ဆီဘောက်ဆာယာဉ်နှင့် ကွန်တိန်နာယာဉ် တိုက်မိပြီး မီးလောင်မှုတွင် အိမ်ခြောက်လုံးနှင့် ယာဉ်ခုနစ်စီး ဆုံးရှုံးကာ ယာဉ်မောင်းနှစ်ဦးအား ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဆီဘောက်ဆာယာဉ်နှင့် နေအိမ်များကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

သြဂုတ် ၂၂ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် ဆီဘောက်ဆာယာဉ်နှင့် ကွန်တိန်နာယာဉ် တိုက်မိသည့် ဖြစ်စဉ်တွင် နေအိမ်ခြောက်လုံးနှင့် ယာဉ်ခုနစ်စီး ပျက်စီးဆုံးရှုံးခဲ့ပြီး ကွန်တိန်နာယာဉ်မောင်းနှင့် ဆီဘောက်ဆာယာဉ်မောင်း နှစ်ဦးအား ပုဒ်မနှစ်ခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဒဂုံမြို့သစ်တောင်ပိုင်း မြို့မရဲစခန်းမှ သိရသည်။

“ယာဉ်မောင်းနှစ်ဦးကို ယာဉ်မဆင်မခြင် မောင်းတာနဲ့ မီးလောင်တဲ့ အမှုအတွက် အမှုဖွင့် အရေးယူထားပါတယ်။ လောလောဆယ်တော့ ဆီဘောက်ဆာယာဉ်မောင်းက စခန်းကို လာနေပြီ။ ကွန်တိန်နာ ယာဉ်မောင်းကလည်း မီးလောင်တဲ့ ၂၆ ရပ်ကွက်ထဲမှာပဲ နေတာပါ။ နေရပ်လိပ်စာတွေ အကုန်သိထားပြီးပါပြီ” ဟု ဒဂုံတောင်ပိုင်း မြို့မရဲစခန်းစခန်းမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

အဆိုပါ ဆီဘောက်ဆာယာဉ်မောင်းနှင့် ကွန်တိန်နာယာဉ်မောင်းအား ဒဂုံမြို့သစ်တောင်ပိုင်း မြို့မရဲစခန်းက (ပ)၁၅၉၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၈၅ ဖြင့် အရေးယူထားကြောင်း သိရသည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၂၆)  ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးအတိုင်း စက်မှုဇုန်မှ တောင်မြောက် လမ်းဆုံသို့ မောင်းနှင်လာသော ဆီဘောက်ဆာယာဉ်အား လားရာတူမောင်းနှင်လာသော ကွန်တိန်နာယာဉ် တွဲကားမှ နောက်မှဝင်တိုက်မိရာ ဆီဘောက်ဆာယာဉ်မှ ဆီများယိုစိမ့်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်ရာ ပတ်ဝန်းကျင်ရှိ နေအိမ်ခြောက်လုံး၊ ဆိုင်ခန်းလေးခန်း၊ ဆီဘောက်ဆာယာဉ် အပါအဝင် ယာဉ်ခုနစ်စီးအား မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရပြီး အဆိုပါ အိမ်များရှိ လူဦးရေ ၄၆ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ရကြောင်း ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“လူကယ်ပြန်က အခုလေးတင်ပဲ လာထောက်ပံ့သွားတယ်။ ခြင်ထောင်ပါမယ်၊ ဆေးပုံးတွေပါမယ်။ ငွေသားက အိမ်ထောင်စု ခြောက်စုမှာ တစ်စုကို ငွေသားနှစ်သိန်းဆီ၊ ဆန်ဖိုးက တစ်ယောက် ကျပ် ၂၀၀၀၊ အဝတ်အစားက နှစ်ထုပ်၊ ဆီက ၁၂ ဘူး။ တစ်အိမ်ထောင်စီကို။ ပြီးတော့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ဆိုင်ခန်း လေးခန်းကို တစ်ခန်းအား ကျပ် ၁၂၅၀၀၀ စီ လှူသွားတယ်” ဟု ၂၆ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုအား မီးသတ်ကား ထွက်ခွာငြှိမ်းသတ်သည့်အဆင့် (၄) အဖြစ် သတ်မှတ်ထားပြီး အုပ်ချုပ်မှုယာဉ် ခုနစ်စီး၊ မိတ်ဖက်ယာဉ်ငါးစီး၊ အထောက်အကူပြုယာဉ် ၁၁ စီး၊ ရေသယ်ယာဉ်တစ်စီး၊ မီးသတ်ကားအစီး ၆၀ နှင့် မီးသတ်သမား ၆၀၀ နီးပါး လာရောက် ငြှိမ်းသတ်ခဲ့ကြောင်း သိရပြီး အရပ်ဘက် အဖွဲ့အစည်းများပါ လာရောက်ကူညီ ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဆီဘောက်ဆာယာဉ်ကို သြဂုတ် ၂၃ ရက် နံနက်အထိ နေရာရွှေ့ပြောင်းခြင်း မပြုဘဲ အအေးဓာတ် ရရှိရန်အတွက် ရေဖျန်းခြင်းများကို လမ်းကြောပိတ်ဆို့ထားကာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။