တက်လာတယ်။ ဒေါ်လာစျေး၊ ရွှေစျေးတွေ ကျလာတယ်။ ဆီစျေးကမကျဘူး။ တက်နေတယ်။ ဒီလိုမှ စျေးနှုန်းတိုးမြှင့် မပြေးဆွဲဘူးဆိုရင်  ကျွန်တော်တို့ ယာဉ်လိုင်းတွေ ရပ်သွားမယ်။ ရပ်သွားရင် ခရီးသွားတွေ သွားလာမှုတွေကြန့် ကြာသွားမယ်။ အခြားလိုင်းတွေဆိုရင် တစ်လလောက်ကတည်းက တက်နေတာ။ ကျွန်တော်တို့ ရန်ကုန်-ပြည်လိုင်းတွေက ကြ့ံကြံ့ခံကြည့်တယ်။ မရမှပဲ တက်ရတာပါ အာရှကားဂိတ် (ပြည်) ဂိတ်မှူးဦးမိုးကြီးက ပြောကြားသည်။

အဆိုပါ ပြည်မြို့တွင်း ပြေးဆွဲနေသည့် မြို့တွင်း ကားလေးယာဉ်လိုင်းငါးလိုင်းမှာလည်း စက်တင်ဘာ ၁၄ ရက်က အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့ပြီး ဆီစျေးနှုန်းကြီးမြင့်ခြင်း၊ ခရီးသည် နည်းပါးလာခြင်းနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ စားဝတ်နေရေး ကျပ်တည်းမှုကို ဖြေရှင်းပေးရန်အတွက် ယာဉ်စီးခနှုန်းထားများကို တိုးမြှင့်ကောက်ခံမည့်အကြောင်း သက်ဆိုင်ရာသို့တင်ပြခဲ့ကာ အောက်တိုဘာ ၅ ရက်ကစတင်၍ တိုးမြှင့် ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း ယာဉ်လိုင်းများထံမှ သိရသည်။

ကျွန်တော်တို့ဆီကို တိုက်ရိုက်အကြောင်းကြားတာတော့ မဟုတ်ဘူး။ ကျွန်တော်လည်း ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်တဲ့အတွက် သိပါတယ်။ အရင်ကားလိုင်းတွေမှာ ဓာတ်ဆီစျေးက ကျပ် ၅၅၀ တုန်းက တစ်ယောက်ကို ကျပ်၂၀၀၊ ပြဿနာ မပေါ်ပေါက်ခဲ့ဘူး။ အခုက ဆီစျေးက တစ်လီတာ ကျပ် ၁၁၀၀ ဖြစ်လာတော့ ကားခ တိုးမြှင့်ကောက်ခံတယ်လို့ သိရပါတယ်။ နောက် မြို့နဲ့အလှမ်းမဝေးတဲ့ ကျေးရွာ နယ်ဘက်တွေက ကားတွေများလာတဲ့အတွက် ခရီးသည် ပါးရှားလာတယ်။ စက်ပစ္စည်းတွေက တန်ဖိုးမြှင့် ဝယ်ယူနေရပါတယ် ဟု ပြည် ခရိုင်ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီမှ ဦးသက်ဦးက ပြောကြားသည်။

အဝေးပြေးကားခများအား ယခင်စျေး နှုန်းထက် ကျပ်၁၀၀၀ တိုးမြှင့်ကောက်ခံခြင်း၊ မြို့တွင်းပြေးဆွဲယာဉ်လိုင်းများတွင် ယခင် ကျပ်၂၀၀ မှ ၃၀၀ သို့ တိုးမြှင့်ကောက်ခံနေရကြောင်း သိရသည်။